Written by : တိုးနှောင်မိုး
ယောက်ျားကောင်းဆိုတာ ဘယ်တော့မှ ဆုမတောင်းရဘူးကွ ဆုပန်ရတယ်ကွဟု ဆရာကြီးဦးအောင်သင်းက စာတစ်ပုဒ်တွင် ရေးခဲ့၏။ ဆရာက ဘုရားရှင်ကဲ့သို့ ဘုရားစင်စစ်ဖြစ်အောင် မဆုတ်မနစ် ပါရမီဖြည့် အားထုတ်ပါတော့မည်ဟူသော သိစိတ်ကို ဆိုလိုဟန်တူ၏။
ထို့ကြောင့် ဆရာကြီးက လူငယ်များကို မင်း ဆယ်တန်းတကယ်အောင်ချင်တယ်ဆိုရင် မင်းယုံကြည်ကိုးကွယ်ရာ ဘုရားရှေ့မှာ အဲဒီလိုဆုပန်ဝံ့သလား၊ အဓိဠာန်ပြုဝံ့သလား၊ အပျော်အပါး ပွဲလမ်းသဘင်ဟူသမျှကို ဒီတစ်နှစ်ပတ်လုံး စွန့်လွှတ်ပြီး စာကိုပဲ တစိုက်မတ် မတ်ကြိုးစားပါတော့မည်။
မနက်တိုင်း ငါးနာရီနောက်မကျစေဘဲ အိပ်ရာကထပြီး စာကြည့်ပါ့မယ်လို့ အဓိဠာန်ပြုပြီး အဲဒီအတိုင်း တည်အောင်လုပ်နိုင်ပါ့မလား။ လုပ်နိုင်ရင် တကယ်အောင်မြင်နိုင်ပါတယ်ဟု မျိုးသစ်ကိုဆက်မည့်မျိုးဆက်သစ်များ အားမှာခြွေခဲ့၏။
တကယ်တော့ မျိုးသစ်ကိုဆက်နိုင်မှ မျိုးဆက်သစ်နိုင်မည်ဖြစ်၏။ လူငယ်ဘဝသည် မျိုးသစ်မျိုးကောင်းလေးများဖြစ်သလို သန်မာသန့်ရှင်းသော အဓိပ္ပာယ်ပြည့်ပြည့်ဝဝရှိသော အနာဂတ်အတွက် တိုးတက်ဖို့လိုအပ်သည့် မျိုးဆက်သစ်များဖြစ်လာမည်မှာ မဟုတ်ပါလော။
မျိုးဆက်သစ်လူငယ်သည် ကောင်းမွန်သောမျိုးသစ်များပါရှိလာသည့် လူငယ်များဖြစ်၏။ ထိုလူငယ်များက မျိုးမှန်သောမျိုးသစ်များကိုဆက်နိုင်မှ မျိုးဆက်သစ်ဖြစ်မည်။
ထိုမျိုးဆက်သစ်များ အရည်အချင်းပြည့်စုံဖို့ လမ်းမှန်ကို မျိုးစိုက်ပျိုးတတ်ဖို့လိုအပ်၏။ ထိုသို့မွေးထုတ်ပေးနိုင်မှ နိုင်ငံအနာဂတ်အတွက် ပြည့်စုံမှန်ကန်သော၊ ပြည့်စုံသောအရည်အချင်းပြည့်ဝသော မျိုးဆက်သစ်များကို သစ်နိုင်မည်ဖြစ်၏။
ထိုကဲ့သို့သော အမျိုးသားကောင်းများကို စိုက်ပျိုးမွေးမြူနိုင်မှ နိုင်ငံအနာဂတ်သည် သာယာဝပြော၍ ခိုင်မာသောသန့်ရှင်းသော တိုးတက်မှုများကို ဦးဆောင်ပြီး ဒီမိုကရေစီလမ်းကိုလျှောက်လှမ်းနိုင်မည်ဖြစ်၏။ ယခုခေတ်သည် ပညာခေတ် နည်းပညာခေတ်ဖြစ်၏။
အတွေးအခေါ်နည်းပညာများ တစ်နိုင်ငံ နှင့်တစ်နိုင်ငံ ပြိုင်ဆိုင်နေသော ခေတ်ကာလလည်း ဖြစ်၏။ လူငယ်တွေအတွက် လူကြီးတွေက အနစ်နာခံ စိုက်ပျိုး ပျိုးထောင်ပေးရမည်။
တိုင်းပြည်အနာဂတ်သည် လူငယ်မျိုးဆက်သစ်တို့ လက်ထဲတွင်ရှိ၏။ ထိုမျိုးဆက်သစ်သည် မျိုးသစ်များဖြစ်မှ မျိုးဆက်သစ်များဖြင့် အနာဂတ်ကို တည်ဆောက်နိုင်မည် ဖြစ်၏။ ဆက်လက်ရှင်သန်နိုင်မည် ဖြစ်၏။
တစ်ခါက မင်းတုန်းမင်းကြီးသည် ယောအတွင်းဝန် ဦးဖိုးလှိုင်ကိုမေးဖူး၏။ မရှိတာ ထက်မသိတာခက်ဆိုတာ ဟုတ်လားဟုဆို၏။ ထိုအခါ ယောအတွင်းဝန် ဦးဖိုးလှိုင်က ဟုတ်ကြောင်းမှန်ကြောင်း ပြန်လည်လျှောက်ထား၏။
ထိုအခါ မင်းတုန်းမင်းကြီးက ယောအတွင်းဝန် ဦးဖိုးလှိုင်အားထပ်၍ မသိတာထက် ခက်တာရှိသေးလားဟု ဆိုပြန်၏။
ထိုအခါ ယောအတွင်းဝန် ဦးဖိုးလှိုင်က ထပ်၍လျှောက်ထား၏။ မသိတာထက်ခက်တာ မလုပ်တာပါဘုရားဟု ဆို၏။
ဟုတ်သည်။
ပညာရှိစကား မှတ်သားဖွယ်ရာဖြစ်သည်။ ရှိတာက ရှိအောင်လုပ်လို့ရနိုင်၏။ မသိတာက သိအောင်လုပ်နိုင်၏။ မလုပ်တာကတော့ ဘာမှမဖြစ်နိုင်တော့တာမို့ အခက်ဆုံးဖြစ်၏။
ထို့ကြောင့် မျိုးဆက်သစ်များအတွက် မပျင်းဖို့အရေးကြီးသည်။ ပျင်းနေလျှင် ဘာမှလုပ်နိုင်မည်မဟုတ်။ ဘာမှမလုပ်လျှင် ဘာမှဖြစ်လာမည် မဟုတ်။ မျိုးဆက်သစ်များ ကြိုးစားအလုပ်လုပ်ဖို့ လိုအပ်၏။
မျိုးဆက်သစ်ဆိုသည်မှာ မျိုးသစ်ကို ဆက်သောသူများ ဖြစ်သည်။ သူတို့ခေတ်ကို သူတို့ရေးထွင်းရမည် ဖြစ်၏။
မျိုးဆက်သစ်များအတွက်
၁။ မိမိအတွင်းစိတ်နှင့် စွမ်းရည်ကိုစစ်ဆေး၍ ဘဝအထုံကိုရှာပါ။
၂။ ဘဝကံကြောင့် မိမိလိုချင်သည့် ပန်းတိုင်ကို တိုက်ရိုက်မသွားစေဦးတော့ အစားထိုးအောင်မြင်နိုင်သည်ကို သတိရပါ။
၃။ ထိုပန်းတိုင်ကိုရောက်နိုင်ရန် ဆုမတောင်းပါနှင့် ဆုပန်ပါ။ ခိုင်မာသောအဓိဠာန်ချပါ။
၎။ ကြိုးပမ်းနေခိုက်တွင်းမှ မုချကြုံရမည်ဖြစ်သော လောကဓံကို သည်းခံနိုင်အောင် စိတ်ကိုလေ့ကျင့်ထားပါ။
၅။ ငယ်ငယ်နဲ့ မသေအောင်ဂရုစိုက်ပါ။ (သေလျှင်ဘာမှမလုပ်နိုင် ဘာမှမလုပ်နိုင်လျှင် ဘာမှမဖြစ်နိုင်ကြောင်း သတိရပါ။)
၆။ တာဝန်သိတတ်သောလူကြီးများက မိမိတို့အတွက် ရေးထားပေးခဲ့သမျှ အလုပ်ပေးခဲ့သမျှ အသီးအပွင့်ရအောင် ဆည်းပူးပါ။
၇။ ကိုယ့်အလှည့်ရောက်လာလျှင် မျိုးဆက်သစ်အတွက် တစ်ခုခုလုပ်ပေးရမည်ဟူသော တာဝန်သိစိတ်ကို ယခုကတည်းက မွေးပါ။
ကွယ်လွန်သူ ဆရာအောင်သင်းရေးခဲ့သောစကားက ဤလောကကြီးအတွက် အလွန်အရေးကြီးလှ၏။ မျိုးသစ်ကိုဆက်နိုင်မှ မျိုးဆက်ကို သစ်နိုင်မည်ဖြစ်၏။ မျိုးဆက်သစ်လူငယ်များအတွက် အရေးကြီးသော ပဲ့ပြင်လမ်းပြသူများ လိုအပ်လှ၏။
ဆရာကြီး အောင်သင်းကဲ့သို့ ဆရာမျိုး ဆုံးပါးသွားသောကြောင့် နှမြောတသမိ၏။ ကြီးမားသော မျိုးဆက်သစ်များအတွက် ဆုံးရှုံးမှုကြီးဖြစ်၏။ ဆရာကြီးကဲ့သို့ ပြောဆိုသွန်သင်ဆုံးမမည့်သူများ မရှိသလောက်နည်းပါးသွားပြီဖြစ်၏။
ထို့ကြောင့် ကျွန်တော်ကဆရာကြီး ဦးအောင်သင်း၏ “နှလုံးသားကို လေးပေါ်တင်ပစ်သောအခါ” ဆောင်းပါးကိုဖတ်၍ ပြန်လည်တင်ကူးဖော်ပြခြင်း ဖြစ်သည်။
ထိုဆောင်းပါးသည် မျိုးသစ်များကို ဆက်နိုင်ဖို့လိုအပ်သော မျိုးဆက်တို့အတွက် လေးပေါ်တင်ပစ်ခြင်း ဖြစ်ပါကြောင်း။
Credit - Eleven Media Group
No comments:
Post a Comment