မြန်မာတို့၏ အလှူပေးခြင်းကိုဖြင့် အံ့သြသံသယ ဖြစ်စရာပင်မလို။ စီးပွားရေးအင်အား အကောင်းဆုံး နိုင်ငံဖြစ်သည့် အမေရိကန်ကို ယှဉ်လာခြင်းက သက်သေ။
ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ထုတ်ပြန်သော World Giving Index စာရင်းတွင် အလှူဒါန အရာတွင် မြန်မာသည် အမေရိကန်နှင့် အဆင့်တူပင်။ အခြားနိုင်ငံများ၏ အထက်တွင် ငွားငွားစွင့်စွင့်။ မြန်မာနှင့် အမေရိကန်က ပူးတွဲချန်ပီယံ။
စစ်တမ်း၏ အဆိုအရမူ စစ်တမ်း ကောက်ယူသည့် မြန်မာလူဦးရေ၏ ၉၁ ရာခိုင်နှုန်းသည် အလှူဒါန ပြုကြသူများ ဖြစ်သည်။ ယင်းအချက်သည်ပင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဒါနရှင် နိုင်ငံအဖြစ်သို့ ရောက်ရှိစေခြင်း၏ အဓိက အချက်ဖြစ်သည်။
အဆိုပါ အချက်သည် ထေရဝါဒ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း၏ အားကောင်းသော တုံ့ပြန်မှုပင် ဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။
“သူတို့အတွက်သာ ဆန်းနေတာ ဖြစ်မယ်။ ငါတို့ အတွက်ကတော့ မွေးကတည်းက ဒီလိုပဲ လူကြီးသူမတွေ လှူတာ ကြည့်ပြီး လှူလာလိုက်တာပဲလေ” ဟု မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ရေပြည့်ကြီးကျေးရွာမှ အသက် ၆၀ အရွယ် လယ်သမားကြီး ဦးခင်ဝင်းက မှတ်ချက်ပြုသည်။
လယ်သမား အများစုသည် ယနေ့အချိန်တွင် စီးပွားရေး ကျပ်တည်းလာသော်လည်း မရှိသည့်ကြားမှ လှူဒါန်းဆဲ ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် သံဃာ ငါးသိန်းခန့်သည် အလှူဒါနပြုရန် စိတ်အားထက်သန်သူများ၏ ထောက်ပံ့မှု (အလှူအတန်းပြုမှု) ကို ရရှိထားသည်ဟု ဆိုသည်။ ချို့တဲ့သူများကို ပေးကမ်းသည့် အလေ့အကျင့်သည် ထေရဝါဒ ဗုဒ္ဓဘာသာ အသိုက်အဝန်းတွင် ဘာသာတရားကို (ဗုဒ္ဓဘာသာ) ကို လေးစားကြောင်း ပြသခြင်းအတွက် အရေးကြီးသော လုပ်ဆောင်ချက်တစ်ရပ် ဖြစ်သည်ဟု အဆိုပါ စစ်တမ်းက ဆိုသည်။
အလှူဒါန ပြုလုပ်ရာတွင် ဗုဒ္ဓဘုရားလောင်းများ ကျင့်ကြံခဲ့သည့် ပညာ ဦးဆောင်သော ပါရမီ ထိုက်သည့် ဒါနများ ပြုလုပ်ရန် အရေးကြီးပြီး ပါရမီထိုက်သော အလှူဒါန ဖြစ်ရေးအတွက် စံပြုလိုက်နာရမည့် အချက်များကို ဆရာတော် ရဝေနွယ် (အင်းမ) က “နိဗ္ဗာန်ကို ရည်ရွယ်ရမယ်။ အလှူခံသူရဲ့အကျိုးကို ကြည့်ရမယ်။ ကိုယ်ကျိုးမပါရဘူး” ဟု မိန့်ကြားသည်။
အမှန်တကယ် လိုအပ်သည့် နေရာများနှင့် မလိုအပ်သည့် နေရာကို ခွဲခြားလှူဒါန်းရန် လိုအပ်ပြီး ယင်းသို့ လှူဒါန်းနိုင်မှသာ ထိရောက်သော လှူဒါန်းခြင်း ဖြစ်မည်ဟု လှိုင်သာယာမြို့နယ် သုံးထိပ်မှ အသက် ၅၀ အရွယ် ဦးသိန်းအောင်က ဆိုသည်။
