Sunday, October 5, 2014

အင်္ဂလိပ်ခေတ်မှာ ဆရာစံ၊ ဂျပန်ခေတ်မှာ ငဘ၊ အခုခေတ်မှာတော့ . . .

(Written By: နေထွန်းနိုင်)

လယ်ယာမြေနှင့် အခြားမြေ သိမ်းဆည်းခံရမှုတွေက ခေတ်အဆက်ဆက်မှာ ရှိခဲ့ပါတယ်။ ဒီလို သိမ်းဆည်းခံရမှုတွေကြောင့် ဆင်းရဲမွဲတေမှုနဲ့ သံသရာလည်နေရတဲ့ ‘ဖွတ်မွဲပြာစု’ လယ်သမားတွေရဲ့ နစ်နာမှုကလည်း ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့ပါတယ်။ တာဝန်ယူ ဖြေရှင်းပေးသူ မရှိခဲ့ပါဘူး။
၂၀၁၂ ခုနှစ် ဇူလိုင် ၄ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်က အဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။ “လယ်ယာမြေများ သိမ်းဆည်းခံရခြင်းအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးအတွက်
တရားမျှတစွာ ဖြေရှင်းပေးရန်” အဆိုဖြစ်ပါတယ်။ ဦးတင်ထွဋ်ရဲ့ အဆိုကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မဲ ဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဉာဏ်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ဦးမန်းမောင်မောင်ဉာဏ်ရဲ့ ဆွေးနွေးမှုမှာ လက်တွေ့အခြေအနေကို ထင်ဟပ်စေတဲ့ ကိုးကားချက်တစ်ခု ပါခဲ့ပါတယ်။
“ဒီလောက်ဖြစ်ပျက်နေတဲ့ လယ်သမားပြဿနာတွေကို အမြန်မဖြေရှင်းပေးနိုင်ဘူးဆိုရင် ၂၀၁၃ ခုနှစ်မှာ လယ်သမားအုံကြွမှုကြီးတစ်ခု ဖြစ်လာနိုင်တယ်” ဆိုပြီး ဦးမန်းမောင်မောင်ဉာဏ်က တာဝန်ရှိသူတစ်ဦး ပြောတာကို ကိုးကားပြီး ပြန်ပြောခဲ့တာပါ။
ဒါကြောင့်ပဲ ဒီအရေးကို ဖြေရှင်းနိုင်ဖို့ စုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ၆၀ နဲ့ ၂၀၁၂ ခုနှစ် သြဂုတ် ၈ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။ “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်” ဖြစ်ပါတယ်။
စုံစမ်းရေးကော်မရှင်ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာ အပိုင်း (၁) ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ တစ်ကြိမ်၊ အစီရင်ခံစာ အပိုင်း (၂) ကို ၂၀၁၃ ခုနှစ် မတ် ၁၂ ရက်မှာ တစ်ကြိမ်၊ အစီရင်ခံစာ အပိုင်း (၃) ကို ၂၀၁၃ ခုနှစ် သြဂုတ် ၁၃ ရက်မှာ တစ်ကြိမ်၊ အစီရင်ခံစာ အပိုင်း (၄) ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၉ ရက်မှာတစ်ကြိမ် စုစုပေါင်း လေးကြိမ်တင်သွင်းခဲ့ပါတယ်။
လယ်မြေအသိမ်းခံရမှုတွေအတွက် လွှတ်တော်ရဲ့ ဆောင်ရွက်ချက်ဟာ ၂၀၁၃ ခုနှစ်မှာ လယ်သမားအုံကြွမှုကြီး ဖြစ်မလာဖို့ ယာယီတားဆီးပေးခဲ့တဲ့ ‘ဆေးမြီးတို’ တစ်ခု ဖြစ်ပါတယ်။ လယ်သမားတွေ မခံမရပ်နိုင်အောင် ဖိစီးနေတဲ့ ရောဂါဆိုးကို ကုသပေးဖို့က အစိုးရတာဝန် ဖြစ်ပါတယ်။
