Thursday, December 11, 2014

ဟံသာဝတီ ဦးဝင်းတင်ရဲ့ ပုံတူ ရုပ်တု PEN Myanmar ကိုပေးအပ်

အမေရိကန် ပန်းပုပညာရှင် ဂျင်မက်နယ်လိစ် (Jim McNalis) က သူထုလုပ်ခဲ့တဲ့ ကွယ်လွန်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင် ရဲ့ ပုံတူရုပ်ထုကို PEN Myanmar အဖွဲ့ထံ ဒီကနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ PEN Myanmar ရုံးမှာပြုလုပ်တဲ့ လွှဲပြောင်းပေးအပ်ပွဲမှာ Mr. McNalis က ဆရာဦးဝင်းတင်ဟာ ပြည်သူတွေကို စိတ်ခွန်အားပေးနိုင် ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


"ဦးဝင်းတင်ဟာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းထောင်ထဲမှာနေခဲ့ရပေမဲ့ သူ့ယုံကြည်ချက် ပျက်မသွားဘဲ နိုင်ငံရေးကို အသက်ထက်ဆုံး လုပ်ဆောင် ခဲ့သူဖြစ်ပါတယ်။ သူဟာ အားလုံး အပေါ်မှာ စိတ်ဓါတ်ရေးရာအရ အားပေးနိုင်ခဲ့ သူဖြစ်သလို ဘယ်လိုဖိအားတွေကိုမှ ဒူးမထောက် ခဲ့ပါဖူး” လို့ ပန်းပုဆရာ ဂျင် မက် နယ်လိစ် (Jim McNalis) က ပြောသွားခဲ့တာပါ။

ဂျင်မက်နယ်လိစ် (Mr. Jim McNalis) ဟာ ၁၉၉ဂ ခုနှစ်လောက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ပုံတူကို ထုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ရုပ်ထုလွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ဆရာဦးဝင်းတင်ရဲ့ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံရေး သမားတွေနဲ့ သတင်းစာဆရာတွေ တက်ရောက်ခဲ့ ကြပါတယ်။

စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရတဲ့ ဟံသာဝတီ ဦးဝင်းတင်ဟာ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

Credit - RFA Burmese



 

No comments:

Post a Comment