အပိုင်း (၁)
အပြောင်းအလဲများနှင့် မြန်မာနိုင်ငံ
၂၀၁၁ ခုနှစ် အစိုးရသစ် တက်တဲ့အချိန်ကစလို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ အခုအချိန်မှာ ရပ်တန့်နေပြီလို့ ပြည်တွင်းက ဒီမိုကရေစီအရေးလှုပ်ရှားသူ၊ ဝေဖန်သူတွေရော၊ ပြည်ပက အစိုးရများ၊ အဖွဲ့အစည်းများကပါ တညီတညာတည်း ပြောနေကြပါတယ်။ ရပ်တန့်ရုံတင်မကဘူး၊ နောက်ကြောင်းပြန်လှည့်တဲ့ လှုပ်ရှားမှုတွေတောင် တွေ့နေရပြီလို့ စိုးရိမ်တကြီး ပြောဆိုနေကြတာလည်း ကြားသိရပါတယ်။ ဒီလိုပြောကြဆိုကြ၊ ထင်မြင်ယူဆရအောင်လည်း မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်များက စိုးရိမ်စရာကောင်းလှပါတယ်။
မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာအတွင်းမှာ မြန်မာနိုင်ငံကို ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် အလည်အပတ်ပြန်ရောက်ခဲ့ပါတယ်။ ၂၈ ရက်ကြာ နေထိုင်ခွင့်ရတဲ့ အချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့အခြေအနေကို နီးနီးကပ်ကပ် လေ့လာသုံးသပ်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးတွေက ထုထည်ကြီးမားလှပါတယ်။ အဓိကကတော့ တိုင်းပြည်ကို နှစ်ပေါင်း ၅၀ ကျော် အဓမ္မအုပ်စိုးခဲ့တဲ့ စစ်အစိုးရအဆက်ဆက်က ချန်ထားရစ်ခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုတွေပါ။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့အတွက် (၁) အမှန်တကယ်ကိုပဲ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရတစ်ရပ် လိုအပ်ပါတယ်။ (၂) ပြည်သူလူထုကို စစ်စစ်မှန်မှန် ကိုယ်စားပြုတဲ့ ဥပဒေပြုလွှတ်တော်လိုအပ်ပါတယ်။ (၃) လွတ်လပ်ပြီး မျှတသန့်ရှင်းတဲ့ တရားစီရင်ရေးစနစ် လိုအပ်ပါတယ်။ (၄) တိုင်းပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေးကိုသာ ထိထိရောက်ရောက် တာဝန်ယူမယ့် လက်နက်ကိုင်အဖွဲ့အစည်းများ လိုအပ်ပါတယ်။ (၅) မတူညီသော နိုင်ငံရေးရပ်တည်ချက်များကို ညီညွတ်အောင် စုစည်းပြီး ပြည်သူလူထုကို မှန်ကန်သော ဦးဆောင်မှုပေးနိုင်တဲ့၊ အာဏာရအစိုးရကို ရဲရဲရင့်ရင့်၊ မှန်မှန်ကန်ကန် ဝေဖန်ထောက်ပြနိုင်တဲ့ အတိုက်အခံအင်အားစု လိုအပ်ပါတယ်။ (၆) အလိုတော်ရိစီးပွားရေးသမားတွေနဲ့ အာဏာပိုင်တွေက ချုပ်ကိုင်ထားခြင်းမရှိတဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ရှိဖို့လိုအပ်ပါတယ်။ (၇) အမှန်တရားကို သမာသမတ်ကျကျ၊ မျှမျှတတ တာဝန်ယူ၊ တာဝန်ခံပြီး ဖော်ထုတ်ရေးသားတဲ့သတင်း၊ မီဒီယာတွေ လိုအပ်ပါတယ်။ ပြီးတော့ (၈) ပြည်သူလူထုနဲ့ အုပ်ချုပ်သူများအကြား မျှမျှတတ ပေါင်းကူးဆက်သွယ်ပေးနိုင်မယ့် အရပ်ဘက်အဖွဲ့အစည်းများရဲ့ စနစ်တကျ ကြီးထွားရှင်သန်မှုနဲ့ အားကောင်းခိုင်မာမှု လိုအပ်ပါတယ်။ အဲဒီလို လိုအပ်ချက်တွေ တစ်ခု (သို့မဟုတ်)တစ်ခုထက်ပိုပြီး အားနည်းချို့ယွင်းနေသရွေ့ နှစ်ပေါင်းများစွာ အနည်ထိုင်တည်ရှိနေတဲ့ စိန်ခေါ်မှုကြီးတွေကို ကျော်လွှားနိုင်ဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကတော့ အထက်ပါ လိုအပ်ချက်များအားလုံး အားနည်းချို့ယွင်းနေတာ တွေ့ရပါတယ်။
အသက်ရှူခွင့်နဲ့ ညစ်ပတ်တဲ့လေ
ကျွန်တော့်အမြင်မှာတော့ လက်ရှိအခြေအနေဟာ အုပ်ချုပ်သူများနဲ့ ပြည်သူလူထုနှစ်ဖက်စလုံးမှာ အသက်ရှူခွင့်ရရှိနေတဲ့ အခြေအနေပါ။
ကျန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ မြန်မာပြည်သူတွေ အသက်ရှူကျပ်ခဲ့ရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားအရေးဆိုသူတွေ၊ စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက်ဆန့်ကျင်သူတွေဟာ အကြမ်းဖက်သတ်ဖြတ်ခံကြရ၊ အကျဉ်းထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံကြရ၊ နယ်စပ်ဒေသများဆီ မောင်းထုတ်ခံခဲ့ကြရတာပါ။ သာမန်ပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာမှာ နိမ့်ကျလို့ ဆင်းရဲတွင်းထဲ အနက်ရှိုင်းဆုံး ကျဆင်းခဲ့ကြရတာပါ။ တစ်နိုင်ငံလုံးကို လွှမ်းခြုံသိုင်းဖွဲ့ထားတဲ့ အကြောက်တရားမိုးတိမ်တွေရဲ့အောက်မှာ ပြည်သူတွေအားလုံး အသက်ရှူကျပ်ခဲ့ကြတာပါ။
ပြည်သူတွေ အသက်ရှူကျပ်သလို စစ်အစိုးရအုပ်ချုပ်သူများလည်း အသက်ရှူကျပ်ခဲ့ကြပါတယ်။ နိုင်ငံတကာအစိုးရများက စစ်အစိုးရကို မြန်မာပြည်သူများရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုခဲ့ကြပါတယ်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပဖို့ တောင်းဆိုရင်း အမေရိကန်ပြည်ထောင်စုနဲ့ ဒီမိုကရေစီနိုင်ငံများက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးဖိအားတွေ ပေးခဲ့ကြပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ တရုတ်၊ ရုရှား၊ ကျူးဘား စတဲ့ ဘဝတူအာဏာရှင်အစိုးရအချို့ကလွဲပြီး နိုင်ငံတကာမှာ မိတ်ဆွေကင်းမဲ့ခဲ့ပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့ အရှေ့တောင်အာရှနိုင်ငံအချို့ကလွဲရင် ကမ္ဘာတစ်ဝန်း ဘယ်နိုင်ငံကိုမှ ခြေချနိုင်ခွင့်မရှိခဲ့ပါဘူး။ ဒါကြောင့်မို့ စစ်အစိုးရကိုယ်တိုင်လည်း နိုင်ငံတကာဖိအားပေးမှုအောက်မှာ အသက်ရှူကျပ်ခဲ့တာပါ။
ဒီကနေ့မှာတော့ နှစ်ဖက်စလုံး အသက်ရှူကျပ်ရတဲ့ အခြေအနေက လွတ်မြောက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြီးတဲ့နောက် နိုင်ငံတော်အာဏာကို အရပ်သားအသွင်သဏ္ဌာန်ဆောင်ပြီး ဆက်လက်ချုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်ဟောင်းများက ပြည်သူလူထုနဲ့ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုရရှိရေး (Legitimacy)အတွက် ဖြေလျှော့မှုအချို့ကို စတင်ဆောင်ရွက်လာပါတယ်။ ပြုပြင်ပြောင်းလဲရေး (Reform)လို့ဆိုကြတဲ့ ဖြေလျှော့မှု (Liberalization)တွေထဲမှာ နိုင်ငံရေးအကျဉ်းသားအများစုကို အကျဉ်းထောင်များမှ ပြန်လွှတ်ပေးတာ၊ သတင်း၊ မီဒီယာနဲ့ အင်တာနက်လွတ်လပ်မှုများကို ခွင့်ပြုတာ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သမဂ္ဂများဖွဲ့စည်းခွင့်ပေးတာ၊ အလုပ်သမား၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တည်ထောင်တာ၊ အတိုက်အခံခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးတာ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို သန့်ရှင်းမျှတစွာကျင်းပပေးတာ၊ လူထုမကျေနပ်မှုများကို ဖြေရှင်းရာမှာ အရင်ကလို အကြမ်းဖက်ဖြေရှင်းတာမျိုးကိုရှောင်ပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ ကြိုးစားတာတွေ ပါဝင်ပါတယ်။ အစိုးရသစ်ရဲ့ ထူးခြားချက်တစ်ခုကတော့ အရင်စစ်အစိုးရနဲ့မတူဘဲ တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲနက်နေပြီ။ ကမ္ဘာ့နိုင်ငံများနဲ့နှိုင်းယှဉ်ရင် အဝေးကြီးမှာ နောက်ကျကျန်နေခဲ့ပြီလို့ ဝန်ခံအသိအမှတ်ပြုပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်နေတာပါ။
နောက်ထူးခြားတာကတော့ မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကြီးကြောင့် တိုင်းပြည်ဆင်းရဲနွမ်းပါးတာကို အသိအမှတ်ပြုပြီး တိုင်းပြည်တိုးတက်ဖွံ့ဖြိုးဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဖြစ်မနေဆောင်ရွက်ဖို့လိုအပ်ကြောင်း နားလည်လာခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို နားလည်မှုနဲ့အတူ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုတွေကို ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ပြည်ထောင်စုအဆင့် စတင်ဆောင်ရွက်လာပါတယ်။
အထက်ပါဖြေလျှော့မှု (သို့မဟုတ်) ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကျွန်တော်တို့ပြည်သူတွေ အသက်ရှူချောင်စပြုလာပါပြီ။ အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်လာကြသလို စာပေစိစစ်ရေးကင်းရှင်းတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေကိုလည်း ဖတ်ရှုနေကြရပါပြီ။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေလည်း နိုင်ငံကူးလက်မှတ်တွေရပြီး နိုင်ငံတကာကို လှည့်လည်လေ့လာနိုင်ကြပါပြီ။
မြေယာသိမ်းဆည်းခံရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ဆန္ဒဖော်ထုတ်ခွင့်တွေ ရကြပါပြီ။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေကို ပွင့်ပွင့်လင်းလင်း ကန့်ကွက်နိုင်ကြပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထုစည်းဝေးပွဲတွေ ကျင်းပနိုင်ကြပါပြီ။ တစ်ချိန်တုန်းက ထိုင်း-မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံကို ချောင်းကြည့်လေ့လာခဲ့ရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း မြန်မာနိုင်ငံအတွင်းကို တရားဝင် ဝင်ရောက်ပြီး စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ ပေးနိုင်ကြပါပြီ။ ထိုင်း-မြန်မာနယ်စပ်ဒေသအခြေစိုက် အတိုက်အခံအဖွဲ့အစည်းအများစု၊ အတိုက်အခံ နိုင်ငံရေးသမားအများစုလည်း မြန်မာနိုင်ငံထဲ တရားဝင် ပြန်လည်ရောက်ရှိလို့ နိုင်ငံရေးနယ်ထဲပါ ဝင်လှုပ်ရှားနိုင်ကြပါပြီ။
ပြည်သူတွေ အသက်ရှူချောင်စပြုသလို အုပ်ချုပ်သူများလည်း အသက်ရှူချောင်လာပါတယ်။ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုတဲ့အနေနဲ့ အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံများက စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
Credit - 7DAY DAILY

No comments:
Post a Comment