ဒါပေမဲ့ လက်တွေ့အခြေအနေမှာ အစိုးရရဲ့ ဆောင်ရွက်ပေးမှုက ထိရောက်မှု မရှိခဲ့ပါဘူး။ ရောဂါပိုကျွမ်းအောင် လုပ်သလို ဖြစ်ခဲ့ပါတယ်။ ဒီအချက်တွေကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာက သက်သေခံခဲ့ပါတယ်။
“လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အပေါ် ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေ လေ့လာတွေ့ရှိချက်” အစီရင်ခံစာဟာ အစိုးရရဲ့ ဖြေရှင်းပေးမှု အားနည်းချက်တွေကို ထောက်ပြခဲ့တာပါ။
အစီရင်ခံစာ ဖော်ပြချက်
လယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ထံကို တိုင်ကြားစာ စုစုပေါင်း ၂၆၃၇၁ စောင် ရောက်ရှိခဲ့ပါတယ်။ ဒီအထဲကမှ တိုင်ကြားစာ ၂၆၈၉ စောင်ကို ကာကွယ်ရေးဝန်ကြီးဌာနကို ပို့ခဲ့ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေဆီကို တိုင်ကြားစာ ၆၅၅၉ စောင် လွှဲပြောင်းပို့ခဲ့ပါတယ်။ တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်မှု အပိုင်းကို သမ္မတဦးသိန်းစိန်က လွှတ်တော်ကို သ၀ဏ်လွှာပို့ခဲ့ပါတယ်။
သ၀ဏ်လွှာအရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စပ်လျဉ်းတဲ့ တိုင်ကြားစာ ၅၈၃ စောင်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့တွေနဲ့ စပ်လျဉ်းတဲ့တိုင်ကြားစာ ၂၉၉ စောင်၊ စုစုပေါင်းတိုင်ကြားစာ ၈၈၂ စောင် နဲ့ပတ်သက်လို့ မြေဧက ၅၁၀၆၃၃ ဒသမ ၉၇၄ ကို ဖြေရှင်းပြီးစီးခဲ့ပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ ထပ်မံပေးပို့တဲ့ အမှုတွဲဖြေရှင်းမှု မြေဧကကိစ္စတွေမှာ ရောထွေးမှုတွေရှိနေပြီး တိတိကျကျ ဖော်ပြထားတာတွေ မရှိဘူးလို့ လွှတ်တော်က သုံးသပ်ပါတယ်။
ဒါ့အပြင် လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းတဲ့ကိစ္စတွေမှာ သက်ဆိုင်ရာ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာကြောင့် ကြန့်ကြာမှုဖြစ်ခဲ့တာတွေ ရှိတယ်လို့ဆိုပါတယ်။
လွှတ်တော်ရဲ့ အစီရင်ခံစာမှာ ထောက်ပြခဲ့တဲ့ အဓိကအချက် သုံးချက်ရှိပါတယ်။
ပထမအချက်က လယ်မြေသိမ်းမှုတွေအတွက် ဖြေရှင်းဆောင်ရွက်ပေးမှုမှာ တချို့မြေတွေကို အသုံးမလိုတဲ့အတွက် မူလပိုင်ရှင်များထံကို ပြန်လည်လွှဲပြောင်းပြီးဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။ မြေပြင်အခြေအနေမှာတော့ ကာယကံရှင် တောင်သူတွေရဲ့ လက်ထဲကို ပြန်မရောက်သေးပါဘူး။
