Monday, December 8, 2014

၅၉(စ)ပုံတူ၊ ၀န်ကြီးချုပ်သစ်နှင့် အုပ်ချုပ်ရေးပြင်ချက်များ (ဆောင်းပါး)

Written by: ဒေါက်တာရန်မျိုးသိမ်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ခြေလှမ်းစိပ်စိပ်၊ ပိတ်စိမ်းပါးနှင့် တိုက်ချနိုင်မှသာ တော်ကာကျမည်ဖြစ်သည်။ ပြင်ဆင်ရမည့် အဓိကပုဒ်မများကို စောစောပြင်နိုင်လေ၊ တိုင်းပြည်နှင့်ပြည်သူလူထုကို စောစောအကျိုးပြုလေဖြစ်သည်။ မပြောမပြီးသည့်နည်းတူ မပြင်မဖြစ်ကိန်းဆိုက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း ဖြေလျှော့ရေးသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ နှစ်ဆန်းပိုင်း ပြန်လည်စတင်မည့် (၁၂) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၄ တို့နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို တင်သွင်းပြီး၊ ပုဒ်မ ၄၃၅ နှင့်အညီ လက်ခံဆွေးနွေးမည်ဖြစ်သည်။ အဆိုပါ ဥပဒေမူကြမ်းတွင် ပါဝင်လာနိုင်ဖွယ်ရှိပြီး ပြင်ဆင်နိုင်ခြေမြင့်မားသော ပုဒ်မများအနက် အခန်း (၅)၊ အုပ်ချုပ်ရေးအခန်းပါ ပုဒ်မများသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း(၅)၊ အုပ်ချုပ်ရေးအခန်းတွင် ပုဒ်မ ၁၉၉ မှ ပုဒ်မ ၂၉၂ အထိ၊ ပုဒ်မ ၉၄ ခု ပါဝင်သည်။ ပုဒ်မ ၉၄ ခုအနက်၊ ပုဒ်မလေးခုဖြစ်သော ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈ နှင့် ၂၇၆ တို့ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု လည်းကောင်း၊ ကျန်ပုဒ်မ ၉၀ ကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၄၃၆(က)တွင် ပြဋ္ဌာန်းထားသည်။ အခန်း(၅)ပါ ပုဒ်မ ၉၀ အနက် ပြင်ဆင်လိုသည့်ပုဒ်မများကို လာမည့်ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ရယူ ပြင်ဆင်နိုင်ဖွယ်ရှိနေသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်ခွင့်နှင့်ဆိုင်သော ပုဒ်မ ၂၀၄ (ခ)ပါ ပြဋ္ဌာန်းချက်ကို နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့မဟုတ် ပြည်ထောင်စုလွှတ်တော်၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်ခွင့်ရှိသည်ဟု ပြင်ဆင်နိုင်မည်ဆိုလျှင် ပိုမိုလျော်ကန် သင့်မြတ်မည်ဖြစ်သည်။ ကာလုံနည်းတူ ပြည်ထောင်စုလွှတ်တော်သည်လည်း လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ရေး ထောက်ခံပေးလာနိုင်မည်ဆိုလျှင် ပြည်သူလူထု၏ အခန်းကဏ္ဍသည် ပိုမိုထိရောက် အရေးပါလာနိုင်ဖွယ်ရှိသည်။

    ပြည်ထောင်စုလွှတ်တော်နှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားလူမျိုးစုများနှင့်ဆိုင်သော အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များကို မဖြစ်မနေဖော်ဆောင်နိုင်ရေး အလေးပေးဆောင်ရွက်သင့် . . . . .

