Tuesday, December 9, 2014

ဆန္ဒ နတ္ထိ (ဆောင်းပါး)

(ဆောင်းပါးရှင် - တက္ကသိုလ်မိုးဝါ)

လူဖြစ်လာရ
ဆန္ဒ သီတန်း၊ လှိုက်မောပန်းစွ။
လူဖြစ်လာသူမှန်သမျှ မွေးဖွားကတည်းက ဆန္ဒနှင့်အတူ ပူးတွဲပြီး လောကကြီးထဲ ရောက်လာကြသည်ချည်း ဖြစ်သည်။ ဆန္ဒကို အင်္ဂလိပ်ဝေါဟာရ Desire, Wish, Want တို့ဖြင့် အဓိပ္ပာယ်ဖွင့်နိုင်မည် ထင်သည်။ မရနိုင်သော၊ ရရန်ခက်ခဲသော အရာတစ်ခုကို လိုချင်ဆန္ဒဖြစ်ပါက Wish စကားလုံးကိုသုံးပြီး Want မှာမူ လိုအပ်ချက် သို့မဟုတ် မပြည့်စုံမှုတစ်ခုခုကို လိုချင်မှုအတွက်သုံးသော စကားလုံးဖြစ်သည်။ Covet စကားလုံး ကိုမူ ပို၍ပြင်းထန်သော၊ မရှုဆိတ် မနာလိုမှု ပါဝင်သော ဆန္ဒဖြစ်ပေါ်ခြင်းမျိုးတွင် သုံးသည်။ လောဘဇောတိုက်သော ဆန္ဒကိုမူ Greed စာလုံးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။

လောကီရေးနှင့် ပတ်သက်သော လိုချင်ဆန္ဒ ရှိသကဲ့သို့ လောကီမဟုတ်သည့် လောကုတ္တရာရေး အမြင်ဖြင့် ရှုမြင်သုံးသပ်သော လိုအင်ဆန္ဒဟူ၍ ရှိသည်။ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် သစ္စာတရား လေးပါးအနက် သမုဒယ သစ္စာသည် လိုချင်ခြင်း၊ စွဲလမ်းခြင်း၊ တပ်မက်ခြင်းတို့အား ဗုဒ္ဓက ရည်ညွှန်းတော်မူခြင်းဖြစ်ပြီး ယင်းတို့ကြောင့် ဒုက္ခဆင်းရဲခြင်း ဖြစ်ရသည်ဟု ဆိုသည်။ ထိုမျှသာမက လောကီရေးတွင် မပြည့်စုံသော လိုချင်မှုသည်လည်း ဒုက္ခဆင်းရဲခြင်းကို ဖြစ်စေပေသည်။
ဆန္ဒမပြည့်မှုကြောင့် လူအများသည် သူတို့၏ လိုအင်ဆန္ဒကို ထုတ်ဖော်ပြသရမည်သာ ဖြစ်၏။ တစ်နည်းအားဖြင့် ‘ဆန္ဒပြ’ ရသည်။ ဥပမာအားဖြင့် လူအများ၏ တရားသောလိုအင်ဆန္ဒကို အုပ်စုတစ်စုက သိလျက်နှင့် မသိယောင်ဆောင်ခြင်း၊ လိုက်လျောဖြည့်ဆည်းပေးနိုင်လျက်နှင့် မလိုက်လျော မဖြည့်ဆည်းပေးခြင်း၊ မလိုက်လျောရုံမျှမက တရားမဲ့ ရမယ်ရှာ ဖမ်းဆီးဖိနှိပ်ခြင်း စသည့်အခြေအနေတစ်ရပ် ဖန်တီးဖြစ်ပေါ်လာစေလျှင် နှစ်ဦးနှစ်ဖက် ဝိရောဓိအသွင်ဆောင်လျက် ကာလကြာမြင့်သည်နှင့်အမျှ ပဋိပက္ခကို ကြီးထွားလာစေမည်သာ ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲတွင်းနက်သည့် ပြည်သူအများစု နေထိုင်လျက်ရှိသော နေရာဒေသမျိုးတွင် မိမိတို့၏ ကိုယ်စီအခြေခံ စားဝတ်နေရေး လိုအပ်ချက်နှင့် တစ်ဝမ်းတစ်ခါးဖြည့်ဆည်းရန် အလုပ်အကိုင် အခွင့်အလမ်းများသာ ပြည့်စုံလုံလောက်ပါက မည်သူကမျှ မိမိ၏ တန်ဖိုးရှိသော ကိုယ်ပိုင်အချိန်ကို အလဟဿ လမ်းပေါ်တက်ပြီး ဖြုန်းတီးပစ်ရန် လုပ်ဆောင်လိမ့်မည်မဟုတ်။
ယခုလည်း ကြည့်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို အမှန်တကယ် ဖြေရှင်းရန် ဆန္ဒရှိပါက တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် လုပ်ဆောင်မှသာ ပြီးမြောက်နိုင်မည်ဆိုသည်ကို အများသိရှိပြီး ဖြစ်သည်။ တစ်နေ့ကပဲ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိစ္စကို အင်စတီကျူးရှင်း အမြင့်ဆုံးဖြစ်သော ပြည်ထောင်စုလွှတ်တော်မှပင် တောင်းဆိုခဲ့ပါသော်လည်း အစိုးရအဖွဲ့မှ ပြန်ကြားချက် နှောင့်နှေးနေခြင်းသည် ပြည်သူအများစု၏ဆန္ဒကို လျစ်လျူရှုရာကျနေသည်ဟု ဝေဖန်သုံးသပ်နေကြပေသည်။
မကြာသေးမီက မြန်မာနိုင်ငံသို့ နော်ဝေ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရား လာရောက်ကြပြီး ဟာရယ်ဘုရင်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြားရာတွင် ဒီမိုကရေစီ နိုင်ငံတစ်ရပ် အကောင်အထည်ဖော်မည်ဆိုပါက ပြည်သူတိုင်း၏ ဆုံးဖြတ်ချက်နှင့်တကွ ပါဝင်ဆောင်ရွက်မှုရှိရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။ ယင်းကို လေ့လာသုံးသပ်ရမည်ဆိုလျှင် ပြည်သူတို့၏ဆန္ဒကို လျစ်လျူရှုထားဖို့ပင် မပြောနှင့်၊ ဆန္ဒကို ထည့်သွင်းစဉ်းစားပေးရမည့်အပြင် ဆန္ဒအတိုင်း ဆုံးဖြတ်ချက်ချထားမှုနှင့် ပါဝင်ဆောင်ရွက်မှုကိုလည်း ပေးရန် လိုအပ်ကြောင်း ဘုရင်၏ သဘောထားအား နားလည်ကြသင့်သည်သာ ဖြစ်သည်။ တစ်ဖန် နော်ဝေနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ယနေ့အထိ အကြိမ် ၂ဝဝ ကျော် ပြင်ဆင်ပြီးဖြစ်ကြောင်း ပြည်သူများအတွက် ကောင်းသောအကျိုးသက်ရောက်မှု မရှိလျှင် ပြင်ဆင်သင့်ကြောင်း၊ ဖွဲ့စည်းပုံသည် ပြောင်းလဲနေသည့် သဘောရှိပြီး လူ့အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ထားသော ရှင်သန်နေသည့် ပဋိညာဉ်ဖြစ်ကြောင်း ပြောကြားသည်။
မှန်လှပေသည်။ ပြည်သူအများစုအတွက် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သော ပဋိညာဉ်တစ်ရပ် မတည်ရှိဘဲ ရှိနေပါက ဥပဒေစိုးမိုးမှုနှင့် တရားမျှတမှုလည်း မရှိနိုင်ပေ။ မတရားမှုအား ပယ်ဖျက်လိုသော ပြည်သူတို့၏ဆန္ဒ၊ လူတစ်ဦးအတွက် နေ့စဉ်ရှိရန် လိုနေသည့် အခြေခံနေထိုင်မှု လိုအပ်ချက်များ စသည်တို့မှာ ဆန္ဒများသာ ဖြစ်သည်။ ဆန္ဒကို အခြေခံ ဖြစ်တည်ပြီးမှ အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်၏ဟူသော ဆိုရိုးလည်း ရှိခဲ့သည်။ ပြီးတော့ ဆန္ဒသည် လောဘဇောတိုက်ခြင်း မဟုတ်။ လောဘဇောသည် ဆန္ဒ၏ ဟိုးအဝေး မိုးကုပ်စက်ဝိုင်း၏ တစ်ဖက်ကမ်းအလွန်တွင် ရှိသည်။ ဆန္ဒနှင့် လောဘဇော (လောဘရမ္မက်) သည် ပြည်သူနှင့် ခရိုနီတို့ကို အသီးသီးတင်စားလျက် လုံးဝဆန့်ကျင်ဘက် ဝိရောဓိ အနေအထားတွင် ရှိသည်ဟု ပြောရမည်ဖြစ်၏။
မြန်မာနိုင်ငံ၏ စစ်အာဏာရှင်အုပ်စိုးမှုအောက် ကာလတစ်လျှောက်လုံး ဆန္ဒကို ပြည်သူတို့ ထုတ်ဖော်ခွင့် မရှိခဲ့။ ဆန္ဒကို ရင်ထဲ၌ သိမ်းဆည်းထားခွင့်ပင် မရှိခဲ့။ ရင်ထဲ၌ သိမ်းဆည်းထားခြင်း ကိုယ်နှိုက်က အပြစ်တစ်ခု ဖြစ်ခဲ့သည်။ သို့အတွက်ကြောင့်လည်း ၁၉၈၈ ခုနှစ်က ရေးခဲ့သော စာရေးသူ၏ ကဗျာတစ်ပုဒ်၏ တစ်စိတ်တစ်ပိုင်းတွင်
ဆန္ဒမီးပြင်း၊ လောင်မြိုက်ခြင်းက
ပြာကြွင်းမှုန့်ညက်၊ နှိပ်စက်ရှည်ကြာ
ရွံရှာဖွယ်၊ စိတ်ပျက်ဖွယ်၊
စက်ဆုပ်ဖွယ်ဖြစ်
ဒုက္ခမြစ်ထဲ၊ နှစ်မြှုပ်ပစ်ချ
ဆန္ဒ ဖယောင်းတိုင်
မီးစာခိုင်ဖြတ်၊ ငြှိမ်းသတ်ပါချင်။
လူဖြစ်ခါစ၊ လောကရှိ လေကို စတင်ရှူရှိုက်သည့် အချိန်မှစပြီး ဆန္ဒတသီတတန်းတွေကို ဘာကြောင့်များ ထွေးပိုက်ထားချင်ကြလေသနည်း။ ဆန္ဒများအား ထွေးပိုက်ထားခြင်းက အရေးမကြီး၊ တရားသော ဆန္ဒများ ဘယ်သောအခါမျှ ပြည့်ဝသည်ကို မမြင်မတွေ့၊ မခံစားရ ကြာလေသောအခါ မောဟိုက်နွမ်းလျ၊ ပင်ပန်းလှပါပြီ။ ယခုလည်း ပြည်သူအတွက် ပြည်သူတို့၏ တရားသော ဆန္ဒများကို ဖြည့်ဆည်းပေးနေပါသလား၊ ပြည်သူတွေ၏ ဆန္ဒများကို ထင်ဟပ်ပြီး အရေးတယူ အလေးထားနေပါသလား။ မေးခွန်းများစွာ ဖြေဆိုရန် ကျန်ရှိနေပါသေးသည်။
စာရေးသူကတော့ မိမိထွန်းညှိခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လောင်မြိုက်ဆဲရှိနေသည့် ဆန္ဒဖယောင်းတိုင်၏ မီးစာအားဖြတ်တောက် ငြှိမ်းသတ်လိုက်ပါပြီ။

Credit -  Eleven Media Group

No comments:

Post a Comment