ဒုတိယအချက်က လယ်သိမ်းမှုအချို့မှာ သိမ်းခဲ့တဲ့ တာဝန်ရှိသူအချို့ဟာ သူတို့ရဲ့အကျိုးစီးပွားအတွက် ရယူထားတာ ဖြစ်ပါတယ်။ လက်တွေ့အခြေအနေမှာ မြေဧကအနည်းငယ်ကို ပြန်ပေးခဲ့ပေမယ့် ကျန်မြေတွေကို ပြန်မပေးတဲ့အပြင် တောင်သူ/လယ်သမားတွေကို တရားစွဲဆိုနေတဲ့ အချက်ဖြစ်ပါတယ်။ ဒေသဆိုင်ရာအလိုက် ဖွဲ့စည်းထားတဲ့ လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဝင်အချို့ဟာ သူတို့ကိုယ်တိုင် မြေသိမ်းမှုတွေမှာ ပါဝင်ပတ်သက်သူတွေ ဖြစ်နေပါတယ်။
တတိယအချက်က သိမ်းယူထားတဲ့မြေတွေ ပြန်စွန့်လွှတ်ဖို့ အဆင့်ဆင့်စိစစ်ရာမှာ အကျင့်ပျက်မှုနဲ့ အဂတိလိုက်စားမှုတွေ ရောထွေးနေတဲ့ အချက်ဖြစ်ပါတယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာတင်ပြချက် အပိုဒ် ၃ မှာ ဒီအချက်ကို အလေးအနက်ထား ပြောထားပါတယ်။
“သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ်မှုကိစ္စအား အဆင့်ဆင့်စိစစ်ရာတွင် ကြန့်ကြာမှုများ၊ အကျင့်ပျက်မှုများ၊ အဂတိတရား မကင်းမှုများ ရောထွေးပါဝင်နေတာ သိရတဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှ အောက်ခြေအရောက် အဖွဲ့များဖွဲ့၍ ကွင်းဆင်းစစ်ဆေးပြီး မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြေရှင်းပေးရန် လိုအပ်ပါသည်” လို့ လွှတ်တော်အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လွှတ်တော်အစီရင်ခံစာမှာ အရေးပါတဲ့ သုံးသပ်ချက်တစ်ခုလည်း ပါခဲ့ပါတယ်။ လယ်မြေသိမ်းဆည်းဆောင်ရွက်မှုတွေကို ဖြေရှင်းပေးဖို့ လွှတ်တော်က ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ပကတိ အခြေအနေမှာတော့ “အောက်ခြေကို ခရီးမရောက်၊ အရာမထင်၊ ထိရောက်တဲ့ ဖြေရှင်းပေးမှု မရှိကြောင်း” လေ့လာတွေ့ရှိရတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
ကော်မရှင်က စုံစမ်း၊ လွှတ်တော်က ဆုံးဖြတ်ပေမဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးရမှာက အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ လွှတ်တော်အစီရင်ခံစာမှာ ပြောခဲ့ပါတယ်။
သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပို့ပြီး ဖြေရှင်းဆောင်ရွက်မှု အခြေအနေတွေကို ပြောပေမယ့် ဒါကိုလေ့လာတဲ့အခါ ယေဘုယျဆန်တယ်။ တိကျပြတ်သားမှု မရှိတဲ့အပြင် ဖြစ်ရပ်မတူတဲ့ အမှုတွေကို တစ်ပုံစံတည်း ဖြေရှင်းထားတယ်။ ဒီအချက်တွေကြောင့် ဖြေရှင်းဆောင်ရွက်မှုတွေဟာ အမှန်တကယ် ဆောင်ရွက်ထားခြင်း ရှိ/မရှိ သံယယဖြစ်ဖွယ် တွေ့ရှိရတယ်လို့လည်း လွှတ်တော်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဧကခြောက်သန်း သိမ်းခံထားရ
လယ်မြေသိမ်းခံရမှုတွေအတွက် လွှတ်တော်ရဲ့စိုးရိမ်မှုက “လယ်သမားအုံကြွမှုကြီး” ပေါ်လာနိုင်လို့ ဖြစ်ပါတယ်။ လယ်သမားတွေရဲ့ လက်ငုတ်လက်ရင်းက လယ်မြေဖြစ်ပါတယ်။ လယ်မြေပေါ် လယ်စိုက်မှသာ ၀င်ငွေရမှာပါ။ လယ်စိုက်ဖို့ လယ်မြေမရှိတော့ဘူးဆိုရင် လယ်သမားတွေလည်း ၀င်ငွေမရှိတော့ပါဘူး။ သိမ်းထားတဲ့ လယ်မြေတွေထဲက တချို့ကို သီးစားခချပြီး လယ်စိုက်ခိုင်းတယ်ဆိုပေမဲ့ ဒါဟာ အဖြေမဟုတ်ပါဘူး။ သီးစားစိုက်သူတွေနဲ့ မူလလယ်ပိုင်ရှင် လယ်သမားတွေကြား ပဋိပက္ခဖြစ်ခြင်း ပြဿနာသာ တိုးခဲ့ပါတယ်။
လက်ရှိအချိန်မှာ လယ်သိမ်းခံထားရတဲ့ လယ်သမားအရေအတွက်၊ သိမ်းထားတဲ့ လယ်မြေဧက ဘယ်လောက်ရှိလဲဆိုတာ အစိုးရက တရားဝင်ထုတ်ပြောထားတာ မရှိပါဘူး။
စားနပ်ရိက္ခာ ဖူလုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) ရဲ့ စစ်တမ်းတချို့အရ မြန်မာနိုင်ငံမှာ သိမ်းခံထားရတဲ့ လယ်မြေဧက ခြောက်သန်းခန့်ရှိတယ်လို့ ၂၀၁၃ ခုနှစ်ထဲမှာ သိရပါတယ်။ ဒီထဲက လေးသန်းခန့်ကို တပ်မတော်က သိမ်းယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကိုပို့ခဲ့တဲ့ သ၀ဏ်လွှာမှာ အစိုးရနဲ့ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်မြေဧက ၄၇၀၀၀၀ ကျော်ထဲက ဧက ၃၅၀၀၀၀ ကျော်ကို အသုံးပြုဖို့ လိုအပ်တဲ့အတွက် စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လွှတ်တော်ရဲ့ အစီရင်ခံစာ ဖော်ပြချက်မှာ လယ်မြေဆိုင်ရာ အငြင်းပွားမှု တိုင်ကြားစာ ၈၈၂ စောင်အတွက် မြေဧက ၅၁၀၆၃၃ ဒသမ ၉၇၄ ဧကကို ဖြေရှင်းဆောင်ရွက်ပြီးဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာအရ သိရတယ်လို့ ဖော်ပြထားပါတယ်။
FSWG ရဲ့ စစ်တမ်းတွေအရ တစ်နိုင်ငံလုံး သိမ်းဆည်းခံထားရတဲ့ မြေဧက ခြောက်သန်းရှိတယ်ဆိုရင် အစိုးရရဲ့ ဖြေရှင်းပေးနိုင်မှုက ၈ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိသေးတယ်လို့ ဆိုရမှာပါ။ လွှတ်တော်ကိုရောက်လာတဲ့ တိုင်စာအရေအတွက်နဲ့ ကြည့်မယ်ဆိုရင်လည်း အဆမတန် နည်းပါးလွန်းတာ တွေ့ရပါမယ်။
ဦးသိန်းစိန်လက်ထက်မှာ ပိုများလာတဲ့ အရေးယူခံရမှုတွေ
လွှတ်တော်က စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး နှစ်နှစ်တာကာလမှာ အစိုးရက တိုင်စာဖြေရှင်းမှု အရေအတွက် နည်းပါးပေမယ့် လယ်သမားတွေကို ဖမ်းဆီးအရေးယူ၊ ထောင်ချတဲ့ အရေအတွက်က ပိုများလာပါတယ်။
လယ်သမားတွေ အရေးယူခံမှု အများဆုံးက သမ္မတဦးသိန်းစိန်လက်ထက်မှာ ဖြစ်ခဲ့တာပါ။ နိုင်ငံအနှံ့က သိမ်းဆည်းခံ လယ်သမားတွေက သူတို့လယ်မြေ ပြန်ရဖို့အတွက် တောင်းဆိုမှုတွေ ပြုလုပ်ရာ တရားစွဲထောင်ချမှုတွေ ဖြစ်ခဲ့ကာ သိမ်းဆည်းခံ လယ်သမားတွေက သူတို့လယ်မြေတွေထဲ ၀င်ရောက်ထွန်ယက်ရာက ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ တရားစွဲဆို ထောင်ချခံခဲ့ရပါတယ်။
၂၀၁၃ ခုနှစ်ထဲမှာ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား ၂၅၀ ကျော် တရားစွဲဆိုခံရပြီး ၉၀ ကျော် ထောင်ချခံခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က လယ်သမား ၈၀၀ နီးပါး တရားစွဲခံရပြီး ၅၆ ဦး ထောင်ချခံခဲ့ရပါတယ်။ ဒီနှစ်ခုက အထင်ရှားဆုံးပါပဲ။
လက်ရှိအချိန်မှာပဲ ဧရာဝတီတိုင်းထဲမှာပဲ မြို့နယ်တစ်ခုမှာ ပျှမ်းမျှ လယ်သမား ၂၅ ဦး တရားစွဲဆို ခံနေရတယ်လို့ သိရပါတယ်။ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ဆိုရင် လယ်သမားထောင်ချီ တရားစွဲဆိုခံနေရပြီး ရာဂဏန်းကျော်ဟာ ထောင်ချခံနေရပါတယ်။
ပိုဆိုးတာက မြေသိမ်းခံထားရတဲ့ လယ်သမားတွေဟာ လယ်ယာမြေဥပဒေအရ အကာအကွယ်မရတာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ လယ်ယာမြေဥပဒေအရ လယ်သမားတွေကို တရားရုံးတင် တရားစွဲဆိုခွင့် မရှိပါဘူး။ ဒါကြောင့် လယ်သမားတွေကို အရေးယူတဲ့အခါ အများစုကို ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)၊ ပုဒ်မ ၄၂၇ (အကျိုးပျက်စီးစေမှု) စတဲ့ပုဒ်မတွေနဲ့ အရေးယူခဲ့ပါတယ်။ ဒါ့အပြင် ပုဒ်မ ၃၅၄၊ ပုဒ်မ ၂၉၄ နဲ့ ပုဒ်မ ၁၁၄ အစရှိတာတွေနဲ့လည်း အရေးယူခံနေရပါတယ်။
၁၂ မှုနဲ့ ထောင်သုံးနှစ်ချခံရတဲ့ ဦးထွန်းနိုင်
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အမှုအများဆုံးနဲ့ သုံးနှစ်ထောင်ချခံခဲ့ရတဲ့ တောင်သူတစ်ဦး ရှိခဲ့ပါတယ်။ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာက ဦးထွန်းနိုင် ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ် မြေသိမ်းမှုတွေမှာ ဘိုးဘွားပိုင် ဓားမဦးချ အခွန်ထမ်းလုပ်ခဲ့တဲ့ လယ်မြေဧက ၁၅၀ ခန့်ကို ဦးထွန်းနိုင် ဆုံးရှုံးခဲ့ပါတယ်။ မြေသိမ်းမှုကို စပြီးကန့်ကွက်ခဲ့တာက ဦးထွန်းနိုင်ရဲ့ဖခင် ဦးကျော်ဝင်းဖြစ်ပါတယ်။ ဒီကန့်ကွက်မှုကြောင့်ပဲ ဦးကျော်ဝင်းဟာ ထောင်နှစ်နှစ် ကျခံခဲ့ရပါတယ်။ ထောင်ကလွတ်ပြီး သိပ်မကြာခင်မှာ ဦးကျော်ဝင်း ကွယ်လွန်ပါတယ်။
၂၀၁၁ ခုနှစ်မှာ အစိုးရက မြေယာပြဿနာ ဖြေရှင်းပေးမယ်လို့ ပြောလာပါတယ်။ အသိမ်းခံထားရတဲ့ မြေတွေပြန်ရဖို့ ဦးကျော်ဝင်းရဲ့သား ဦးထွန်းနိုင်က ဆက်ကြိုးစားခဲ့ပါတယ်။
၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ မြေပြန်ရဖို့လုပ်ခဲ့တဲ့ ထွန်တုံးတိုက်ပွဲမှာ ပါတယ်ဆိုပြီး ကန့်ဘလူမြို့နယ် တရားရုံးက ဦးထွန်းနိုင်ကို တရားစွဲခဲ့ပါတယ်။ အကျိုးဖျက်ဆီးမှုနဲ့လည်း အကြိမ်ပေါင်းများစွာ တရားစွဲခံခဲ့ရပါတယ်။ ဖြစ်ရပ်မှန်တွေနဲ့ လွဲနေတယ်လို့ ဒေသခံတွေနဲ့ မိသားစုက ပြောပေမယ့် ပုဒ်မ ၄၂၇ နဲ့ ၁၂ မှု တရားစွဲခံရပါတယ်။ အပြီးသတ် စီရင်ချက်မှာတော့ ၁၂ မှုမှာ တစ်မှုကို သုံးလစီနဲ့ ထောင်သုံးနှစ် ကျခံခဲ့ရပါတယ်။
နဂိုကတည်းကမှ ကျပ်တည်းနေတဲ့ မိသားစု၊ ကိုးတန်းအရွယ်သား တစ်ဦး၊ သုံးတန်းအရွယ် သမီးတစ်ဦး၊ လသားအရွယ် သမီးတစ်ဦးရှိပြီး ဖခင်ကိုပါ ဆုံးရှုံးထားရတဲ့ ဦးထွန်းနိုင်အတွက် ဘာမှရွေးချယ်စရာ မရှိခဲ့ပါဘူး။
ကြိုးအပြင် ဘာပေးနိုင်သေးလို့လဲ
“ကြိုးအပြင် ဘာပေးနိုင်သေးလို့လဲ” ဆိုတဲ့စကားကို ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် ဆရာစံ ပြောခဲ့တာပါ။ အရေးတော်ပုံကို ဦးဆောင်ခဲ့လို့ ဗြတိသျှအစိုးရရဲ့ စွဲချက်တင်ခံရပြီး ကြိုးပေးသတ်မိန့် ကျပြီးချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။
ဆရာစံနဲ့ တောင်သူလယ်သမား အရေးတော်ပုံဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် လမ်းစတစ်ခု ဖြစ်ပါတယ်။ ဆရာစံ ကြိုးပေးခံခဲ့ရပေမယ့် လယ်သမားတွေရဲ့စိတ်ဓာတ်က ဒီနေ့အထိ ဆက်ရှင်သန်နေတုန်းပါ။
အင်္ဂလိပ်ခေတ် တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ပေါ်စေတဲ့ အချက်သုံးချက် ရှိပါတယ်။ (၁) ကြွေးမြီတင်ခြင်း (၂) လယ်ယာမြေများလက်လွှတ်၍ မြေရှင်ကြီးစနစ် ပေါ်ပေါက်လာခြင်း (၃) သီးစားပြဿနာ များပြားလာခြင်းတို့ ဖြစ်ပါတယ်။
လွန်ခဲ့သော နှစ်ပေါင်းရှစ်ဆယ်ကျော်၊ လယ်သမားအရေးတော်ပုံ ဖြစ်ခဲ့တဲ့ အခြေခံအချက် သုံးချက်စလုံးကို မျက်မှောက်ခေတ် လယ်သမားတွေ ရင်ဆိုင်နေရပါတယ်။
လက်ရှိအချိန်မှာ လယ်သမားတစ်ဦးစီမှာ အနည်းဆုံး ပျှမ်းမျှအကြွေး ကျပ်သုံးသိန်းအထက်မှာ ရှိနေပါတယ်။ စပါးပေါ်ချိန် နှစ်ချိန်ရှိပေမယ့် ငွေမပေါ်မလာတဲ့အခါ အကြွေးဝန် ပိုပိလာပါတယ်။
ဒုတိယအချက်ဖြစ်တဲ့ လယ်ယာမြေများလက်လွှတ်ပြီး မြေကြီးရှင်စနစ် ပေါ်လာခြင်းကလည်း ဒီကနေ့ခေတ် လယ်သမားတွေ ရင်ဆိုင်နေရတဲ့ မြေသိမ်းခံရမှုနဲ့ တူညီမှုရှိနေပါတယ်။