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ ၂၃၂(က)တွင် ပုဒ်မခွဲ(၅)အဖြစ် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ထပ်မံဖြည့်စွက်ရန် ပြည်ထောင်စုလွှတ်တော်၌ အကြံပြုဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများနှင့်စပ်လျဉ်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ပါ ပြဋ္ဌာန်းချက်အား ပုဒ်မ ၂၃၂(က) တွင် ပုဒ်မခွဲ(၅)အဖြစ် ထပ်မံဖြည့်စွက်ရန် တပ်မတော်သားများ၏ အကြံပြုချက်ကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုနိုင်ခဲ့မည်ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတနှင့် ဒုတိယသမ္မတသာမက ပြည်ထောင်စုဝန်ကြီးဖြစ်ရန် အရည်အချင်းနှင့် မပြည့်စုံသူအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ ၅၉(စ)ကိုပြင်ဆင်ရန် တောင်းဆိုအကြံပြုချက်များကို ၂၃၂(က) ပုဒ်မခွဲ(၅)ဖြင့် စီးချင်းထိုးစေလျက် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုဝန်ကြီးအဖြစ်ပင် နေရာမပေးလိုသည့် အားပြိုင်မှုသဘောမှာ ထင်ရှားနေသည်။ အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပုဒ်မ ၂၃၂(က)၌ ပုဒ်မခွဲ(၅) ထည့်သွင်းခြင်းကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များအနေဖြင့် ထောက်ခံခဲ့မည်ဆိုလျှင် ၂၀၁၆ ခုနှစ် ဖွဲ့စည်းမည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ၊ ဒုတိယသမ္မတသာမက ပြည်ထောင်စုဝန်ကြီးပါ မဖြစ်နိုင်သည့်ကိန်း ဆိုက်လာနိုင်ဖွယ်ရှိသည်။

ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် အကြံပြုခဲ့ပြီး၊ ပြည်ခိုင်ဖြိုးပါတီက ပုဒ်မ ၂၄၈(ခ)တွင် တိုင်းရင်းသားရေးရာ ၀န်ကြီးများကို ထည့်သွင်းရန် အကြံပြုခဲ့သည်။ တိုင်းရင်းသားပါတီများ အပါအ၀င် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတို့အနေဖြင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်ကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်ဟု ပြင်ဆင်ရန် တညီတညွတ်တည်း အကြံပြုခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပုဒ်မ ၂၆၁ (ခ)ကို နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်အစား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ် တာဝန်ပေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ပြီး ၎င်း၏အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဟု လည်းကောင်း၊ ပုဒ်မခွဲငယ်(၁)တွင် ပါရှိသည့် ရွေးချယ်ရမည့် စကားရပ်အစား ဆန္ဒမဲဖြင့်ရွေးချယ်ပြီး၊ ၎င်း၏အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဟု လည်းကောင်း၊ ပုဒ်မခွဲငယ် (၂)ကို နိုင်ငံတော်သမ္မတသည် ပေးပို့သည့်အမည်စာရင်းပါ ပုဂ္ဂိုလ်အား သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်ဟု လည်းကောင်း ပြင်ဆင်နိုင်ရေး အကြံပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ၀န်ကြီးချုပ်ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်သင့်ကြောင်း ထပ်မံအကြံပြုခဲ့သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ၀န်ကြီးများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရန် ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ၊ အင်န်ဒီအက်ဖ်နှင့် တိုင်းရင်းသားပါတီများက အကြံပြုခဲ့သည်။ အဆိုပါပြင်ဆင်ချက်များကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့မည်ဆိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် အများစုအနိုင်ရရှိသော ပါတီသည် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများကို ရွေးချယ်တာဝန်ပေးနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် အုပ်ချုပ်ရေးအခန်းပါပုဒ်မများ ပြင်ဆင်မှုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို လွှမ်းခြုံလျက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်နိုင်ခဲ့မည်ဆိုလျှင်၊ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် လမ်းကြောင်းမှန်ပေါ်သို့ ခြေစချပြီဟု သုံးသပ်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်နှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားလူမျိုးစုများနှင့်ဆိုင်သော အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များကို မဖြစ်မနေဖော်ဆောင်နိုင်ရေး အလေးပေးဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

Credit - Eleven Media Group


No comments:

Post a Comment