(ေဇယ်သူ)
ပညာရေးတွင် များသောအားဖြင့် ပေးသောသူဘက်ကိုသာ ကြည့်တတ်ပြီး ယူသောသူဘက်သို့
ကြည့်ရန် မေ့လျော့နေတတ်သည်။ အမှန်တကယ်တွင် ယနေ့ ပညာရေး
ပြုပြင်ပြောင်းလဲရာတွင် ပေးသူကို သာမက ယူသူ (ကျောင်းသား၊ သင်ယူလိုစိတ်၊
ပညာရေးယဉ်ကျေးမှု စသည်) ကိုပါ ပြောင်းလဲရန် လိုသည်။
မြန်မာနိုင်ငံ ပညာရေးတွင် အားနည်းခဲ့သည့် ပေးသောသူဘက်ခြမ်း (Supply Side)
ကို ပြင်ဆင်ရန် ကြိုးစားနေသည်ကို မြင်ရသည်။ ပညာရေး အသုံးစရိတ်
တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာသည့် အတွက် နောက်တစ်နှစ်၊ နှစ်နှစ်လောက်တွင်
ကျန်အရှေ့တောင်အာရှ နိုင်ငံများ၏ အသုံးစရိတ်
အချိုးအစားမျိုး
ရောက်ရှိတော့မည်ဟု မြင်ရသည်။ သင်ရိုးညွှန်းတမ်း၊ ဆရာ၊ ဆရာမတို့၏ အရည်အချင်း၊
အခြေခံအဆောက်အဦ စသည့် ပေးသူဘက်ခြမ်းကို ပြင်ဆင်ရင်း ငြင်းခုံ၊
ငြင်းခုံရင်း ပြင်ဆင်နေကြပြီ။ သို့သော် ယူသောသူဘက်ခြမ်း (ကျောင်းသား၊
သင်ယူလိုစိတ်၊ ပညာရေးယဉ်ကျေးမှု စသော Demand Side) ကိုမူ အလေးဂရုပြုခြင်း
နည်းနေသေးသည်။
“ပေးကားပေး၏ မရ” ဟူသော စကားသည် ယူတတ်သူနှင့်
မယူတတ်သူတို့အကြား ကွာဟချက်ကို ပြသည်။ ထားသောကျောင်း၊ မိဘနောက်ခံချင်း
ခပ်ဆင်ဆင် ဖြစ်သော်လည်း ယူတတ်သူနှင့် မယူတတ်သူတို့သည် ကြာလေ ကွာလေဖြစ်သည်။
ပေးသော ပညာရေး ချို့တဲ့သည်ချင်းတူတူ ယူတတ်သူတို့သည် ပညာတတ်ကြသည်။
ပေးသောပညာရေး ကောင်းမွန်သည်ချင်း တူလျှင် ယူတတ်သူတို့ ကမ္ဘာ့အဆင့်၊
နိုင်ငံတကာအဆင့် ရောက်ကြသည်။
အမေရိကန်ပြည်ထောင်စု အထင်ကရ
နေရာများတွင် ရုပ်တုကြီးများ ထုလုပ်သတိရကြရပြီး အခါအခွင့်သင့်တိုင်း
သူ့စကားများကို ကိုးကားကြရမြဲ ဖြစ်သည့် အမေရိကန်ပြည်ထောင်စု တည်ထောင်သူ
ဖခင်တစ်ဦးဖြစ်သူ သမ္မတလင်ကွန်းသည် တစ်သက်လုံးတွင် စုစုပေါင်း
တစ်နှစ်ခွဲခန့်သာ ကျောင်းတက်ခဲ့ရသည်။ မီးလင်းဖိုဘေးတွင် ကြိုးစားစာဖတ်ပြီး
ရှေ့နေစာမေးပွဲကို ကျောင်းမတက်ဘဲ အလွတ်ဖြေ အောင်မြင်သူ လင်ကွန်းသည် ယူတတ်သူ
ဖြစ်သည့်အတွက် အမေရိကန်သမိုင်း၊ ကမ္ဘာ့သမိုင်းကို ပြောင်းလဲပစ်နိုင်ခဲ့သည်။
ယူတတ်သူသာ ပညာရသည့်အတွက် ယူသူသည် အဓိကကျသည်။ ကမ္ဘာတွင်
အတော်ဆုံးသော ဆရာများ၊ အသင်အပြ အကောင်းဆုံးသော ဆရာများဖြင့် သင်ကြားပါစေ
ကျောင်းသားက နောက်မှ လိုက်မလာလျှင် ဘာမှရမည် မဟုတ်။ ကျွဲပါးစောင်းတီးဆိုသော
စကားက ယူသောသူ၏ အရေးပါချက်ကို မီးမောင်းထိုးပြသည်။ မြင်တတ်သောမျက်စိ၊
ကြားတတ်သောနား၊ လေ့ကျင့်သောလက်တို့ ပညာရလွယ်သည်။ နိုဘယ်လ်ဆုရ ပညာရှင်
လာရောက်သင်ကြား ပို့ချနေပါစေ တက်ကြွလုံ့လ မရှိသူ၊ အခံမရှိသူသည် တစိုးတစိမျှ
ရလိုက်မည် မဟုတ်ပေ။
ယနေ့ခေတ်တွင် သိပ္ပံနှင့် နည်းပညာ
အားကောင်းမှုကြောင့် မြေကြောရေကြော ရှုံ့လာသဖြင့် ကျောင်းသား ပိုအဓိကကျလာသည်။
ကမ္ဘာအရပ်ရပ်မှ ထိတ်ထိတ်ကြဲဆိုသော ပုဂ္ဂိုလ်တို့၏ အပြောအဟောကို အင်္ဂလိပ်စာသာ
တတ်လျှင် အင်တာနက်မှ ထိုင်ရာမထ နားထောင်နိုင်သည်။ ဆရာ့ဆရာတို့
ရေးသားပြုစုသော စာအုပ်များကို လေ့လာဖတ်ရှုနိုင်သည်။ ကမ္ဘာ့တက္ကသိုလ်ကြီးများမှ
ပို့ချချက်များကို နားထောင်ပြီး စာမေးပွဲပင် ဖြေဆိုနိုင်သည်။
ငွေကြေးမတတ်နိုင်၊ ရေခြားမြေခြား မသွားနိုင်ဟူသော အကြောင်းအရာတို့
ကွယ်ပျောက်သွားပြီ။
ယူတတ်သူသည် ကိုယ့်အကြောင်း ကိုယ်သိသည်။ သူသည်
ကိုယ့်ပျော့ကွက်၊ သာကွက်ကို သိသည်။ ကိုယ်ဖြစ်ချင်သော၊ ဖြစ်နေသော၊
ဖြစ်နိုင်သော အရာတို့ကိုလည်း ဆန်းစစ်သူ ဖြစ်သည်။ သူသည် ကိုယ့်ကိုယ်
ကိုယ်မညှာမတာ ဝေဖန်ရဲသလို ဂုဏ်ယူစရာ ရှိလျှင်လည်း ကိုယ့်ကိုယ်ကိုယ်
ဂုဏ်ယူနိုင်သောသူ ဖြစ်သည်။
ယူတတ်သူသည် သူ့အတွက် “ဘာအရေးကြီးသလဲ”
ကို သိသည်။ အပေါ်ယံသမားတို့ အနားတွင် နေရသည့်တိုင် အဝတ်အထည်၊ ကား
စသည်တို့ဖြင့် ဂုဏ်တုဂုဏ်ပြိုင် ရေယာဉ်ကြောတွင် လိုက်ပါစီးမျောမည် မဟုတ်။
သူ့အတွက် ပညာသည် ပဓာနဖြစ်သည်။ ကျန်သော အပယိကများကို သူစိတ်မဝင်စား။
မြန်မာတို့သည် ယူတတ်သူ ဟုတ်မဟုတ် မသိရသော်လည်း မြန်မာရုပ်ရှင်
ဗီဒီယိုတို့တွင် တက္ကသိုလ် ဆိုသည်မှာ ရည်းစားထားရသည့် နေရာ၊ အပျော်ကြူးရသည့်
နေရာသာ ဖြစ်နေသည်။ ဘွဲ့နှင်းသဘင်တို့တွင် မည်သို့ ဝတ်လိုက်မည်၊ မည်သို့
ဓာတ်ပုံ ရိုက်လိုက်မည်က အဓိက ဖြစ်နေကြပြီး ကိုယ့်ဘက်က
ဘယ်လိုကြိုးစားလိုက်မည်က သာမည ဖြစ်နေသည်။
ယူတတ်ခြင်းသည်
မယူသင့်သော အရာများကို စွန့်လွှတ်တတ်ခြင်းလည်း ဖြစ်သည်။ အခန်းတစ်ခန်း
ရှင်းလင်းသပ်ရပ်လိုလျှင် မလိုသည်များကို ဖယ်ထားရန် လိုအပ်သလို
ပညာရှာရာတွင်လည်း မလိုသည်များ နောက်မလိုက်ရန် လိုသည်။ ပန်းတိုင်ကို
စိတ်ထဲတွင် ဖြတ်ပြီးသည်နှင့် တစ်ချောင်းတည်းသော စိတ်ဖြင့် ထိုပန်းတိုင်သို့
မမှိတ်မသုန် ချီတက်ရန် လိုသည်။ ဘယ်ပညာမဆို တတ်ထားရင် ကောင်းတာပဲဟု
အင်တာနက်တွင် ပေါ်လာသမျှ နောက်လိုက်နေလျှင် သိသလိုလို ဖြစ်နေသော်လည်း
တကယ်မသိ၊ တတ်သယောင်ယောင် ဖြစ်နေသော်လည်း တကယ်မတတ် ဖြစ်နေလိမ့်မည်။
“လက်မှတ်ရထားတော့ ကောင်းတာပေါ့” ဟု ကိုယ့် ရည်မှန်းချက်နှင့် ဆိုင်ဆိုင်
မဆိုင်ဆိုင် ပေါ်သမျှ ခေါ်သမျှ သင်တန်းများ တက်နေလျှင် လက်မှတ်စုသူသာ
ဖြစ်ကျန်ခဲ့မည်၊ ပညာကျန်မည် မဟုတ်။ ကိုယ်တကယ် သင်ယူလိုသည့် ပညာကို
ပံ့ပိုးပေးမည့်အရာ မဟုတ်လျှင် အချောင်ရပါစေ လက်ရှောင်ထားသည်သာ ကောင်းသည်။
ပညာတတ်ရေးတွင် အဓိကသည် ခံယူချက်ပင် ဖြစ်သည်။ ပညာယူရမည့် နေရာ၊
ဆည်းကပ်ရမည့်လူ၊ ပညာယူသင့်သည့် အချိန်ကို မရွေးတော့ဘဲ ပညာရရာ ရကြောင်းကိုသာ
စုံမှိတ်လိုက်လျှင် ပညာရေး မဝေးပြီ။ ဥပမာ- အကျဉ်းထောင်သည်
ရုတ်တရက်ကြည့်လျှင် ပညာနှင့် ဆန့်ကျင်ဘက်နေရာ။ တကယ်တမ်းတွင် ယူတတ်လျှင်
ထောင်တွင်းမှလည်း ပညာတို့ ရနိုင်သည်။ လူဆိုးလူမိုက်မှ မဟုတ်
ကံအလှည့်မသင့်လျှင် လူကောင်းလည်း ထောင်ကျတတ်၊ လူတော်လူထက်များလည်း
ထောင်ကျတတ်သည့် အတွက် ထောင်တွင်းတွင် တော်သူတတ်သူတို့ ရှိနိုင်သည်။
ထောင်ကျဖော် ထောင်ကျဖက်များထံသို့ ချဉ်းကပ်နိုင်လျှင် ပညာတို့ ရနိုင်ပြီး
ထောင်မကျမီနှင့် ထောင်မှအထွက် ပညာတို့ ကွာသွားနိုင်သည်။
ကိုယ့်ထက် အမျိုးဇာတ် နိမ့်သောကြောင့် ဆရာမတင်လိုလျှင် ပညာမရနိုင်။ ငယ်သည်
ကြီးသည် အမျိုးနိမ့်သည် မြင့်သည်၊ အသားဖြူသည် မည်းသည်မဟူ အတတ်ရှိသူ၊
ပညာရှိသူမှန်လျှင် ချဉ်းကပ်ကာ ပညာရယူသည့် နှိမ့်ချသောစိတ်ထား ရှိမှသာ
ပညာတတ်မည်။ ပညာယူရမည့်အရေး နေ့ကောင်းရက်သာ ရွေးနေလျှင်မရ၊ မနက်ဖြန်သဘက်
ဆရာသေသွားလျှင် ပညာမရဘဲ ကျန်ရစ်မည်။ ပညာယူသော နေ့တိုင်းသည် ရက်ရာဇာပင်
ဖြစ်သည်။
ပညာလို အိုသည်မရှိ၊ ပညာရှာ ပမာသူဖုန်းစား စသော
မြန်မာစကားပုံတို့သည် ပညာနှင့် ပတ်သက်လျှင် လူ၊ အချိန် မရွေးသင့်ကြောင်း
အကောင်းဆုံး စကားများပင် ဖြစ်သည်။
တကယ်တမ်း ယူတတ်သူသည်
ထာဝရကျောင်းသား ဖြစ်သည်။ ပညာသင်ခြင်းသည် ထိုသူတို့အတွက် မည်သည့်အခါမျှ
မရပ်တန့်။ အချိန်၊ နေရာ၊ လူ မရွေးသည့်အတွက် သူ့အတွက် ပညာတံခါးသည်
အမြဲပွင့်နေသည်။ ပညာတို့သည် အမြဲစီးဝင်နေသည့်အတွက် သူ့ပညာတို့သည်
လတ်ဆတ်သည်၊ ခေတ်မီသည်။ ထိုနည်းဖြင့် ထိုသူတို့သည် တတ်သည်ထက် တတ်လာသည်၊
ကျော်သည်ထက် ကျော်လာသည်။
မည်မျှပေးပေး မယူတတ်လျှင် မရ။ ပေးခြင်း
အားနည်းသော်လည်း ယူတတ်လျှင် ရသည်။ ပညာနှင့် ပတ်သက်လျှင် ယူတတ်သူများ
ဖြစ်ရန် လိုသည်။ ပညာယူတတ်သူများ တိုးပွားလာလျှင် နိုင်ငံ၏ လူသားရင်းမြစ်
ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်မည်။
ပေးသူအခြမ်း
ပြီးပြည့်စုံအောင် စောင့်နေလျှင် လက်ရှိ လူသားရင်းမြစ်တို့ကို အသုံးပင်
ချလိုက်ရမည် မဟုတ်။ ယူသူအခြမ်းကိုပါ တစ်ပြိုင်တည်း ပြင်နိုင်မှ နိုင်ငံရော
ကာယကံရှင်ပါ အသီးအပွင့်ကို အမြန်ဆွတ်ခူး စားသုံးနိုင်မည်။
Credit - The Voice Weekly
No comments:
Post a Comment