Written by - နရီမင်း
မြစ်ရေစီးထဲ ပုပ်အဲ့နေတဲ့ အလောင်းကောင်တွေ ပေါလောမျောလာသလိုမျိုး ကောင်းကင်တစ်ခိုမှာ တိမ်မည်းမည်းကြီးတွေ မျောလွင့်နေခဲ့တယ်။ “ကိုကိုရေ မိုးတွေတအားရွာတော့မယ်” တဲ့။
ဘယ်အရပ်မှာ သင်္ဘောပျက်သလဲ။ ဘာရသမှ မခံစားရပါလား။ ဆေးလိပ်ဖြတ်ပြီး ဆံပင်ညှပ်ထားတဲ့ညနေလို ကျွန်တော့်နှလုံးသားက ဗလာကျင်းလို့။ သကြားလုံးတစ်လုံး ငုံထားပေမယ့် အချိုဓာတ်က လျှာထဲကိုရောက်မလာဘူး။ ညီမလေးရဲ့ အသံတွေက မကြားတစ်ချက် ကြားတစ်ချက်။ ပြဒါးလို ခုန်ခုန်ထွက်လို့။
“ဘာမှန်းလည်း မသိဘူး။ မိုးရာသီဆိုတာ အပြင်သွားရင် ထီးယူသွားရတယ်” တဲ့။
သံလိုက်အိမ်မြှောင်ပါတယ်။ မာလိန်မှူးပါတယ်။ မိုးလေ၀သသတင်းတွေ နားထောင်၊ ပြဿဒါးရက်တွေ ရှောင်တယ်။ ဒါပေမဲ့ သင်္ဘောမှောက်ခဲ့ပြီ ညီမလေးရယ်။
“ရှင် ရူးနေလား။ ဘာတွေပြောမှန်းလည်း မသိဘူး။ နားမလည်ဘူး”
မင်း ဘာကိုမှနားလည်ဖို့ မလိုပါဘူး။ မအောင်မြင်တဲ့ကျူရှင်တွေ ကိုယ်ဖွင့်ဖူးတယ်။
“ကိုကို့ကို သူများတွေက အလကားအရူး။ ဘာတွေလျှောက်ရေးမှန်း မသိဘူးလို့ ပြောကြတာကို မခံနိုင်လို့ပါ”
မင်းကလည်း ကလေးလေးကျနေတာပဲ။ ပြောကြပစေပေါ့။ ကိုယ့်မှာရေးပိုင်ခွင့်ရှိသလို သူတို့မှာလည်း ပြောပိုင်ခွင့်ရှိတာပဲ။ ရသစာပေတွေကို နားလည်အောင် ကြိုးစားတာကတော့ ဦးနှောက်ချည်းပဲ သုံးဖန်များလွန်းလို့ နှလုံးသားသံချေးတက်နေတာမျိုး ဖြစ်နိုင်တာပေါ့။
“ဟော့တော်၊ ကျွန်မနာရီ ရပ်နေပြီ”
အင်း၊ မင်းနာရီက ချေးဆေးဖို့လိုနေပြီနဲ့ တူတယ်။
“ကျွန်မကျောင်းသားတွေကို စာသင်ဖို့ ၅ နာရီမှာ ချိန်းထားတာ”
ငါကတော့ အားလုံးမေ့ထားပြီး လမ်းမပေါ် ဘာမှမသိသလို လျှောက်သွားချင်သေးတယ်။
“ဟုတ်တယ်၊ ကိုကိုက အရူးပဲ”
ကိုယ့်ကိုယ်ကိုယ် အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဒါမှမဟုတ် မရှိမဖြစ်လို့ ဘယ်တော့မှ မထင်မိစေနဲ့ ညီမလေးရေ။ အဲဒီလို ထင်မိရင်တော့ အရူးပဲ။
“ကိုကိုကလည်း ကိုယ့်တာဝန် ကိုယ်ယူကြေးဆို”
ငါကတော့ လွတ်လပ်မှုကို ဘာနဲ့မှ အလောင်းအစား မလုပ်နိုင်ဘူး။
ကိုယ့်တာဝန်ကိုယ်ယူပြီး လမ်းမပေါ်မှာ ကျွန်တော်လျှောက်သွားနေပါတယ်။ နောက်တစ်နာရီလောက်ဆို ကျွန်တော်ဆေးခန်းကို သွားပါ့မယ်။ သူ့ဘာသာလည်း အချိန်တန်ရင် ပျောက်သွားမယ့် လူနာတချို့ကို ကျွန်တော်အဖျားကျဆေး ထိုးပေးပါ့မယ်။ ကင်ဆာရောဂါကျွမ်းနေတဲ့ လူနာကို သေချိန်နောက်ကျသွားအောင် ကျွန်တော်ဆေးတချို့ သွင်းပေးရဦးမယ်။
မနက်က အလုပ်ကို နောက်ကျမှရောက်လို့ ကျွန်တော်အဆူခံရတယ်။ တမလွန်ဘ၀ရောက်ရင် လူနာက ကျွန်တော့်ကို ကျိန်ဆဲမှာသေချာတယ်။ အချိန်နောက်ကျမှ ရောက်လာလို့ သေမင်းက သူ့ကို အပြတ်ကြိမ်းတော့မှာပဲ။ လိုင်းကားတွေက စောင့်ရတာ ကြာတယ်။ တက္ကစီက ဈေးကြီးတယ်။ ဘုရားသိကြားမလို့ ကျွန်တော့်လူနာ မသေပါနဲ့ဦး။ မနက်ဖြန်တော့ အလုပ်ကို အချိန်မီအောင် သွားလိုက်ချင်ပါသေးတယ်။
“မင်းတို့စာရေးဆရာတွေ လူတကာကို ညာလို့ရချင်ရမယ်။ ငါ့ကိုတော့ ညာလို့မရဘူးကွ” လူဝကြီးက ကျွန်တော့်ကို အပြတ်ဟောက်နေတယ်။
“လူတကာကို ညာလို့ရပေမယ့် ပေါင်ချိန်စက်ကိုတော့ ဘယ်ညာလို့ရမလဲ” လို့ စိတ်ထဲမှာရေရွတ်ရင်း ကိုယ့်ဟာသနဲ့ကိုယ် စိတ်ထဲကျိတ်ရယ်နေမိတာ သိပ်ကောင်းတာပဲ။ သူဘာတွေပြောနေမှန်း မသိလိုက်ရတော့ဘူး။ ရောမမြို့ကြီး မီးလောင်နေတဲ့အချိန်မှာ တယောထိုးနေတဲ့ ဘုရင်ကြီးကို ကျွန်တော်ကိုယ်ချင်းစာတတ်သွားပြီ။ သေမင်းသာ လူရွှင်တော်မော့စ်နဲ့တူရင် သိပ်ကောင်းမှာပဲ။ သူ့ကိုကြည့်ပြီး ရယ်နေရတာနဲ့ပဲ။ သေလို့သေမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။ Laughing Gas လို့ခေါ်တဲ့ နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့ကို သတိရတယ်။ အရင်တုန်းက သွားနုတ်တဲ့အခါမှာ သုံးတယ်တဲ့။ ရယ်ချင်စိတ်ပေါက်နေတာနဲ့ပဲ နာလို့နာမှန်း မသိလိုက်ဘူးတဲ့။
“အရှင်ဘုရား တပည့်တော်သေရင် ရယ်ရင်းနဲ့ပဲ သေရပါလို၏ ဘုရား”
“ရယ်လွန်းရင် ငိုရတတ်တယ်” တဲ့။ ဖက်တီးမသိင်္ဂီက ပါးစပ်ပုပ်ကြီးနဲ့ ပြောတယ်။ Sad Movie Made Me Cry တဲ့။ အဆွေးရုပ်ရှင်တွေ ကျွန်တော်မကြည့်ချင်ဘူး။ အဆိုတော် ကိုမင်းအောင်တစ်ယောက် ငိုသံပါကြီးနဲ့ သီချင်းဆိုရင်း သေသွားတယ်။ ဂီတာတစ်လက်ရယ်၊ စတီရီယို ကက်ဆက်တစ်လုံးရယ် ထည့်ပေးလိုက်ကြတယ်။ ကိုမင်းအောင်ကို ကျွန်တော်လေးစားပါတယ်။ ဒါပေမဲ့ ငိုရင်းနဲ့တော့ ကျွန်တော်မသေချင်ဘူး။
ကမူးရဲ့ Outsider ၀တ္ထုထဲမှာ သာမန်လူတစ်ယောက်သာဖြစ်တဲ့ မားဆိုးဟာ သူ့အမေအသုဘကို လမ်းတစ်ဝက်ကနေ လှည့်ပြန်လာပြီး ကောင်မလေးတစ်ယောက်နဲ့အတူ ဟာသရုပ်ရှင်ကားတစ်ကားကို သွားကြည့်တယ်။ ရယ်ခြင်းကို တီထွင်ခဲ့သူကို အက်ဒီဆင်နဲ့အတူ နိုဘယ်ဆုပေးသင့်ပြီး ငိုခြင်းကို တီထွင်ခဲ့သူကိုတော့ ဟစ်တလာ၊ မူဆိုလီနီ၊ ဆက်ဒမ်ဟူစိန်တို့နဲ့အတူ ခုံရုံးတင်သင့်တယ်။ သိင်္ဂီကိုတော့ ခွင့်လွှတ်လိုက်ကြပါ။ (အမိုက်မဲလေးမို့)
“ဟီးဟီး၊ ကိုကို့ဟာက ဘာတွေရေးထားမှန်း မသိဘူး။ ရယ်ရတယ်နော်”
ဘာတွေရေးထားမှန်း မသိဘဲ ဘာလို့ရယ်ရတယ်လို့ ပြောတာလဲ။
“ဟာ၊ ကိုကိုကလည်း ရယ်ရတာနဲ့ နားလည်တာနဲ့ မဆိုင်ပါဘူး။ နားမလည်ဘဲနဲ့လည်း ရယ်ရတာပဲ။ ဥပမာ လူရွှင်တော်တစ်ယောက်ရဲ့ အမူအရာဆိုပါတော့။ ဘာလုပ်ပြနေတာလဲ နားမလည်ဘဲနဲ့ကို ရယ်ရတယ်”
ဟုတ်တယ်။ ဘာမှနားလည်စရာ မလိုဘူး။ ဟာသဆိုတာလည်း ရသတစ်ပါးပဲ။ ရသကိုခံစားဖို့ရာ ဘာကိုနားလည်နေရဦးမှာလဲ။ ဘာတွေပြောနေမှန်း မသိဘဲနဲ့ကို ကိုယ်ပါအလိုလိုနေရင်း စိတ်ညစ်လာအောင်လုပ်တဲ့ ခိုတစ်ပိုင်းလူတစ်ပိုင်း သူငယ်ချင်းတွေနဲ့ ပေါင်းဖူးပေါင်းများပြီ။ အခုတော့ အသက်ကြီးပါပြီကွာ။ ရယ်စရာပြောတတ်တဲ့ သူငယ်ချင်းမျိုး။ ဒါမှမဟုတ် အရယ်သန်တဲ့ သူငယ်ချင်းမျိုးကိုပဲ ပေါင်းချင်တော့တယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ဘယ်သူမှအမြဲတမ်း မရယ်နိုင်ကြသလို ဘယ်သူမှလည်း အမြဲတမ်း ငိုမနေနိုင်ကြပါဘူး။ အားရအောင်ငိုပြီးရင် မျက်နှာထသစ်လိုက်ကြတာပဲ။ ငိုထားတဲ့မျက်နှာကို ပရိုမီနာတွေ ဘာတွေနဲ့ ဖို့ပြီး မိတ်ကပ်ရိုက်လိုက်ကြတော့တာပဲ။ ငယ်ငယ်ရွယ်ရွယ် မုဆိုးမလေးတစ်ယောက်လိုပေါ့။ ဒီတစ်ယောက်သေတာကို ငိုလို့မဆုံးဖြစ်နေရင် နောက်အသစ်တစ်ယောက် ဘယ်ရတော့မှာလဲ။ ရှင်လျက်နဲ့ သေနေရတဲ့ ဘ၀မျိုးကို ဘယ်သူမှ ခံတွင်းတွေ့နေနိုင်မှာ မဟုတ်ပါဘူး။ ဘုန်းတော်ကြီးတစ်ပါးရဲ့ တရားတစ်ပိုင်းတစ်စကို သတိရမိတယ်။
“တစ်ခါက ဒကာမကြီးတစ်ယောက် သူ့ဒကာကြီးဆုံးသွားတဲ့အခါ ဘာပြောကောင်းမလဲ။ မယ်ပဋာမြေလူး ချာချာလည်အောင် ရူးလို့။ ဒကာကြီးရဲ့ ခေါင်းတလားကို မြေဖို့မယ်ကြံတော့ သူကပါ ကျင်းထဲဆင်းပြီး ဘယ်လိုမှ အပေါ်ပြန်တက်ဖို့ ပြောလို့မရဘူး။ သူ့ဒကာကြီးမရှိမှတော့ သူလည်းအသက်မရှင်ချင်တော့ပါဘူး။ သူ့ကိုပါတစ်ခါတည်း မြှုပ်လိုက်ပါတော့တဲ့။ အဲဒါနဲ့ ဘယ်လိုမှ ပြောမရတဲ့အဆုံး ဘုန်းကြီးကဒကာတွေကို ပြောလိုက်တယ်။
ကဲ နေလည်းဝင်တော့မယ်။ မင်းတို့ ဖြေဖို့မယ့်ဟာသာ ဖို့လိုက်ကြပါတော့လို့။ အဲ့ဒီလိုမြေဖို့လို့ ဒကာမကြီးရဲ့ ခါးလယ်လောက်လည်းရောက်ရော ဘာပြောကောင်းမလဲ။ ဒကာမကြီးခမျာ အူရားဖားရား ကျင်းပေါ်ပြေးတက်လာတော့တာပေါ့။ လူမှမဟုတ်ဘူး။ ဘယ်သက်ရှိမဆို ဘယ်လောက်ပဲရူးရူး ဆက်ပြီးအသက်ရှင်ချင်တဲ့ ဆန္ဒတွေ ရှိကြတာချည်းပဲ”
မြစ်ရေစီးထဲ ပုပ်အဲ့နေတဲ့ အလောင်းကောင်တွေ ပေါလောမျောလာသလိုမျိုး ကောင်းကင်တစ်ခိုမှာ တိမ်မည်းမည်းကြီးတွေ မျောလွင့်နေခဲ့တယ်။ “ကိုကိုရေ မိုးတွေတအားရွာတော့မယ်” တဲ့။ ဘယ်အရပ်မှာ သင်္ဘောပျက်သလဲ။ ဘာရသမှ မခံစားရပါလား။ ဆေးလိပ်ဖြတ်ပြီး ဆံပင်ညှပ်ထားတဲ့ညနေလို ကျွန်တော့်နှလုံးသားက ဗလာကျင်းလို့။ သကြားလုံးတစ်လုံး ငုံထားပေမယ့် အချိုဓာတ်က လျှာထဲကို ရောက်မလာဘူး။
“ရှင် ရူးနေသလား။ ဘာတွေပြောမှန်းလည်း မသိဘူး။ နားမလည်ဘူး”
မစင်ပုံပေါ် လောက်တွေတက်သလို ဦးနှောက်အဟောင်းကြီးတွေပေါ်မှာ စကားလုံးအသစ်တွေ ရွစိတက်နေတယ်။
“ဟော့တော် ကျွန်မနာရီ ရပ်နေပြီ”
“ဟုတ်တယ်၊ ကိုကိုက အရူးပဲ”
အဆွေးရုပ်ရှင်တွေ ကျွန်တော်မကြည့်ချင်ဘူး။
Credit - Eleven Media Group
No comments:
Post a Comment