ဗုဒ္ဓဘာသာဝင်များ သိရှိကြသည့် မိလိန္ဒပညာတွင်မူ ပညာသည် ပိုင်းခြားခြင်း သဘောရှိ၏ဟု အရှင်နာဂသေနက ဆိုလေသည်။ စေတနာ၏ စေ့ဆော် တိုက်တွန်းမှုကြောင့် မြန်မာအများစု လှူကြတန်း ကြသော်လည်း ပညာဦးဆောင်သည့် ပိုင်းခြားဝေဖန် ဆန်းစစ်၍ လှူဒါန်းခြင်းမျိုးကား စာရင်းအတိအကျ မရှိသော်လည်း မေးမြန်းသမျှ သိရသည်ကား နည်းလှချေသည်။
အကျိုးလည်း မမျှော်ကိုး စေတနာလည်း မပြတ်သည့် ရေထဲခဲချ လှူဒါန်းနည်း၊ လှူသည်က နည်းနည်းနှင့် အပျော်အပါးအတွက် ကုန်ကျစရိတ်က ပိုမိုများပြားသော မဏ္ဍပ်တိုင် တက်ပြသည့် လှူဒါန်းနည်း၊ ပေါများလှသည့် ကျောင်းကန်ဘုရားနှင့် ဓမ္မာရုံများသာ ဆောက်လုပ် လှူဒါန်းနေသည့် ရေများရာ မိုးရွာသည့် လှူဒါန်းနည်းများနှင့် လှူဒါန်းကြခြင်းလည်း ရှိသည်။
ထို့ပြင် မသန်စွမ်းဟန်ဆောင်၍ တောင်းခံခြင်းမျိုးကို လှူဒါန်းသည့် အဆိပ်ပင်ရေလောင်း လှူဒါန်းနည်း၊ နောင်ဘဝ ကောင်းစေလို၍ လှူဒါန်းသည့် အကျိုးလို၍ ညောင်ရေလောင်း လှူဒါန်းနည်း စသည်ဖြင့် မြန်မာလူမျိုး အချို့သည် လှူဒါန်းနည်း အသွယ်သွယ်ဖြင့် လှူဒါန်း နေကြဆဲ ဖြစ်သည်။ အပေါ်ယံ အလှူပြုများကြားတွင် ပြုပြင်မှုနည်းကာ အသားသေလျက်။
မြန်မာနိုင်ငံတွင်မူ ဘုရားဒကာ၊ ကျောင်းဒကာ အမည်ခံချင်၍ လှူဒါန်းသူများ မနည်းလှဟု ဦးသိန်းအောင်က ထုတ်ဖော်သည်။
“တို့နိုင်ငံမှာ ရှင်ပြုရင် ဆင်တွေ၊ မြင်းတွေပါတယ်။ မဏ္ဍပ်ကြီးတွေ ထိုးတယ်။ ဆိုင်းဝိုင်းတွေ ထည့်တယ်။ အလှူတစ်ခု လုပ်ရင် သိန်း ၂၀၊ ၂၅ အကုန်ခံပြီး လှူသလို ဖြစ်နေတယ်။ ဒါတွေက အလှူလုပ်တဲ့ဟာထက် ထင်ပေါ်ချင်လို့ လုပ်သလို ဖြစ်နေတယ်။ ရွာထဲမှာ လမ်းတွေ မကောင်းဘူး။ လမ်းပြင်ဖို့ အလှူခံရင် တကယ်ပိုက်ဆံရှိတဲ့ လူတွေတောင် ငါးသောင်း၊ တစ်သိန်းမထွက်ဘူး” ဟု ၎င်းကရှင်းပြသည်။
အမှန်တကယ် ဒုက္ခိတဖြစ်၍ တောင်းရမ်းစားသောက်သူများ၊ ကျန်းမာရေး အခြေအနေ မကောင်း၍ တောင်းရမ်းသူများနှင့် သားသမီးကျော ထောက်နောက်ခံမရှိ အသက်ကြီးသည့် လူကြီးသူမများကိုမူ ဗုဒ္ဓတရားတော်များအရ ထောက်ပံ့ကူညီရန် တာဝန်ရှိကြောင်း ၎င်းကဆိုလေသည်။
တချို့သော အလှူအတန်းများသည် သိန်းရာချီ အကုန်ခံ၍ လှူကြတန်းကြသည် များလည်းရှိသည်။ တချို့ကမူ ဘုရားထီးတင်ခြင်း၊ ထေရ်ကြီးဝါကြီး ရဟန်းများကို သိက္ခာထပ်ခြင်းအတွက် သိန်းရာချီ အကုန်ခံ၍လှူခြင်းတို့ ပြုကြလေ့ ရှိသည်ဟု ဦးခင်ဝင်းက ဆိုသည်။
ထင်ရှား ကျော်ကြားသူများ၏ အလှူဒါန အချို့သည် နောက်ကွယ်တွင် အကျိုးစီးပွားများ ပါဝင်လျက် ရှိသည်ဟုလည်း တချို့က ဆိုသည်။ မလိုအပ်သည့် နေရာတွင် သိန်းချီအကုန်ခံ၍ လှူဒါန်းမှုများအစား တကယ်လိုအပ်လျက် ရှိသည့် ထောက်ပံ့ကူညီမှုမျိုး ပြုလုပ်ရန် လိုသည်ဟု ဦးခင်ဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ထန်းတပင်မြို့နယ် ရခိုင်ရိုးကြီးကျေးရွာတွင် ပြုလုပ်ခဲ့သည့် ရှင်ပြု၊ ရဟန်းခံအလှူတွင် မဏ္ဍပ်ဆောက်ခသည်ပင် သိန်းနှစ်ဆယ် ကုန်ကျပြီး အလှူတစ်ခုလုံးသည် သိန်းနှစ်ရာခန့် ကုန်ကျသည်ဟု အလှူရှင်၏ ညီဖြစ်သူက The Voice သို့ ပြောကြားသည်။
ထို့ကြောင့်ပင် ပြီးခဲ့သည့် The Vocie Weekly အမှတ် ၁၀၊ အတွဲ ၄၅ တွင် ဖော်ပြခဲ့သည့် သားသမီး ကျောထောက် နောက်ခံမရှိဘဲ တောင်းရမ်း စားသောက် နေရသော ရန်ကုန်ဘူတာကြီးမှ ဒေါ်ခင်စန်းကြည် ကဲ့သို့သော အိုကြီးအိုမများ အတွက်မူ ခိုကိုးရာမဲ့ ဖြစ်နေဆဲပင်။
သက်ကြီးရွယ်အိုတို့ လမ်းမကို အဖော်ပြု၍ ခိုကိုးရာမဲ့နေချိန်တွင် ကမ္ဘာ့အဆင့်တစ် အလှူရှင်နိုင်ငံ ဖြစ်လာသည့် မြန်မာသည် ဤဂုဏ်ပုဒ်နှင့် အမှန်ပင် ထိုက်တန်ပါ၏လော။
ဦးသိန်းအောင်ကမူ ဤသို့ မှတ်ချက် ပြုလာသည်။
“အလှူလုပ်တဲ့နေရာ၊ အထောက်အပံ့ ပေးတဲ့နေရာမှာ နံပါတ်တစ် ဖြစ်ချင်ဖြစ်မှာပါ။ အကျိုးဖြစ်တာ နည်းတဲ့နေရာမှာ၊ အဟောသိကံ ဖြစ်တဲ့နေရာမှာလည်း နံပါတ်တစ် ဖြစ်လောက်ပါတယ်”
ထိုမှတခြား အလှူများတွင် ဗုဒ္ဓဘာသာဝင်များ၏ အလိုအရ ပညာ ဦးဆောင်၍ မလှူမီ စေတနာ၊ လှူဆဲ စေတနာနှင့် လှူပြီး စေတနာဟူသည့် စေတနာသုံးတန် ပြတ်သား၍ လှူဒါန်းခြင်းကား နည်းလွန်းသေးကြောင်း လှိုင်သာယာမြို့နယ် မီးခွက်ဈေးလမ်းဆုံ အလှူခံမဏ္ဍပ်မှ အသက် ၆၀ အရွယ် အလှူခံ ဆောင်ရွက်သူတစ်ဦးက ဆိုသည်။
“အများစုကတော့ ဘာရယ် မဟုတ်ဘူး။ ဒီလိုပဲ လှူလိုက်ကြတာပဲ” ဟု ၎င်းကမှတ်ချက်ပြုသည်။
ပွင့်လင်းစခေတ်တွင် လူငယ်လူရွယ်များ ဦးစီးထူထောင် လာကြသည့် အရပ်ဘက် အဖွဲ့အစည်းများလည်း ပေါများလာပြီး မရှိနွမ်းပါးသည့် ကလေးသူငယ်များ၊ စာသင်ကျောင်းများ၊ လူအိုရုံများနှင့် တရားရိပ်သာများသို့ သွားရောက် လှူဒါန်းမှုများလည်း ပေါများလာသည်။
Forever Volunteer Group သည် ယင်းကဲ့သို့သော အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။ အဖွဲ့ကို ဦးစီး တည်ထောင်သည့် လူရွယ်တစ်ဦးဖြစ်သူ ကိုအောင်ချမ်းမြေ့ကမူ လှူဒါန်း ထောက်ပံ့ရာတွင် အခြေခံရမည့်မူများ ချမှတ်ထားသည်ဟု ဆိုသည်။
“ထောက်ပံ့ ကူညီဖို့အတွက် အခြေခံမူလေးတွေ ရှိပါတယ်။ ပထမကတော့ မရှိနွမ်းပါးတဲ့ ကျောင်းဖြစ်ရမယ်။ ပြီးရင် တကယ်လည်း စာသင်ပေးနေတဲ့ ကျောင်းမျိုး ဖြစ်ရမယ်။ ဒီနှစ်ချက်ကို အဓိကထားပြီး ရွေးချယ်ပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ အဖွဲ့သည် မရှိနွမ်းပါးသူ ကလေးသူငယ်များကို အဓိကထား လှူဒါန်းခြင်း ဖြစ်ပြီး ကျောင်းများ ရွေးချယ်ရာတွင်မူ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စာသင်ကျောင်း များသို့သာ အများဆုံး လှူဒါန်းနိုင်သေးသည်ဟု ၎င်းကဆိုသည်။
