တည်နေရာ၊ သဘာဝသယံဇာတ၊ ကမ္ဘာ၏ မကြုံစဖူး စိတ်ဝင်စားမှု စသည့် အားသာချက် များစွာဖြင့် စိတ်တက်ကြွဖွယ်ရာ ဖြစ်သော်လည်း “စွမ်းဆောင်ရည် မွဲတေခြင်း” တစ်ခုတည်းကပင် အားသာချက် အားလုံးကို ဖျောက်ဖျက်နိုင်စွမ်း ရှိသည်။
စွမ်းဆောင်ရည်တွင် နိုင်ငံကို ဦးဆောင်မည့် နိုင်ငံတော်ယန္တရား၏ စွမ်းဆောင်ရည် (State Capacity) သာမက ပုဂ္ဂလိကကဏ္ဍတို့၏ စွမ်းဆောင်ရည် (Private sector capacity) နှစ်ခုလုံး ပါဝင်သည်။ အစိုးရရော အစိုးရမဟုတ်သော ကဏ္ဍနှစ်ရပ်လုံး၏ စွမ်းဆောင်ရည်သည် အိမ်နီးချင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နောက်တွင်ပင် နှစ်နှစ်ဆယ် သုံးဆယ်ခန့် ပြတ်ကျန်ခဲ့ရာ ကမ္ဘာ့ထိပ်တန်း နိုင်ငံများနှင့်မူ ခန့်မှန်းရ ခက်အောင်ပင် ကွာဟသွားပြီ ဖြစ်သည်။
ငြိမ်းချမ်းရေး၊ စီးပွားရေး၊ သတင်းမီဒီယာ၊ ကျန်းမာရေး၊ ပညာရေး စသော နယ်ပယ်မျိုးစုံတွင် စွမ်းဆောင်ရည် ပြဿနာ ကြီးမားစွာ ကြုံနေရသည့်အတွက် နိုင်ငံတိုးတက်ရေးသည် မျှော်လင့်သလောက် ခရီးမပေါက်။
နိုင်ငံတကာမှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ရသည့် အစိုးရပိုင်း၊ နိုင်ငံတကာ ကုမ္ပဏီများနှင့် ပြိုင်ဆိုင်ပူးပေါင်းနေရသည့် နိုင်ငံသားပိုင် လုပ်ငန်းများတို့တွင် စွမ်းဆောင်ရည် နိမ့်ပါးသည့်အတွက် “ကိုယ်ရမည့် အခွင့်အရေး လက်လွတ်”၊ “အခွင့်အလမ်းကို ပြဿနာဟုထင်”၊ “ရန်သူကို မိတ်ဆွေမှတ်” ကာ နိုင်ငံ့အကျိုး၊ နိုင်ငံသားအကျိုး ပျက်စီးဆုံးရှုံးရသည်။
ပညာရေးစနစ် ယိုယွင်းခြင်းသည် Capacity ပြဿနာ၏ အဓိက ရင်းမြစ်တစ်ခု ဖြစ်သောကြောင့် စတင်ကုစားနေပြီ။ သို့သော် ပညာရေးကို အခြေခံမှစကာ ပြင်ဆင်ခြင်းသည် နောက်ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှ အသီးအပွင့် ခံစားရမည် ဖြစ်သောကြောင့် အချိန်တိုအတွင်း သက်သာစေမည့် အခြားကုထုံးများဖြင့် အပူတပြင်း ကုသရမည်။
ဥပမာ- တက္ကသိုလ်ပညာရေးကို အာရုံစိုက်ပြီး အပူတပြင်း အရည်အချင်း မြှင့်တင်ပေးနိုင်လျှင် အလုပ်ခွင်တွင် အသင့်သုံးနိုင်သူများ သုံးလေးနှစ်နှင့် မွေးထုတ်နိုင်မည်။ ကိုယ့်ကိုပူဇော်ပသသူကိုသာ နေရာပေးခြင်းမျိုး မဟုတ်ဘဲ “Meritocracy” ခေါ် “အရည်အချင်းအလိုက် နေရာပေးခြင်း” ကို အစိုးရဌာနများတွင် ပြတ်ပြတ်သားသား ကျင့်သုံးရမည်။ ယင်းသို့ အစိုးရက စတင်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍတွင်လည်း Meritocracy လိုက်ပါ ထွန်းကားလာလိမ့်မည်။
အစိုးရသည် ဦးဆောင်ကဏ္ဍတွင် ရှိသည့်အတွက် အစိုးရဌာနများသည် နိုင်ငံတကာအဆင့် ဖြစ်လာရေး အလွန်အရေးကြီးသည်။ သို့မဟုတ်လျှင် နိုင်ငံတကာအဆင့်တွင် ဦးနှောက်ချင်း ပြိုင်နိုင်မည် မဟုတ်။ နိုင်ငံတကာအမြင်ရှိသူ၊ အရည်အချင်းရှိသူများ အစိုးရဌာနအတွင်း ဝင်လာနိုင်အောင် အကြံပေးသဘောဖြင့် လစာရိက္ခာ ပြင်ပနှင့်တန်းတူ ပေးငှားရမ်းခြင်း၊ ဌာနအလိုက် လုပ်ချင်ကိုင်ချင်လာအောင် ငွေကြေးမက်လုံး၊ ငွေကြေးမဟုတ်သော မက်လုံးအမျိုးမျိုး စဉ်းစားတီထွင်ခြင်းတို့ဖြင့် ပညာရေး တိုးတက်လာသည်အထိ မစောင့်ဘဲ Capacity ပြဿနာကို ဖြေရှင်းနိုင်သည်။
“စွမ်းဆောင်ရည်” မြင့်မားသူများ၊ စွမ်းဆောင်ရည်မြင့်သော အဖွဲ့အစည်းများအားဖြင့်သာ နိုင်ငံကို တည်ဆောက်နိုင်ပါမည်။
အယ်ဒီတာ (၁၁.၁၂.၂၀၁၄)
---------------------------
Editorial, The Voice Daily Vol-2/No-208 (#voiceeditorial)

No comments:
Post a Comment