Monday, December 8, 2014

တမူးနှင့် ကလေးတွင် လက်နက်မှောင်ခိုဂိုဏ်း ဖမ်းမိ

 ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် လွန်ခဲ့သော သုံးရက်က လက်နက်မှောင်ခိုဂိုဏ်း တစ်ခုမှ လက်နက်ခဲယမ်းများ စုဆောင်းထားသူ ခုနစ်ဦးနှင့်အတူ ပြောင်းရှည်သေနတ် ၂၁ လက် လောင်ချာတစ်လက်နှင့် ကျည်ဆန်ကျည်ကတ်များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ စုံစမ်းသိရှိရသည်။

တမူးမြို့နယ်၊ ဈေးတန်းရပ်ကွက်နှင့် နန်းဖာလုံ ရပ်ကွက်တို့တွင် ဒီဇင်ဘာလ ၃ ရက်နေ့က လက်နက်ခဲယမ်းများ စုဆောင်းထားသည့်ဟု သတင်းရရှိသူများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ရာမှ
ကျည်အားပြင်းသော ပြောင်းရှည်အမျိုးအစား သေနတ် ၁၇ လက်၊ လောင်ချာ တစ်လက်နှင့်အတူ ကျည်ဆန် ကျည်ကတ်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုမှ အမျိုးသမီးလေးဦး အပါအဝင် ငါးဦးကို ဖမ်းဆီး စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့က ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင် နေထိုင်သော အသက် ၄၅ နှစ် အရွယ်ရှိ ဒေါ်ဇာသင်သဲ၏ နေအိမ်မှ ပြောင်းရှည်သေနတ် လေးလက်၊ ကျည်ကတ်များနှင့်အတူ နှစ်ဦးကို ထပ်မံဖမ်းမိခဲ့ကြောင်း ကလေးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ခုမိတဲ့ လက်နက်တွေက တရုတ်နိုင်ငံထုတ်တွေ များတယ်။ သူတို့အဖွဲ့ထဲက နောက်ဆက်တွဲ ကွင်းဆက်တွေကို ဖော်ထုတ်နိုင်ဖို့ အခုမိထားတဲ့ လူတွေကို စစ်ဆေးနေတယ်” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါ လက်နက်မှောင်ခိုဂိုဏ်းမှ ဖမ်းမိခဲ့သော လက်နက်များမှာ AK-47 အမျိုးအစား သေနတ် ၁၄ လက်၊ M-16 အမျိုးအစား သေနတ်ငါးလက်၊ HK-33 အမျိုးအစား သေနတ်တစ်လက်၊ Made in USA တံဆိပ်ပါ ဗုံးပစ်လောင်ချာ တစ်လက်၊ တူမီးသေနတ်တစ်လက်၊ ကျည်ဆံကျည်ကတ်များ ဖြစ်ပြီး ဖမ်းမိထားသူ ခုနစ်ဦးကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် လက်နက်ဥပဒေများဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

Credit - The Voice Weekly

No comments:

Post a Comment