Thursday, December 11, 2014

လိပ်ကျွန်းလူသတ်မှု ထိုင်းတရားရုံး၏လုပ်ထုံးအပေါ် စိုးရိမ်သံသယများ ဖုံးလွှမ်းနေ

စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း)ရှိ ဆိုင်ရီးကမ်းခြေ၌ ဗြိတိန်နိုင်ငံသာ ၂ဦး အသတ်ခံခဲ့ရသည့်အမှုဖြင့် စွပ်စွဲခံ မြန်မာလူငယ် ၂ဦးဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားခံရှေ့နေများအနေနှင့် တရားလိုဘက်မှ တင်ပြမည့် သက်သေအထောက်အထားများအား ကြည့်ရှုခွင့် မပေးဘဲ လျောက်လဲချက်ကို ၇ရက် အတွင်း ရုံးတော်သို့ တင်ပေးရမည်ဆိုသော ထိုင်းတရားရုံးလုပ်ထုံးများအပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းများက စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားသည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါအမှုနှင့် ပတ်သက်၍ အခြားသံသယရှိရသူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ထိုင်းရဲတပ်ဖွဲ့၏ ရိုတ်နှက်စစ်ဆေးခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သက်သေခံချက်များအား ထည့်သွင်းတင်ပြခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာပြီးနောက်တွင် တရားရုံးက အမှုကြားနာစစ်ဆေးရန် အချိန်သတ်မှတ်ချက် အသစ်ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလူသတ်မှုအတွက် ကိုဇော်လင်းနှင့် ကိုဝေဖြိုး(၂ဦးစလုံး အသက် ၂၁ နှစ်)တို့အား အခင်းဖြစ်ပွားပြီး ၂ ပတ်အကြာတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ကနဦးက လူသတ်မှုကျုးလွန်မိခဲ့ကြောင်း ၎င်းတို့က ၀န်ခံခဲ့သော်လည်း စုံစမ်းစစ်ဆေးသူများက ၎င်းတို့အား ရိုက်နှက်ခြင်း၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းတို့ကြောင့်သာ ၀န်ခံခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ယင်းထွက်ဆိုချက်အား ပြန်လည်ရုတ်သိမ်းခဲ့ကြသည်။

၎င်းတို့ ၂ဦးအား ဗြိတိန်နိုင်ငံသား ၂ဦးကို ပေါက်တူးဖြင့် ရိုက်သတ်မှု၊ မစ္စ၀ုသားရစ်ခ်ျအပေါ် မုဒိန်းပြုကျင့်မှုတို့ဖြင့် ယခင်သီးတင်းပတ်က စွဲချက်တင်ခဲ့ပြီး သေဒဏ်ကျခံရဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ထိုင်းရဲတပ်ဖွဲ့၏ ကနဦးအမှုတွဲသည် ခိုင်လုံမှုမရှိသဖြင့် ထိုင်းရှေ့နေများကောင်စီက ပယ်ချခဲ့သေးသည်။ ထို့နောက် ၁လ နီးပါးအကြာ သက်သေအထောက်အထားများ ထပ်မံဖြည့်စွက်ပြီး တင်ပြခဲ့ခြင်းကို ရှေ့နေများက ဒီဇင်ဘာ ၃ရက်က စွဲချက်တင်ရန် လက်ခံခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားခဲ့သော ခိုတောင်ကျွန်းအနီးရှိ အရွယ်အစားအားဖြင့် ပိုမိုကြီးမားသည့် ကော့စမွီကျွန်း တရာရုံးက အမှုကို စတင်ကြားနာမည့် ရက်အား ကနဦးသတ်မှတ်သည့် ဖေဖော်ဝါရီ ၂၅ ရက်မှ ဒီဇင်ဘာ ၂၆ ရက်သို့ ရွှေ့လိုက်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားရ၍ လျေက်လဲချက် အပြီးသတ် တင်ပေးရမည်ဟု သတ်မှတ်ထားကြောင်း စွပ်စွဲခံ မြန်မာ ၂ဦးဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေအဖွဲ့ ခေါင်းဆောင်ရှေ့နေ နမ်ခုံချုံပူချတ်၏ ပြေပြချက်အရ သိရသည်။

တရားခံရှေ့နေများဘက်မှ ဒီဇင်ဘာ ၁၈ရက် နောက်ဆုံးထား၍ အပြီးသတ်လျောက်လဲချက်တင်ပေးရမည်ဖြစ်သော်လည်း တရားလိုဘက်မှ စွဲချက်အပြည့်အစုံကို ကြည့်ရှုခွင့်မပေးဘဲ စွဲဆိုမည့် ပုဒ်မများ၊ သေဆုံးသူ ဗြိတိန် ၂ဦးတို့၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသော ဒဏ်ရာများစသည်တို့ကိုသာ ဖော်ပြထားသည့် စာမျက်နှာ ၆ မျက်နှာပါ စာရွက်စာတမ်းများကိုသာ ကြည့်ရှုခွင့် ရကြောင်း သိရသည်။

တရားလိုဘက်မှ တင်ပြမည့် စွဲချက်အပြည့်အစုံသည် အဆိုပါအမှုအတွက် အစောပိုင်းက ထိုင်းနိုင်ငံသို့စေလွှတ်ခဲ့သော ဗြိတိန်ရဲတပ်ဖွဲ့ထံ၌ ရှိနေပြီး ၎င်းတို့က အသတ်ခံရသူ ဗြိတိန်နိုင်ငံသားတို့၏ မိသားစုများအား ပြသခဲ့ရာ တရားလိုစွဲချက်သည် ခိုင်မာအားကောင်းသည်ဟုပင် မိသားစုဝင်များက ယခင်အပတ်က ထုတ်ဖော်ပြောဆိုခဲ့သော်လည်း တရားခံရှေ့နေများအနေနှင့် တစုံတရာ သိခွင့်မရချေ။

မျှတသော တရားစီရင်မှုအတွက် လှုပ်ရှားသူများအဖွဲ့ Reprieve မှ Maya Foa က သေဆုံးသူများ၏ မိသားစုအပေါ် ဂရုဏာသက်မိကြောင်းနှင့် မိသားစုဝင်များအနေနှင့် အမှန်တကယ် ပြစ်မှုကျုးလွန်ခဲ့ကြသူများအား ထိုက်တန်သည့် အပြစ်ပေးသည်ကို မြင်လိုသည့် ဆန္ဒအား နားလည်ကြောင်း ပြောသည်။

“မျှတပြီး ပွင့်လင်းမြင်သာရှိတဲ့ တရားစီရင်မှုကို မြင်ချင်တာ ကျွန်မတို့လည်း သူတို့နဲ့အတူတူပါပဲ၊ ဒါပေမယ့် လက်တလောမှာတော့ အဲဒီလို ဖြစ်မယ့်ပုံ မပေါ်ဘူး၊ အခင်းဖြစ်တဲ့နေရာကို ၀င်ချင်သလို ၀င်၊ ထွက်ချင်သလို ထွက်တာတွေ၊ နှိပ်စက်ပြီး ၀န်ခံခိုင်းတာတွေ၊ လူသေမှုဆေးစစ်ချက်က မယုံကြည်ရတာတွေနဲ့ ပတ်သက်လို့ အကျယ်တ၀င့် ပြောဆိုရေးသားခဲ့ကြတယ်လေ။ တရားလိုစွဲချက်ကို ဗြိတိန်ရဲတပ်ဖွဲ့ကိုတောင် ပြပြီး တရားခံရှေ့နေတွေဘက်ကိုတော့ သိခွင့်မပေးဘဲ အခုဆို သူတို့အနေနဲ့ လျောက်လဲဖို့ ၇ရက်သာ အချိန်ပေးထားတယ်။”

ဗြိတိန်အစိုးရသည် မည်သည့်အခြေအနေမျိုးတွင်မဆို သေဒဏ်ချမှတ်ခြင်းအပေါ် ဆန့်ကျင့်သည့် မူဝါဒရှိသည့်အတွက် လွတ်လပ်မျှတသည့် တရားစီရင်မှုဖြစ်ရေး ၎င်းတို့အနေနှင့် ထိုင်းအစိုးရအား တိုက်တွန်းသင့်ကြောင်းလည်း ယင်းက ဆိုသည်။

အဆိုပါအမှုတွင် တရားခံရှေ့နေများအား ကူညီလုပ်ဆောင်နေသူတဦးဖြစ်သူ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်လျက်ရှိသော ဗြိတိသျှလူမျိုး တက်ကြွလှုပ်ရှားသူ အန်ဒီဟောက တရားခံရှေ့နေများအနေနှင့် ယခုကဲ့သို့ တရားလိုဘက်မှ စွဲချက်ကို ကြည့်ရှုခွင့်မရသဖြင့် လျောက်လဲချက်တင်ရန်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ တရားလိုတွေက ဘာသက်သေအထောက်အထားတွေတင်ပြလာမယ်ဆိုတာ မသိရလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်၊ မီဒီယာတွေက ရေးတဲ့အကြောင်းအချက်တွေထက်ပိုပြီး ဘာမှ မသိရဘူး၊ ကျွန်တော်တို့ဘက်က ကိုယ်ပိုင်အထောက်အထားတွေနဲ့ လျေက်လဲတဲ့အချိန်ကျမှပဲ သူတို့က ဘာအထောက်အထားတွေနဲ့ စွဲချက်တင်သလဲဆိုတာ သိရမယ်၊ ဒါဟာ လုံးဝမဖြစ်နိုင်တဲ့အနေအထားပါ။ ကိုယ့်ကို ဘာအထောက်အထားနဲ့ စွပ်စွဲသလဲမသိတဲ့ အမှုကို ဘယ်လိုရင်ဆိုင်မလဲဗျာ၊ ကိုယ့်ကိုဘာနဲ့ စွဲတယ်ဆိုတာ သိထားရမှာဖြစ်တယ်၊ ဒါဟာ ရာဇ၀တ်မှုစီရင်ထုံးရဲ့ အခြေခံသဘောတရားပါ” ဟု အန်ဒီဟောက ပြောသည်။

ယင်းအပြင် ထိုင်းရဲတပ်ဖွဲ့က အဆိုပါအမှုအတွက် စစ်ဆေးရာတွင် ခိုတောင်ကျွန်းပေါ်ရှိ အခြားသော မြန်မာလုပ်သားများအား နှိပ်စက်ခဲ့သည့် သက်သေအထောက်အထားပါ မှတ်တမ်းအား အန်ဒီဟောက ထိုင်းလူ့အခွင့်အရေးကောင်စီသို့ ဒီဇင်ဘာ ၉ ရက်နေ့က ပေးအပ်ခဲ့သည်။

အဆိုပါမှတ်တမ်းပါ ဓါတ်ပုံ၊ ဗီဒီယိုနှင့် အသံဖိုင်များတွင် စုံစမ်းစစ်ဆေးမှုပြုလုပ်စဉ်အတွင်း ထိုင်းရဲများ၏ ရိုက်နှက်ခံရပုံ၊ ရေနွေးပူဖြင့် လောင်းခံရပုံများ မြန်မာလူငယ်များ၏ ထွက်ဆိုချက်များ ပါဝင်သည်သည်။ ယင်းစွပ်စွဲချက်များကို ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုထားသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ထိုင်းရဲတပ်ဖွဲ့၏ နှိပ်စက်မှုများနှင့်ပက်သက်၍ စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အခင်းဖြစ်ပွားရာနေရာသို့ အများတကာ ၀င်ထွက်ခဲ့ကြခြင်းကြောင့် မြန်မာလူငယ် ၂ဦးအား လူသတ်မှု ကျုးလွန်သည်ဟု စွပ်စွဲထားသည့် DNA အထောက်အထား မှန်ကန်တိကျမှုနှင့် ပတ်သက်၍လည်း သင်္ကာမကင်း ဖြစ်လျက်ရှိသည်။ ထိုင်းနိုင်ငံတွင် ရာဇ၀တ်မှုကြီးများအတွက် မြန်မာရွှေ့ပြောင်းလုပ်သားများအား မှာယွင်းစွာ ဖမ်းဆီးအပြစ်ပေးရန် ကြိုးပမ်းခဲ့မှုများ ရှိခဲ့သည့်အတွက်လည်း ပိုမိုစိုးရိမ်ကြခြင်း ဖြစ်သည်။

‪#‎myanmar‬ ‪#‎kohtao‬
Ref ; The Gurdian

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment