Tuesday, October 7, 2014

NLD နှင့် တိုင်းရင်းသားပါတီများ ပါဝင်သည့် လုပ်ငန်းအဖွဲ့ နိုင်ငံရေးမူဘောင် ရေးဆွဲရေး စတင်

ရန်ကုန်၊ အောက်တိုဘာ ၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းကာ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ (EAPP) ဖွဲ့စည်းထားပြီး နိုင်ငံရေးမူဘောင် ရေးဆွဲရေးအတွက် စတင်ဆွေးနွေးမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။
အဆိုပါ နိုင်ငံရေးမူဘောင်တစ်ရပ် ပူးပေါင်းရေးဆွဲနိုင်ရေးကို လစဉ်ပြုလုပ်မည့် တိုင်းရင်းသားမဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ (EAPP) အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ တိုင်းရင်းသားပါတီများ ပူးပေါင်း ဖွဲ့စည်းထားသော တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ (EAPP) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကမန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့ဖြင့် အောက်တိုဘာ ၄ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး၌ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေးပြဿနာတွေကို ဘယ်လို ပူးပေါင်းဖြေရှင်းနိုင်မလဲ ဆိုတာကို ဆွေးနွေးသွားမှာပါ” ဟု ဦးထွန်းထွန်းဟိန်က ရှင်းပြသည်။
ပါတီအသီးသီးမှ ဆောင်ရွက်လိုသည့် လုပ်ငန်းများ၊ နိုင်ငံရေး ပြဿနာများကို လစဉ် ပထမပတ် စနေနေ့တွင် ပြုလုပ်မည့် အစည်းအဝေးတွင် တင်သွင်း ဆွေးနွေးသွားမည် ဖြစ်ပြီး အားလုံး သဘောတူညီသည့် လုပ်ငန်းစဉ်များကို သတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း EAPP အဖွဲ့ထံမှ သိရသည်။
တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို ဦးဆောင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦး၊ စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှ ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကော်မတီ CRPP မှ ကိုယ်စားပြုတစ်ဦးနှင့် အခြားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ခေါင်းဆောင်လေးဦး ထားရှိသွားမည် ဖြစ်ပြီး ကျန်ရှိသည့် ပါတီများကို အဖွဲ့ဝင်အဖြစ် ထားရှိမည်ဖြစ်ကာ ဦးဆောင်သူ လေးဦးကိုမူ ပုံသေထားရှိမည် မဟုတ်ဘဲ အလှည့်ကျ ရွေးချယ်မည်ဟု အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
လက်ရှိတွင် နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပြုလုပ်မည့် နိုင်ငံရေးမူဘောင် တစ်ရပ်ကို NLD ပါတီက ရေးဆွဲနေသည့်အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကလည်း သီးခြားရေးဆွဲလျက် ရှိသည်။

Credit - The Voice Weekly

No comments:

Post a Comment