Wednesday, December 10, 2014

သီချင်းဆိုပြီး အနှိပ်ခံကြမလား

 ဒီဇင်ဘာ ၈ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ပြုလုပ်ခဲ့သော တိုင်း ဒေသကြီးလွှတ်တော် အထူးအစည်း အဝေး တွင် လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းကျော်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို ဥပဒေစည်း မျဉ်း၊ စည်းကမ်း များပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုပေးရန် အဆိုတင်သွင်းခဲ့သည်ကို တွေ့ရသည်။

လွှတ်တော်ကိုယ်စားလှယ်၏အဆိုအရ ရန်ကုန် တိုင်း ဒေသကြီးသည် စီးပွားရေးအချက်အချာကျသည့် စီးပွားရေးမြို့တော်ဖြစ်သဖြင့် မြို့ပြဖွံ့ဖြိုးမှုနှင့် အတူ လူအများစုသည် မိမိ၏ ကိုယ်လက်စိတ်များ လျှော့ချရန် အနှိပ်ခန်းများသို့ သွားရောက်ကာ အပန်းဖြေနေကြ သည်ကို တွေ့ရှိရကြောင်း၊ အနှိပ်ခန်းများ သည်
တရားမဝင် လုပ်ကိုင်ဆောင်ရွက်နေရခြင်းကြောင့် ဥပဒေကိုချိုးဖောက် သည့်အလေ့ အကျင့်သည် အနှိပ်ခန်းများသို့ သွားရောက်သူများနှင့် ဖွင့်လှစ်ထား သူ များပါ ဥပဒေကို ချိုးဖောက် ရာရောက်နေကြောင်း၊ သို့သော်လည်း လုပ်ကိုင်ဖွင့် လှစ်နေ သည့် အနှိပ်ခန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက လျစ်လျူရှုထားကြခြင်း ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဥပဒေချိုးဖောက်ခြင်း ကို အလေ့အကျင့် အဖြစ် မှတ်ယူသွားနိုင်ပြီး လူအများ၏ အမြင် တွင် မကျေနပ်မှုများဖြစ်ပေါ်စေနိုင် ကြောင်း၊ အနှိပ်ခန်း အများ စုသည် အမျိုးသမီးများဖြင့် ဖွင့်လှစ်ကြခြင်းဖြစ်ရာ တရားဝင် ဖွင့်လှစ်ခွင့်မရသဖြင့် အဆိုပါအနှိပ်ခန်းများတွင် လုပ်ကိုင်နေ သည့် အမျိုးသမီးများအား ဥပဒေအရ အကာအကွယ်ပေးနိုင်ခြင်းမရှိသဖြင့် သောက် စားမူးယစ်သည့် အမျိုးသားများ၏ ထိကပါး၊ ရိကပါးပြုမူခံရခြင်းကြောင့် တချို့ သောအနှိပ်ခန်းများရှိ အမျိုးသမီးများသည် ဘဝနစ်မွန်းရခြင်းများ ရှိကြောင်း ပြောကြား ခဲ့သည်ကို တွေ့ရသည်။

ယင်းအဆိုကိုဆွေးနွေးရန် ကန့်ကွက်သူမရှိခဲ့ သဖြင့် ဒီဇင်ဘာ ၁၂ရက်တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေး နွေးရန် သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံများ တွင် တစ်ခုအပါအဝင်ဖြစ်ပြီး မြို့ပြဖွံ့ဖြိုး တိုးတက်မှုသည် တစ်နေ့တခြား သိသာထင်ရှားစွာဖြစ်လာ သည်ကို တွေ့ရ သည်။ ယင်းသို့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူတို့၏ အလေ့အကျင့်များသည် လည်း လိုက်ပါပြောင်းလဲလာနေ သည်ကို တွေ့ရသည်။

ယင်းအခြေအနေကိုကြည့်လျှင် အနောက်နိုင်ငံများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် အိမ်နီးချင်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွား ရေးတစ်ရပ်အဖြစ် တွင်တွင် ကျယ်ကျယ် ဆောင်ရွက်လျက်ရှိသည့် ကေတီဗွီ၊ အနှိပ် ခန်း၊ နိုက်ကလပ်များကို စီးပွားရေး လုပ်ငန်းတစ်ခုသဖွယ် ဖွင့်လှစ်လာကြသည်ကို တွေ့ရသည်။

သို့သော် မြန်မာနိုင်ငံတွင် အဆိုပါလုပ်ငန်းများကို တရားဝင်ဆောင် ရွက်ခွင့်မရှိသဖြင့် နားလည်မှုရယူကာ ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

သို့သော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ယင်းလုပ်ငန်းများသည် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လိုက်ပါဖြစ်ထွန်းလာနေသည့် လုပ်ငန်းများဖြစ်ရာ ပိတ် ပင်ဆောင်ရွက်မှုများကို တိကျစွာဆောင်ရွက်ခြင်းမပြုသော်လည်း အဆင်ပြေ သလို ဆောင်ရွက်ရန် ခွင့်ပြုထားသကဲ့သို့ဖြစ်နေပြီး ယင်းလုပ်ငန်းများ တရားဝင်ဖြစ် လာ ရေးအတွက်လည်း ဥပဒေများရေးဆွဲပြဋ္ဌာန်းဆောင် ရွက်မှုများ မရှိ သဖြင့် အချိန် ကြာလာသော်လည်း ယင်းလုပ်ငန်းများက စီးပွားရေးလုပ်ငန်းများအသွင်ဖြင့် ဆက်လက်တည်ရှိလာနေခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် နိုင်ငံခြား ခရီးသွားများ တဖြည်းဖြည်းတိုးမြင့် ဝင် ရောက်လာနေရာ အဆိုပါလုပ်ငန်းများအနေဖြင့် နိုင်ငံခြားဧည့်လုပ်ငန်း များနှင့် အတူ ဆက်စပ်လုပ်ကိုင်ရခြင်းမျိုးရှိရာ ပြည်ပခရီးသည်များ ပိုမိုဝင်ရောက် လာမှု နှင့် အဆိုပါအပန်းဖြေ ဝန်ဆောင် မှုလုပ်ငန်းများကလည်း လိုအပ်နေသည်ဟု ခရီး သွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင် သူများက လည်း ထောက်ပြ ထားကြသည်။

နိုင်ငံတစ်နိုင်ငံ၌ ရှိသင့်ရှိထိုက်သည့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဥပဒေများရေး ဆွဲပြဋ္ဌာန်းကာ တရားဝင်အဖြစ် လုပ်ကိုင်ခွင့်များရရှိ လာပါ က အဆို ပါလုပ်ငန်းများတွင် လုပ်ကိုင်နေသူများအတွက် အကာအကွယ် များရရှိကြ မည် ဖြစ်ကာ သီချင်းဆိုပြီး အနှိပ်ခံချင်သူများ အတွက် လည်း ကျောလုံကြမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဖော်ပြပါဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်း၊ မပြုခြင်းကို စဉ်းစားဆွေးနွေးဆုံးဖြတ်ကြရာ တွင် မြန်မာ့ လူမှုထုံးတမ်း ကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သလို ကမ္ဘာ့လူမှုလောကထဲသို့ တိုးဝင်လာသော ဝန်ဆောင်မှု တစ်ရပ်အဖြစ်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ရာ မြွေမသေ တုတ်မကျိုးဖြစ် ရေး၊ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်ရေး သတိပြုစဉ်းစား ဆုံးဖြတ် သင့်ပါကြောင်း ဒီမိုကရေစီတူဒေးသတင်းစာက သုံးသပ်ရေးသားလိုက်ရပါသည်။

အယ်ဒီတာ(ဒီဇင်ဘာ ၉၊ ၂၀၁၄)

#‎Democracytoday‬

No comments:

Post a Comment