Sunday, December 7, 2014

ကိုလှမျိုးနောင် (သို့မဟုတ်) ဝေဒနာများဖြင့် … ခွပ်ဒေါင်း – စာဆက်

 ဖုန်းဆက်ပြီး နောက်တစ်နေ့ သူထောင်ကလွတ်စတွင် နေထိုင်သော ရန်ကုန်မြို့လယ် လမ်းတစ်လမ်းရှိ တိုက်ခန်းသို့ ကျွန်တော် ရောက်သည့်အခါ မှန်များဖြင့် ရုံးခန်းပုံစံ ဖွဲ့ထားသော အခန်းတွင်း စားပွဲတစ်လုံးနှင့် တစ်ဖက်တစ်ချက် ကုလားထိုင်နှစ်လုံး ချထားပြီး စားပွဲနောက်တွင်ထိုင်ကာ စားပွဲပေါ်ရှိ ကွန်ပျူတာကို ကြည့်နေသော သူ့ကို အဆင့်သင့်တွေ့သည်။ ထိုတိုက်ခန်းတွင် သူနှင့်အတူ လူငယ် ၂ ဦး၊ ၃ ဦးခန့်လည်း ရှိသည်။ ကျွန်တော်ရောက်တော့ ထိုင်နေရာမှထကာ ““ခဏနေဦး””ပြောပြီး တိုက်နောက်ဖေး မီးဖိုဆောင်ဘက် ၀င်သွားသည်။ ၃ မိနစ်ခန့်ကြာမှ ပြန်ထွက်လာပြီး ““ဘာတွေမေးမလဲ””ဟု ဆို၏။ ကြိုတင်စီစဉ်လာသော မေးခွန်း အကြမ်းဖျင်းကို ကျွန်တော်ရှင်းပြတော့ ““မေးခွန်းတွေ စာရွက်နဲ့ ချရေးလိုက်ပါလား၊ မေးခွန်းတွေကို အရင်ကြည့်ပြီးမှ ပြော
ရအောင်””ဟု တောင်းဆိုပြီး နောက်ဖေးဆောင်ဘက် တစ်ခါပြန်ဝင်သွားပြန်သည်။ ကျွန်တော်လည်း လွယ်အိတ်ထဲမှ မှတ်စုစာအုပ်ထုတ်ကာ အင်တာဗျူးရန် မေးခွန်းအကြမ်း ရေးထားနှင့် ပြီးသည်များကို အသင့်ပြင် ထားလိုက်၏။ ငါးမိနစ် ကျော်ကျော်မျှကြာမှ သူထွက်လာကာ ကျွန်တော်ပြသော မှတ်စုစာအုပ်ထဲမှ မေးခွန်းများကို စားပွဲပေါ်ရှိ စာရွက်တစ်ရွက်တွင် သူကိုယ်တိုင် ပြန်ကူးရေး သည်။ ရေးပြီးတော့ မေးခွန်းအချို့ဘေးတွင် ခရေပွင့် အမှတ်အသားပြခြင်း ကို တွေ့ရသည်။ မေးခွန်းများကို ကူးရေးရင်း တစ်ချက် တစ်ချက်တွင် စာရေးနေ သည့်လက်ဖြင့်ပင် သူ့နှာခေါင်းထိပ်ကို သူပွတ်လိုက်။ မျက်မှန်ကို ပင့်တင်လိုက် မကြာခဏ လုပ်သည်။ ထိုအပြုအမူ ထက် ပို၍သတိထားမိသည်က သူ့ဆီမှအနံ့၊ ပြီးတော့ နီမြန်းလာသော သူ့မျက်နှာပြင်ဖြစ် သည်။ သေချာ သည်၊ နောက်ဖေးဘက်သို့ ၀င်ဝင်သွားသည်မှာ သူ ယမကာ သွားမော့ ခြင်းသာ ဖြစ်ရမည်။ အချိန်က နေ့လယ် ၁ နာရီ ၀န်းကျင်သာ ရှိသေးသည်။ သူ့ပုံစံမှာ အရက်မူးဟန်မပေါ်၊ သို့သော် သူအရက် သောက်ထားခြင်းကို ကျွန်တော် ကြိမ်းသေတွေးမိ၏။

သူမေးခွန်းများ ရေးပြီးတော့ မျက်မှန်ကို လက်တစ်ဖက်ဖြင့် နဖူးပေါ်ပင့်ထားကာ ရေးထားသော စာရွက်အား သူ့ညာဘက် မျက်လုံးနားသို့ ကိုင်လျက် မျက်နှာနှင့် အတော်နီးနီးထားပြီး ကြည့်ပြန်သည်။ သူ စာရွက်နှင့် မျက်နှာခွာတော့ ““အင်တာဗျူးစလို့ရပြီလား အစ်ကို””ဟု ကျွန်တော်မေးသည်။ သူက ကုလားထိုင် တွင် နေရာပြင်ထိုင်ပြီး ““နေပါအုံးကွာ။ အေးအေးဆေးဆေးပေါ့။ အချိန်ရတယ် မဟုတ်လား”” ဆို၍ ရစ်ကော်ဒါကို ဖွင့်ရန် ပြင်နေရာမှ စားပွဲပေါ် ပြန်ချထားလိုက်၏။

