Friday, December 12, 2014

ကျောင်းသားသမဂ္ဂလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ဆရာမတစ်ဦးကို ကျောင်းပြောင်းခိုင်း

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းက ဆရာမ ဒေါ်ဌေးဌေးဝေက သူဟာကျောင်းသားသမဂ္ဂလှုပ်ရှာမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက်ကြောင့် ကျောင်းအုပ်ဆရာမကြီးက ကျောင်းပြောင်းခိုင်းတာကို မကျေနပ်ကြောင်းပြောပါတယ်။

ဒီနေ့ စစ်ကိုင်းမြို့မှာ ဆရာမဒေါ်ဌေးဌေးဝေက သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး ပြောလိုက်တာပါ။

ကျောင်းအုပ်ဆရာမကြီးရဲ့အမိန့်စာမှာ လိုအပ်ချက်အရ ကျောင်းပြောင်းခြင်းဖြစ်တယ်လို့ ရေးသားထားပေမယ့် ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ အပြောင်းခံရတာဖြစ်တယ်လို့ ဆရာမဒေါ်ဌေးဌေးဝေက ပြောပါတယ်။

ကျောင်းအုပ်ဆရာမကြီးက ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ဆရာမဒေါ်ဌေးဌေးဝေကို ကျောင်းပြောင်းမိန့်ထုတ်ခဲ့တာဖြစ်ပြီး ဆရာမဒေါ်ဌေးဌေးဝေက ကျောင်းမပြောင်းတဲ့အတွက်လည်း သင်နေတဲ့ စာသင်ခန်းထဲက စာသင်ခုံတွေကို ဖယ်ရှားခဲ့ပါတယ်။

အဲ့ဒီလိုဖယ်ရှားခဲ့တာကြောင့် ပထမတန်းကျောင်းသား ကျောင်းသူ ၂၇ ဦးဟာ သမံတလင်းပေါ်မှာ စာသင်နေရကြောင်းနဲ့ အဲ့ဒီလိုစာသင်နေရတဲ့ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တဲ့အတွက် ကျောင်းအုပ်ဆရာမကြီးက ဆရာမဒေါ်ဌေးဌေးဝေကို ပုဒ်မ ၄၄၇/၅ဝဝ နဲ့ အမှုဖွင့်အရေးယူပေးဖို့ စစ်ကိုင်းအမှတ် ၁ ရဲစခန်းမှာ တိုင်ကြားထားပါတယ်။

တိုင်တန်းချက်အရ ကျောင်းသူ ၂ ဦးနဲ့ ကျောင်းသား ၂ ဦးကို အမှတ် ၁ ရဲစခန်းက ကျောင်းသားမိဘတွေကို အသိမပေးဘဲ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အဲ့ဒီလိုကလေးတွေကို ခေါ်ယူစစ်ဆေးတဲ့အတွက် မိဘတွေကလည်း မကျေနပ်ကြောင်း ဒီနေ့တွေ့ဆုံပွဲမှာ ပြောပါတယ်။

ကျောင်းချိန်အတွင်းမှာ ခေါ်ယူစစ်ဆေးတာဖြစ်တဲ့အတွက် မိဘတွေကို အသိမပေးတာဖြစ်တယ်လို့ စစ်ကိုင်းမြို့ အမှတ် ၁ ရဲစခန်းက ဒုတိယရဲမှူး သိင်္ခဝင်းက ပြောပါတယ်။

ဒါ့အပြင် ဆရာမဒေါ်ဌေးဌေးဝေက မဟုတ်မမှန်တိုင်တန်းထားတဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထိုက်စံနဲ့ အဲဒီတိုင်တန်းချက်ကို "မှုခင်းကဏ္ဍ"မှာ ရေးသားဖော်ပြခဲ့တဲ့ ဂျာနယ်နဲ့ သတင်းထောက်တစ်ဦးကို တရားစွဲဆိုသွားမယ်လို့လည်း ဆိုပါတယ်။

Credit - RFA Burmese



 

No comments:

Post a Comment