Friday, December 12, 2014

မိမိတို့၏ သားသမီးများ ဖေ့စ်ဘွတ်ခ် သုံးခြင်းကို မတားမြစ်ရန် မိဘများကို မာ့ခ်ဇက်ကာဘာ့ခ်ျ အကြံပေး

လန်ဒန်၊ ဒီဇင်ဘာ ၁၂။ လူမှုကွန်ယက် မီဒီယာ တစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်ခ်၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ မာ့ခ်ဇက်ကာဘာ့ခ်ျက သားသမီး များကို ထိန်းကျောင်းခြင်းနှင့် ပတ်သက်ပြီး မိဘများကို အကြံဥာဏ်များ ပေးခဲ့ရာတွင် ဖေ့စ်ဘွတ်ခ် သုံးစွဲခြင်းကို မတားမြစ်ပါနှင့် ဟူသည့် အချက်လည်း ပါဝင်သည်။

Mark



ကြာသပတေး နေ့က ပြုလုပ်ခဲ့သည့် အများ ပြည်သူနှင့် အမေးအဖြေ အစီအစဉ် တစ်ခုတွင် ဖေ့စ်ဘွတ်ခ်မှ သင်္ကေတ လေးများ၏ အသုံးအနှုံးက အစ လူမှု အသိုင်းအ၀ိုင်းတွင် ဖေ့စ်ဘွတ်ခ်၏ အခန်းကဏ္ဍ များ အပါအ၀င် သူ့အကြိုက်ဆုံး ပီဇာထဲ ထည့်စားသည့် ပါဝင် ပစ္စည်း အဆုံး မေးခွန်းပေါင်း များစွာကို ဖြေကြား ပေးခဲ့သည်။

အစီအစဉ် တစ်ခုလုံးသည် နောက်ဆုံး မေးခွန်း အပေါ် သူ၏ အဖြေနှင့်ပင် အကောင်းဆုံး အနှစ်ချုပ် ရမည် ဖြစ်ပြီး ပရိသတ် ထဲမှ အမျိုးသမီး တစ်ဦးက “ကျွန်မက ဆယ်ကျော်သက် တစ်ဦးရဲ့ မိခင်ပါ။ တကယ်လို့ ရှင်နဲ့ ကျွန်မသာ လက်ထပ် ထားတယ် ဆိုရင် ကျွန်မတို့ရဲ့ သမီးကို ဖေ့စ်ဘွတ်ခ် သုံးတာနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွင်ရင် ကောင်းပါ မလဲ” ဟု မေးခဲ့သည်။

ထိုမေးခွန်း၏ အဖြေကို ဇက်ကာဘာ့ခ်ျက ဟာသနှောကာ ဖြေခဲ့သည်။ သူ့တွင် ကလေး မရှိသော်လည်း ရှိခဲ့မည် ဆိုပါက လူမှုကွန်ယက် မီဒီယာ များနှင့် နည်းပညာ ပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်မည် မဟုတ်ဟု ဆိုခဲ့သည်။

“ကျွန်တော် ထင်တာကတော့ တစ်ခါတလေမှာ လူ့အဖွဲ့အစည်းက ကလေးတွေနဲ့ ပတ်သက်ရင် သူတို့ကို မသိသလို မတတ်သလိုမျိုး သဘောထားပြီး အလွန်အကျွံ စောင့်ရှောက် တတ်တဲ့ အမူအကျင့် ရှိပါတယ်။ တခါတလေမှာ ကလေး တွေက ခင်ဗျားတို့ ထင်ထားတာ ထက်တောင်မှ ပိုပြီး အတွေ့အကြုံ ရှိပြီးသားပါ။ ကျွန်တော် ကတော့ ကျွန်တော့် ကလေးတွေကို နည်းပညာကို သုံးစေ ချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါက ခင်ဗျားကို ပညာတတ်ပြီး ခေတ်မီတဲ့ ကမ္ဘာကြီး အတွက် လိုအပ်တဲ့ အရည်အသွေး တွေကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ နည်းလမ်း တစ်ခု ဖြစ်လို့ပါပဲ” ဟု ၄င်းက ဆိုခဲ့ခြင်း ဖြစ်သည်။

ဇက်ကာဘာ့ခ်ျက နည်းပညာ အသုံးပြုရန် အားပေးခဲ့ သော်လည်း အနိုင်အထက် ပြုခြင်းနှင့် တလွဲအသုံးချ ခြင်းများသည် ကုမ္ပဏီ အနေဖြင့် တားမြစ် နေရသည့် တကယ့် ပြဿနာများ ဖြစ်ပြီး ဖေ့စ်ဘွတ်ခ် အနေဖြင့် အသက် ၁၃ နှစ်အောက် ကလေးများကို သုံးစွဲခွင့် မပြုပါဟု ဇက်ကာဘာ့ခ်ျက ဆိုခဲ့သည်။

Ref: NBC News
Credit - Mizzima News

No comments:

Post a Comment