သူက တစ်ဆက်တည်းဆိုသည်။ ““မင်းက အံ့ခေါင်မင်းလို့ ပြောလို့ တွေ့ဖို့ သဘောတူလိုက်တာ။ ငါက အင်တာဗျူးတာတွေ၊ ဖြေတာတွေ သိပ်မလုပ်ချင်ဘူး။ ငါက အဲဒါတွေ စိတ်ဝင်စားတာ မဟုတ်ဘူး”” ဟု ပြောသည်။ တစ်ဆက်တည်းပင် ““ထောင်ထဲမှာ ဦးဝင်းတင်နဲ့ အင်တာဗျူးကို ဖတ်ရတယ်။ မင်းမေးထားတာ တွေလေ။ ဦးဝင်းတင်ပြောတဲ့အတိုင်း အတိအကျပဲလား။ အဲဒီအင်တာဗျူး ဖတ်ပြီးတော့ မင်းနဲ့တွေ့ချင်တာ။ အဲဒီ အင်တာဗျူးပါတဲ့ ဂျာနယ်ကို ထောင်ထဲမှာဖတ်ပြီး သိမ်းထားတာ အခု ပြန်လွတ်လာတော့ ငါတို့သေသေချာချာ ပါအောင်ယူခဲ့တာ”” ဆိုသော ကျွန်တော် စဉ်းစားမရသော အဖြေကို ပြောလေသည်။

ကျွန်တော်ပို အံ့သြသွားသည်။ ဘဘဦးဝင်းတင်နှင့် ကျွန်တော်တို့ NLD ကြားဖြတ် ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်ချက် မချခင် ရက်ပိုင်းအလိုက ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းကို ညွှန်းခြင်းဖြစ်မည်။ ထိုအင်တာဗျူး ကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ(၁၁)ရက်နေ့ထုတ် Hot News ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ““ဘာဖြစ်လို့လဲ အစ်ကို။ ဟံသာဝတီ ဦးဝင်းတင်ကို အမေး၊ အဖြေ လုပ်ထားတဲ့ ရွေးကောက်ပွဲကိစ္စတို့၊ ဦးအောင်ရွှေ ကိစ္စတို့ပါတဲ့ အင်တာဗျူးကို ပြောတာလား”” ဟု စကားထောက်လိုက်၏။ သည်တွင် သူ့ဆီမှ မြန်မာ့နိုင်ငံရေးအတွင်း အဖြစ်အပျက်အချို့ကို ကြားလိုက်ရသည်။

““ မင်း အင်တာဗျူးကို ဖတ်ပြီး ငါတို့ အထဲမှာ ဆွေးနွေးကြတယ်ကွ။ ငါတို့ မကြာခင်ပြန်လွတ်တော့မယ် ဆိုတာလည်း တို့က တွက်ပြီးသား။ ဒီတော့ အပြင်ရောက်ရင် လုပ်ရမှာတွေကိုလည်း စဉ်းစားနေကြပြီ။ အဲဒီ အချိန်မှာ မင်းအင်တာဗျူးကို ဖတ်ပြီး ငါတို့ထဲမှာ အတော်ဂယက်ရိုက် သွားတယ်။ ငါတို့တွေက တစ်ယောက်နဲ့ တစ်ယောက်က ထောင်မတူဘူး။ တစ်ထောင်စီ။ အဲဒါကိုတို့ ဆက်သွယ်နေတဲ့ နည်းလမ်းနဲ့ အပြန် အလှန် ဆွေးနွေးတာတွေ လုပ်ရတယ်။ ဦးဝင်းတင်ပြောတဲ့ ………………………….”” စသည်ဖြင့် ထိုအင်တာ ဗျူး၏ ထောင်အတွင်း ရောက်ရှိခဲ့သော နိုင်ငံရေး ဂယက်များကို ပြောသည်။

ထိုအကြောင်းများ ပြောပြီးနောက် ““ခဏနေဦး””ဆိုကာ နောက်ဖေးဘက်သို့ ၀င်သွားပြန်ပြီ။ အတော်ကြာမှ ပြန်ထွက်လာ၏။ သူ့မျက်နှာမှာ အနီရောင်သန်းလျက်။

ကိုလှမျိုးနောင်သည် ကျွန်တော်နှင့် စတွေ့ချိန်မှ သူ့ကိုအင်တာဗျူး ပြုလုပ်ပြီးချိန်အထိ တိုက်နောက်ဖေးသို့ ၅ ကြိမ်ခန့် ထထ သွားသည်။ သူနှင့် အရက်၏ ဆက်နွယ်နေမှုကို ခပ်ဝါးဝါး မြင်လိုက်ရ၏ …။

ကိုလှမျိုးနောင် ထသွားစဉ် သူပြောခဲ့သည့် အကြောင်းအရာများကို ကျွန်တော် စဉ်းစားနေမိ၏။ နိုင်ငံရေးသည် ရှုပ်၏၊၊ အကဲဆတ်၏၊ အကွေ့အကောက်များ၏၊ လှိုင်းဂယက်ထန်လွန်း၏၊ အခြေအနေတစ်ရပ်နှင့် တစ်ရပ်ကြား ခြားထားသော အလွှာများမှာ ပါးလှပ်ကျွတ်ဆတ် လွန်းလှ၏ဟု တွေးမိသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခြင်း တွင်ပင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွင်းမှ စောင့်မျှော်နေသော မေးခွန်းများနှင့် ရင်ဆိုင်ရသည်။ ထိုထဲတွင် အကျယ်လောင်ဆုံး အသံအချို့ရှိ၏။

ကျွန်တော်နှင့် စတင်တွေ့ဆုံသည့် အင်တာဗျူးတွင် ထိုအကြောင်းအရာအပေါ် ကိုလှမျိုးနောင်က ယခုကဲ့သို့ ပြောသည်။

““အခု ကျွန်တော် ထောင်ကလွတ်လာပြီး ရက်ပေါင်း ၃၀ လောက်အတွင်းမှာ ပါတီတစ်ရပ် ထူထောင်မှာလား၊ NLD မှာပဲ ပူးပေါင်းမှာလားဆိုတဲ့ မေးခွန်းတွေ အသံတွေကြားရတယ်။ ပါတီတစ်ရပ် ထူထောင်မှာလားဆိုတဲ့ မေးခွန်း ကတော့ အပြုသဘောဆောင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာပဲ ပူးပေါင်းပါဝင် လှုပ်ရှားသွားမှာလားဆိုတဲ့ မေးခွန်းကတော့ အပြုသဘော သက်သက် ဟုတ်ချင်မှ ဟုတ်လိမ့် မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အချင်းချင်းကြားမှာ၊ ကျွန်တော်တို့ အချင်းချင်းဆိုတာ ဘယ်သူတွေ ကို ရည်ညွှန်းသလဲဆိုတော့ အခုနောက်ဆုံးအသုတ် ထောင်ကလွတ်လာတဲ့ အုပ်စုတွေ၊ အပြင်မှာ ရှိနှင့်ပြီး သား ပြန့်ကျဲနေတဲ့ ၈၈ မျိုးဆက်တွေ၊ ပြည်ပမှာရောက်နေတဲ့ ၈၈မျိုးဆက် တွေစတဲ့ ကျွန်တော်တို့ကြားမှာ NLD မှာပဲ ပူးပေါင်းဆောင်ရွက်မှာလား၊ NLD မှာ ပူးပေါင်းဆောင်ရွက်သင့်တယ် ဆိုတဲ့အသံမျိုး မေးလာ၊ ပြောလာရင်။ အဲဒါ ကျွန်တော်တို့ရဲ့ ညီညွတ်ရေး အလားအလာပေါ်မှာ ပြဿနာချ ပေးတာလို့ ကျွန်တော်မြင်တယ်။ NLD မှာ ပူးပေါင်း ဆောင်ရွက်ပါလား၊ NLD ကို ၀င်သင့်တယ် စတဲ့ဟာတွေက ကျွန်တော်တို့ မျိုးဆက်တစ်ရပ်လုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အင်အားစုအဖြစ် ပေါ်ထွန်းလာမယ့် အရေးကို ဟန့်တား နှောင့် ယှက်ချင်လို့ ပြဿနာအဖြစ် ကျွန်တော်တို့ကို ချစဉ်းစားခိုင်းတာ ကျွန်တော်တို့ မစဉ်းစားဘူး ……..””

ကိုလှမျိုးနောင် ပြတ်ပြတ်သားသား ပြောလိုက်သော ထိုစကားများ နောက်တွင် သူယုံကြည်ရာ၊ သူမျှော်လင့် ထားရာ နိုင်ငံရေး တည်ဆောက်မှုကြီးတစ်ရပ် ရှိနေသည်။

ကိုလှမျိုးနောင်၏ ပြတ်သားသော၊ ပြင်းထန်သော၊ ကြီးမားသော နိုင်ငံရေး မျှော်လင့်ချက်ကို သူ၏ အဖြေစကားစုများတွင် တစ်စိတ်တစ်ပိုင်းမျှဆီ သဲ့သဲ့ကြားရ၏ …။

ထိုတွေ့ဆုံမှုဖြင့် အစပြုသည့် နောက်ပိုင်းကာလများတွင် နိုင်ငံရေးနှင့်အရက် ရောယှက် နှောမွေ့နေသော ကိုလှမျိုးနောင်အပေါ် ကျွန်တော့်အမြင်၊ အကြားသည် ပို၍ ထင်ရှားပီသခဲ့၏။

ယခုတော့ သူမရှိတော့။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်၊ မနက်ပိုင်းတွင် သူ၏ ရှင်သန်ခဲ့သော နေ့ရက် များကို ဖြတ်သန်းနေကြအတိုင်း ဝေဒနာများဖြင့် လူးလွန့်သွားပြီဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment