သားသုံးသား ဆိုသည်မှာ ဘုရားသား (ရဟန်း)၊ စစ်သား (တပ်မတော်သား) နှင့် ကျောင်းသားတို့ကို ဆိုလိုသည်။ လက်ရှောင်ထားကြရသဖြင့် “မထိမတို့ရသူများ” (Untouchables) သဖွယ်ဖြစ်သည့် ထိုသားသုံးသားတို့သည် နိုင်ငံရေးတွင် ခေတ်ကာလ၏ လိုအပ်ချက်ကြောင့် အကြိမ်ကြိမ် ပါဝင် ပတ်သက်ခဲ့ကြသော်လည်း သူတို့၏ မူလနေရာသည် နိုင်ငံရေး မဟုတ်သဖြင့် မူလအခန်းကဏ္ဍကိုသာ အလေးပေး ထမ်းဆောင်နိုင်အောင် အခြေအနေများ ဖန်တီးပေးသင့်သည်။
လူများစု ဗုဒ္ဓဘာသာဝင် ဖြစ်သည့် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သော မြန်မာနိုင်ငံတွင် ရဟန်းတော်များသည် လူအများ အကိုးကွယ်ခံ၊ အပူဇော်ခံ၊ သံသရာမှ လွတ်မြောက်ကြောင်း အားကိုးပြုခံများ ဖြစ်ကြသည်။ ရဟန်းတို့၏ သြဇာ မည်မျှကြီးသနည်းကို အထူးတလည် ရှင်းပြရန် မလိုပါ။ ဘုန်းတော်ကြီး ကျောင်းများမှသာ ပညာယူခဲ့ရသည့် မြန်မာဘုရင်များခေတ်က ရဟန်းတော်များ၏ တန်ခိုးသြဇာကြီးမားခဲ့ပြီး နောင် အင်္ဂလိပ်ကိုလိုနီခေတ်တွင် ရဟန်းတော်များ၏ သြဇာ မြန်မာမင်းများခေတ်ကလောက် မရှိတော့သော်လည်း ယနေ့တိုင် သြဇာကြီးနေသေးသည်။
တပ်မတော်၏ သမိုင်းသည် မြန်မာ့ခေတ်ပေါ် သမိုင်းလည်းဖြစ်အောင် နယ်ချဲ့ဆန့်ကျင်ရေးတွင် တပ်မတော်သည် ခွဲမရအောင် ပါဝင်ခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း တပ်မတော်သည် နိုင်ငံရေးတွင် အဓိကကျသော အဖွဲ့အစည်းအဖြစ် တောက်လျှောက် ရပ်တည်ခဲ့သည်။ မြန်မာ့တပ်မတော်၏ အမြုတေဖြစ်သော ရဲဘော်သုံးကျိပ်ကို နိုင်ငံရေးသမားများဖြင့် စတင်ဖွဲ့စည်းခဲ့သောကြောင့် ယင်းတို့သည် နိုင်ငံရေးသမား အဖြစ် အခြေတည်ပြီး နှစ်ပေါင်းများစွာ ကြာသောအခါမှ စစ်သားများအဖြစ် အခြေကျခဲ့သည်။ “နိုင်ငံရေးသမား ပထမ၊ စစ်သားဒုတိယ” ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ လပိုင်းသာ ဖုတ်ပူမီးတိုက် သင်တန်းပေးခဲ့သောကြောင့် စစ်သားဖြစ်ရန် ရက်တိုသင်တန်းသာ တက်ခဲ့ရသည်ဟု ဆိုနိုင်ပြီး စစ်သားစစ်စစ် Professional Soldier ဖြစ်ရန် အတော်လေး အားယူခဲ့ရပုံပေါ်သည်။
လွတ်လပ်ရေးရပြီးစ တပ်မတော်တွင်းတွင် ကွန်မြူနစ်ဝါဒ လေ့လာလိုက်စားမှု မြင့်မားပြီး ဗမာပြည်ကွန်မြူနစ်ပါတီက ထိုးဖောက်စည်းရုံးချိန်တွင် တပ်မတော်မှ တပ်ရင်းအချို့ တောခိုပြီး တော်လှန်ပုန်ကန်ခဲ့ခြင်းမှာ Professional Soldier ဖြစ်ရန် အခြေခံက အားနည်းခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် တပ်မတော်သားများကို စစ်သားစစ်စစ်များ ဖြစ်ရန် လေ့ကျင့်ပေးခဲ့သော်လည်း ၁၉၆၂ တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့သောကြောင့် နိုင်ငံရေးနှင့် တိုက်ရိုက် ပါဝင်ပတ်သက်လာသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တည်ထောင်သော အခါတွင်လည်း တပ်မတော်သားများ ပါတီဝင်စေခြင်းများကြောင့် နိုင်ငံရေးနှင့် မဖြစ်မနေ ရောယှက်လာပြန်သည်။ စစ်သားစစ်စစ်များအဖြစ် လေ့ကျင့်ပေးခံခဲ့ရသည့် တပ်မတော်သားများသည်လည်း နိုင်ငံရေးနှင့် တိုက်ရိုက် ပါဝင်ပတ်သက်လာပြန်သည်။ ၁၉၈၈ နောက်ပိုင်းတွင် တပ်မတော်က အာဏာသိမ်းပြီး တပ်မတော်အစိုးရ ဖြစ်ချိန်တွင် ယူနီဖောင်းဖြင့် နိုင်ငံအုပ်ချုပ်သည့် ကာလ နောက်ထပ် နှစ်၂၀ ကျော်ခဲ့ပြန်သည်။
ကျောင်းသားသည် မြန်မာ့သမိုင်းကြောင်းအရ နိုင်ငံရေးနှင့် တိုက်ရိုက်ပတ်သက်နေသည်။ ကျောင်းသားဆိုသည်မှာ ငယ်ရွယ်သည်၊ စူးစမ်းလိုသည်၊ ကြောက်စိတ်နည်းသည်၊ လုပ်ရဲကိုင်ရဲသည်။ လူကြီးများကဲ့သို့ ငဲ့ကွက်ရန် သံယောဇဉ် သိပ်မရှိ။ ပထမ ကျောင်းသားသပိတ်၊ ဒုတိယ ကျောင်းသားသပိတ်၊ တတိယ ကျောင်းသားသပိတ်တို့သည် နယ်ချဲ့လက်အောက်မှ ရုန်းကန်ထကြွရာတွင် အဓိကကျခဲ့သော ကျောင်းသားလှုပ်ရှားမှုများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ နာမည်ကျော် နိုင်ငံရေးသမားများသည် ကျောင်းသားဘဝတွင် နိုင်ငံရေးလုပ်ရင်းဖြင့် နိုင်ငံအဆင့် နိုင်ငံရေးစင်မြင့်သို့ ရောက်လာသူများ ဖြစ်သည်။ ဦးအောင်ဆန်း၊ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေ (သိန်းဖေမြင့်) တို့သည် ကျောင်းသားနိုင်ငံရေးဘဝမှ တက်လာသော ထိပ်တန်းနိုင်ငံရေးသမားများ ဖြစ်ပြီး ယခုထက်တိုင် လူသိများ ထင်ရှားနေဆဲ။
သမိုင်းစာအုပ်များတွင်လည်း ကျောင်းသားများ၏ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကို အထူးတလည် ဂုဏ်ပြုထားသောကြောင့် အထက်တန်းကျောင်းလောက် ရောက်ခဲ့သည့် မြန်မာဆိုလျှင်ပင် ကျောင်းသားနှင့် နိုင်ငံရေးကို တွဲမြင်လေ့ရှိသည်။ ကျောင်းသားများသည် မြန်မာတို့၏ နှလုံးအိမ်တွင် နိုင်ငံရေး သူရဲကောင်းများ ဖြစ်သည်။
သားသုံးသားလုံးသည် မြန်မာ့နိုင်ငံရေး အစဉ်အလာအရ နိုင်ငံရေးနှင့် တွဲဆက်နေသည်။ သို့သော် ထိုသူတို့၏ အဓိက တာဝန်သည် နိုင်ငံရေး မဟုတ်။ ရဟန်းအတွက် ပရိယတ် ပဋိပတ် နိဗ္ဗာန်ရောက်ကြောင်းသည် ပထမ။ ကျောင်းသားသည် ပညာတတ်အောင် သင်ရေး ပထမ။ စစ်သားသည် နိုင်ငံကို စစ်ရေးဖြင့် ကာကွယ်ရေး ပထမ။ ထိုသားသုံးသားတို့သည် သူတို့၏ ပင်မတာဝန် မဟုတ်သော တာဝန်ကို ကိုလိုနီခေတ် လိုအပ်ချက်များအရ စတင် ထမ်းဆောင်ခဲ့ရသည်။ ရဟန်းတော်များ ဖြစ်သော ဦးဥတ္တမ၊ ဦးဝိစာရ၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်၊ ကိုဗဟိန်း၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ရဲဘော်သုံးကျိပ်နှင့် ဗိုလ်မှူးဗထူး စသော တပ်မတော်သားတို့သည် မြန်မာတို့ရင်ထဲ အသည်းထဲတွင် မည်သည့်အခါမျှ မမေ့နိုင် မပျောက်နိုင်သည့် အာဇာနည်များ ဖြစ်သည်။
မြန်မာ့နိုင်ငံရေးနှင့် သမိုင်းကြောင်းတစ်လျှောက် တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့သော ထိုသားသုံးသားလုံးသည် ယနေ့ခေတ် နိုင်ငံရေးမှ အလွယ်တကူ ကင်းကွာသွားရန်မူ မရှိပါ။ ၁၉၈၈ အရေးသည် ကျောင်းသားအရေးမှ စတင်ခဲ့ခြင်း၊ ရဟန်းတော်များကြောင့် ထင်ရှားခဲ့သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတို့သည် လူသိများ ဥပမာများသာ ဖြစ်ပြီး နောင်တွင်လည်း သားသုံးသားတို့သည် နိုင်ငံရေးတွင် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်ပြီး လည်းကောင်း ပါဝင်နေမည်သာ ဖြစ်သည်။ သို့သော် ထို သားသုံးသားလုံး နိုင်ငံရေးတွင် တိုက်ရိုက်ပါဝင်ခြင်းမှ တဖြည်းဖြည်း နောက်ဆုတ်ပြီး မိမိ၏ ပင်မတာဝန်ကို ထမ်းဆောင်နိုင်အောင် မြန်မာ့လူ့အဖွဲ့အစည်း၊ နိုင်ငံရေးကို ပြုပြင်ပေးရန် လိုသည်။
ကျောင်းသားများ နိုင်ငံရေးလုပ်မည်ကို ကြောက်သောအခါ သူတို့ စည်းကမ်းဖောက်ခြင်း၊ ဥပဒေအထက်တွင် နေခြင်းများကို မျက်ကွယ်ပြုလာရသည်။ ခိုးချသော ကျောင်းသားကို အရေးမယူရဲသည့် ကာလများ၊ လူများများအောင်အောင် အမှတ်ပေးစည်းမျဉ်း လျှော့ပေးရသည့် ကာလများသည်လည်း ပူပူနွေးနွေးသာ ရှိသေးသည်။ ဘတ်စ်ကားတွယ်စီးလျှင် ဖမ်းသည့် ဆီးသည့် ယာဉ်ထိန်းရဲသည် ကျောင်းသားတွယ်စီးလျှင်မူ အရေးမယူရဲ။ ကျောင်းသားမောင်းသည့်ကား လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းဖောက်လျှင် မသိချင်ယောင် ဆောင်ရသည့် ခေတ်တစ်ခေတ် ရှိခဲ့သည်။ ကျောင်းသားများသည် မိဘဆွေမျိုးသားချင်းများ၏ ရင်နှစ်သည်းချာများ ဖြစ်သောကြောင့် ကျောင်းသားတစ်ယောက် ပါလျှင် “တစ်ယောက်ကစ တစ်ရာ” ဆိုသလို မိဘဆွေမျိုးသားချင်း ဆက်စပ်သူများပါ တစ်နွယ်ငင် တစ်စင်ပါ ပါဝင် ပတ်သက်လာကြတော့သည်။
သံဃာတော်များကိုထိလျှင် ဒကာ၊ ဒကာမများ ပါဝင် ပတ်သက်လာကြသည်။ ရွာတို့တွင် ရွာဦးကျောင်း ဆရာတော်ပြီးလျှင် ကျန်သူအားလုံး ပြီးသည်။ သံဃာတော် အင်အားသည် သန်းဝက်ရှိသည်။ တပ်မတော်သည်လည်း သန်းဝက်ရှိသည်။ အားလုံးသည် ယောက်ျားသားချည်း။ တပ်မတော်နှင့် သံဃာတော်တို့၏ အားကြောင့် ခေတ်အဆက်ဆက် အစိုးရ အပါအဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုတို့သည် ထိုသူတို့ကို မိမိဘက်ပါအောင် စည်းရုံးတတ်ကြသည်၊ အသုံးချတတ်ကြသည်။ သံဃာတော်များ မဲမပေးရသော်လည်း သံဃာတော်များ ထောက်ခံချက်ဖြင့် ဒကာ၊ ဒကာမများ၏ မဲရအောင် ကြိုးစားကြသည်။ အာဏာရအစိုးရ ဆိုလျှင် သာသနာ့ ဒါယကာဖြစ်အောင် အမျိုးမျိုး ကြိုးစားကြရသည်။ ပါလီမန် ဒီမိုကရေစီခေတ်က သာသနာ့ ဒါယကာ အသွင်ဖြင့် သံဃာတော်များအားဖြင့် မဲနိုင်ရန် ကြိုးစားသည့်ဘက် ရှိသလို တပ်မတော်အားဖြင့် အနိုင်ရရန် ကြိုးပမ်းသည့်ဘက်လည်း ရှိသည်။
မြန်မာ့နိုင်ငံရေးစင်မြင့်တွင် လက်ရှိထင်ရှားသူ၊ ကိုလိုနီခေတ်မှသည် ယနေ့တိုင် ထင်ရှားနေဆဲ အများအပြားသည် ကျောင်းသားများ၊ သို့မဟုတ် စစ်သားများ ဖြစ်သည်။ ဦးနေဝင်းနှင့် NLD ဥက္ကဋ္ဌ ဦးတင်ဦးသည် စစ်သားများ ဖြစ်သည်။ လက်ရှိတွင် ၈၈ မျိုးဆက် ကျောင်းသားများ တစ်ဖြစ်လဲ ၈၈ အဖွဲ့သည် အစိုးရမဟုတ်သော နိုင်ငံရေးသမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပြီးလျှင် ဒုတိယဟု ဆိုရလောက်အောင် ထင်ရှားသည်။ ဗိုလ်ချုပ်အောင်ဆန်းဆိုလျှင် ထိပ်တန်းကျောင်းသားခေါင်းဆောင် တစ်ဖြစ်လဲ ခေတ်သစ် မြန်မာ့တပ်မတော် တည်ထောင်သူ ဖြစ်သောကြောင့် ကျောင်းသားရော စစ်သားကိုပါ ကိုယ်စားပြုနေသည်။
ကျောင်းသား၏ အဓိကတာဝန်သည် နိုင်ငံရေးမဟုတ်၊ ပညာသင်ရန် ဖြစ်သည်။ စစ်သား၏ အဓိကတာဝန်သည် နိုင်ငံကာကွယ်ရန် ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင် တိုက်ရိုက်ဝင်ပါရန် မဟုတ်။ ရဟန်းတော်၏ တာဝန်သည် သာသနာတော်ရေး၊ နိဗ္ဗာန်ရောက်ကြောင်း တရားများ ဟောပြောပို့ချ ကျင့်ကြံရန်ဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင်ရန်မဟုတ်။ မိမိနယ်ပယ်နှင့် တိုက်ရိုက်မသက်ဆိုင်သော နိုင်ငံရေးတွင် ရေရှည်လှုပ်ရှားလိုလျှင် ကျောင်းသားဘဝမှ ပြောင်း၊ ယူနီဖောင်းလဲ၊ သင်္ကန်းချွတ်ပြီး ပါနိုင်သည်။ မူရင်းတာဝန်မှ သားသုံးသား သွေဖည်ပါဝင်နေခြင်းကြောင့် နဂိုတာဝန်များကို ယုတ်လျော့လစ်ဟင်းလျှင် မြန်မာ့လူ့အဖွဲ့အစည်း နစ်နာမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ ကိုလိုနီခေတ်မှစပြီး ခေတ်အဆက်ဆက်တွင် လိုအပ်ချက်အရ ထိုသားသုံးသားတို့ နိုင်ငံရေးတွင် လုပ်ဆောင်ခဲ့သည်များကို အသိအမှတ်ပြုပါသည်။ သမိုင်းမှတ်တမ်းများတွင်လည်း ရေးထိုးမှတ်တမ်းတင်ပြီး ဖြစ်ပါသည်။ သို့သော် ထိုသားသုံးသားတို့၏ မူလတာဝန်ကို ထမ်းဆောင်နိုင်မှသာ တည်ငြိမ်ဖွံ့ဖြိုးနေသည့် အခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံသည် ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်ရောက်မည်ကို မမေ့ကြစေလို။
Credit - The Voice Weekly

No comments:
Post a Comment