ယင်းသို့ အလှူဒါန ပြုသည့်နေရာတွင် မြန်မာသည် အမေရိကန်ကဲ့သို့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံကို ယှဉ်နိုင်ခဲ့ပြီဟု ဆိုသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်သော ကမ္ဘာ့ဖွံ့ဖြိုး အနည်းဆုံး နိုင်ငံများ စာရင်းတွင် ဆက်လက်ပါဝင်ဆဲ ဖြစ်သည်။ လူတစ်ဦး၏ တစ်နှစ်ဝင်ငွေသည် ကိုးသိန်းဝန်းကျင်သာ ရှိလေသည်။ ယင်းအပြင် နိုင်ငံတည်ဆောက်ရန် အဓိကမဏ္ဍိုင် ဖြစ်ရမည့် အခွန်ပေးဆောင်မှု အနည်းဆုံး နိုင်ငံစာရင်းလည်း ဝင်နေသည်။ နိုင်ငံတကာ အလှူနိုင်ငံများအလယ် အလှူခံ၊ အချေးအငှား အကြမ်းဆုံး နိုင်ငံများတွင်လည်း ပါဝင်သည်။ သို့သော်လည်း သိန်းရာချီသော အလှူအတန်းမျိုးကား မြန်မာနိုင်ငံတွင် အများအပြား ရှိဆဲဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လှူဒါန်း ထောက်ပံ့သည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် မြန်မာများကမူ ထောက်ပံ့ကူညီ အားပေးကြရန် လက်နှေးလေ့မရှိ။ မည်သို့လှူလှူ သာဓု ခေါ်ကြသည်သာ ဖြစ်သည်။ လိုအပ်နေရာသို့ ရောက်ရှိရန်အတွက် ပညာဦးစီးသော အလှူကြီးဖြစ်ရန် လိုသည်ဟု လှိုင်သာယာမြို့နယ် အမှတ် ၁၈ ရပ်ကွက်တွင် ရပ်ရေး ရွာရေးများကို တက်ကြွစွာ လုပ်ကိုင်လေ့ ရှိသည့် ဓမ္မာရုံဥက္ကဋ္ဌ ဦးကျော်လွင်က ဆိုသည်။
မြန်မာတို့၏ အလှူအတန်း၌ ပညာနှင့် သဒ္ဓါ အချိုးမညီမှုများအပေါ် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသကလည်း အစဉ်သဖြင့် ဆုံးမမှုပြုခဲ့သည်။
ကျေးရွာများရှိ ကျောင်းထိုင်ဘုန်းကြီးများ ပျံလွန်တော်မူချိန်တွင် ဆိုင်းဝိုင်းများ၊ အပျော်အပါးများဖြင့် ဧယဉ်ကျူးခြင်း ဓလေ့ကို ပြုလုပ်လေ့ ရှိသည်။ ယင်းသို့ လုပ်ဆောင်ခြင်းသည် အများသူငါအတွက် အကျိုးဖြစ်ထွန်းမှု မရှိ၍ ဘာသာရေး လမ်းညွှန်ချက်နှင့် မကိုက်ညီဟုဆိုကာ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးက အကြိမ်ကြိမ်ဆုံးမ သြဝါဒပေး မိန့်ခဲ့သည်ချည်း။
သို့သော် မြန်မာတို့၏ အလှူဒါန အများစုက ဘာသာရေး ဆုံးမမှုများမှ သွေဖည်နေဆဲ။ အနောက် လူချမ်းသာ အမေရိကန်နှင့် ပခုံးချင်း ယှဉ်လာသူ မြန်မာကို ဆရာတော် ရဝေနွယ် (အင်းမ) က ဤသို့ ဆုံးမလေပြီ။
“ဘုန်းကြီးလည်းသေ ရွာလည်းကြေ ဆိုသလို မလှူမိဖို့ လိုတယ်”

No comments:
Post a Comment