ဆရာစံခေတ်မှာ လယ်မလုပ်သူ မြေပိုင်ရှင်တွေလက်ထဲကို မြေရောက်သွားရတဲ့ အကြောင်းရင်း သုံးချက်ရှိပါတယ်။ (၁) အကြွေးနဲ့ သိမ်းယူခြင်း၊ (၂) မတရားသောနည်းလမ်းဖြင့် သိမ်းယူခြင်း၊ (၃) အစိုးရဂရန်ကြီးများ ထုတ်ပေးခြင်းတို့ ဖြစ်ပါတယ်။ မျက်မှောက်ခေတ် လယ်သမားတွေ လယ်သိမ်းခံရတဲ့ အဖြစ်အပျက်ဟာ ဆရာစံခေတ်နဲ့ ထပ်တူမကျပေမယ့် သဘောသဘာဝအားဖြင့် တူညီနေတာတွေ ရှိပါတယ်။ ဆရာစံခေတ်မှာ ချစ်တီးတွေ မတရားတဲ့ နည်းလမ်းတွေနဲ့ သိမ်းယူခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ အစိုးရ၊ တပ်မတော်၊ ကုမ္ပဏီတွေက သိမ်းပါတယ်။ သိမ်းတဲ့အခါ ကာလပေါက်ဈေး တန်ဖိုးမရကြသလို လိုအပ်ချက်ထက် တစ်ဦးချင်း အကျိုးစီးပွားအတွက် သိမ်းတာက ပိုများပါတယ်။ တချို့ကိစ္စတွေမှာ ဥပဒေပြင်ပကနေ လုပ်ခဲ့တာတွေ ရှိတယ်လို့လည်း လွှတ်တော်အစီရင်ခံစာမှာ ဆိုပါတယ်။
အရေးတော်ပုံပေါ်ခဲ့ရတဲ့ တတိယအချက် သီးစားပြဿနာကိုလည်း ဒီနေ့ခေတ် လယ်သမားတွေ ရင်ဆိုင်နေရပါတယ်။ သိမ်းဆည်းထားတဲ့ လယ်မြေတွေကို အသုံးမပြုဘူး။ လယ်ပြန်စိုက်ဖို့အတွက် သီးစားချပါတယ်။ ဒီအခါ မူလလယ်ပိုင်ရှင်တွေနဲ့ သီးစားချသူတွေကြားမှာ ပဋိပက္ခ ပေါ်လာခဲ့ပါတယ်။ အကျိုးပျက်စီးမှု၊ ကျူးကျော်မှုဆိုတာတွေ ပေါ်လာပြီး တရားစွဲဆိုခဲ့ရပါတယ်။
လယ်သမား လယ်မလုပ်ရရင် ငတ်သေဖို့ပဲ ရှိတော့တယ်
“လယ်သမား လုပ်မလုပ်ရရင် ငတ်သေဖို့ပဲ ရှိတော့တယ်” ဆိုတာ ဆရာမောင်ထင်ရေးခဲ့တဲ့ ငဘ၀တ္ထုထဲမှာ ပါခဲ့ပါတယ်။ ငဘဟာ ၀တ္ထုဇာတ်ကောင်တစ်ဦး ဖြစ်ပါတယ်။ ဂျပန်ခေတ်ကို နောက်ခံပြုခဲ့တယ်ဆိုပေမယ့် လယ်သမားတွေရဲ့ ဖြစ်ရပ်မှန်ကို အခြေပြုခဲ့တာပါ။
“ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်ရှာသော မြန်မာပြည်ရှိ ငဘများသို့” ဆိုပြီး ဆရာမောင်ထင်က ငဘ၀တ္ထုနဲ့ ရည်ညွှန်းပါတယ်။
“ခေတ်သစ်ကို တို့ဗမာအစိုးရဟူသော အမည်ခံ ကျီးအာသီး စစ်အုပ်ချုပ်ရေး ရောက်လာသောအခါ အနည်းငယ် အသက်ရှူချောင်သလို ရှိခဲ့သည်။ ၀ါဆို၊ ၀ါခေါင် ရောက်လာလျက်နှင့် လယ်သမားတို့သည် လယ်ကိုမလုပ်ရလျှင် ငတ်သေဖို့သာ ရှိတော့သည်” လို့ ငဘကဆိုပါတယ်။
ဂျပန်ခေတ်က လယ်သမားငဘက ရိုးရိုးအအ လယ်သမားတစ်ဦး ဖြစ်ပါတယ်။ လယ်ကလွဲလို့ ဘာမှမလုပ်တတ်ခဲ့ဘူး။ သီးစားဘ၀နဲ့ လယ်စိုက်ရင်း ခေတ်အခြေအနေကြောင့် ပြဿနာပေါင်းစုံ ရင်ဆိုင်ခဲ့ရတယ်။ အာဏာပိုင်တွေရဲ့ နိုင်ထက်စီးနင်းပြုမှုမှု၊ အလိုတော်ရိတွေရဲ့ ခုံးတိုက်၊ နှိပ်စက်မှုတွေကို ငဘရင်ဆိုင်ခဲ့ရပါတယ်။
နိုင်ထက်စီးနင်းပြုမှုနဲ့ ရက်စက်မှုတွေကို ငဘက ကြံ့ကြံ့ခံခဲ့ပါတယ်။ ဒါပေမဲ့ ငဘမှာ ခံပြင်းစိတ်တွေ ဖြစ်ခဲ့ပါတယ်။ လယ်လုပ်ဖို့ကလွဲပြီး ဘာကိုမှမသိတဲ့ ငဘဆီမှာ လက်တုံ့ပြန်လိုစိတ်တွေ ဖြစ်ခဲ့ပါတယ်။ ငဘ၀တ္ထုကို လွတ်လပ်ရေးအကြိုကာလမှာ ထုတ်ဝေခဲ့ပါတယ်။
လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်နောက်ပိုင်း လယ်သမားပြဿနာပေါ်တိုင်း ငဘဟာ လယ်သမားတွေအတွက် စံပြဇာတ်ကောင် ဖြစ်ခဲ့ပါတယ်။ ဒီနေ့အချိန်အထိလည်း စံပြဇာတ်ကောင်အဖြစ် ဆက်ရှိနေပါတယ်။
ငဘလို လယ်သမားတွေ ဒီနေ့ခေတ်မှာ ပိုများလာပါတယ်။ လယ်လုပ်ပိုင်ခွင့်မရှိတဲ့ လယ်သမားတွေ များလာတာ၊ တရားမျှတမှု မရှိတာတွေက ငဘလက်သစ်တွေကို ပိုပြီးပေါ်ထွက်စေပါတယ်။
အလှူအတန်းတောင် မလုပ်နိုင်တော့ဘူး
နိုင်ငံအနှံ့မှာရှိနေတဲ့ လယ်သမားများစွာဟာ လယ်မစိုက်နိုင်ကြတော့ပါဘူး။ သူတို့လယ်ယာမြေတွေ ပြန်ရဖို့ လမ်းပေါ်ထွက် တောင်းဆိုနေကြရပါတယ်။ ဒီအချိန်မှာပဲ သူတို့ကိုဖမ်းဆီး၊ အရေးယူ၊ ထောင်ချနေတဲ့ ဖိအားတွေက ရှိနေပါတယ်။
ကိုယ်ပိုင်လယ်နဲ့ လယ်စိုက်နေသူ လယ်သမားတွေရဲ့ ဘ၀ကလည်း ရုန်းကန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ စပါးပေါ်ရင် အလှူပေးတယ်ဆိုတာ လယ်သမားတွေရဲ့ အစဉ်အလာ တစ်ခုပါ။ အခုချိန်မှာ အဲဒီအစဉ်အလာ ယိုယွင်းလာပါပြီ။ စပါးပေါ်လည်း အလှူမပေးနိုင်တော့ပါဘူး။
လုပ်ရတာက ကျွန်တော်တို့၊ အချိန်တန်လို့ သူဌေးဖြစ်သွားတာက ကုန်သည်တွေ၊ စပါးထွက်ရင် ဘယ်တော့မှ ဈေးကောင်းမရဘူး၊ လယ်သမားလက်ထဲ စပါးမရှိတော့မှ စပါးဈေးတက်တယ်ဆိုတာ လယ်သမားအများစု ပြောနေတဲ့စကား ဖြစ်ပါတယ်။
“အရင်းတောင် ပြန်မရတဲ့နှစ်တွေ ရှိတယ်။ စိုက်ဘဏ်ကလည်း ပိုက်ဆံထုတ်ပေးတာက စိုက်ပျိုးချိန်အမှီ မဟုတ်ဘူး။ စိုက်ပျိုးချိန်လွန်မှ ထုတ်ပေးတာ၊ အရင်စိုက်လို့ရအောင် ရွာထဲက အတိုးကြီးကြီးနဲ့ယူ၊ ဘဏ်ထုတ်တာနဲ့ အကြွေးဆပ်၊ ဘယ်တောင်သူက သူဌေးဖြစ်လာမလဲ” လို့ ကျုံမငေးတောင်သူ ကိုသန်းအေးက ပြောခဲ့တာပါ။
ကျုံမငေးတောင်သူ ကိုသန်းအေးလို ပြောကြတဲ့ လယ်သမားတွေ အများကြီးရှိပါတယ်။
လယ်သမားတစ်ဦးအတွက် အခြေခံအားဖြင့် မိုးစပါးသွင်းအားစုအတွက် တစ်ဧကကို ပျှမ်းမျှ ကျပ်နှစ်သိန်းကျော်လောက် ကုန်ပါတယ်။ မိုးစပါးအထွက်က တစ်ဧကကို တင်း ၄၀ နဲ့ ၇၅ တင်းကြားမှာပဲ ရှိပါတယ်။ စပါးတင်း ၁၀၀ ဈေးက ကျပ်သုံးသိန်းခွဲကျော် ရှိပါတယ်။ စပါးအထွက်လျော့တာနဲ့အမျှ လယ်သမားတွေရဲ့ အရှုံးပြမှု ပိုကြီးလာပြီး အကြွေးသံသရာ လည်ပါတယ်။ ဆောင်းစပါးကုန်ကျစရိတ်က တစ်ဧကကို ပျှမ်းမျှ သုံးသိန်းနား ကပ်သွားပါတယ်။
တစ်ဧကတည်းမဟုတ်ဘဲ ဧကများများ ပိုင်ဆိုင်ထားသူ လယ်သမားတွေအတွက် အရှုံးနည်းတယ်ဆိုပေမယ့် ချမ်းသာလောက်တဲ့ အမြတ်ငွေကို မရပါဘူး။
အစိုးရကပေးတဲ့ တစ်ဧက ကျပ်တစ်သိန်း ချေးငွေစရိတ်ကလည်း လက်တွေ့မှာ လယ်သမားတွေအတွက် အဆင်မပြေပါဘူး။ သမ၀ါယမ ၀န်ကြီးဌာနက ပေးနေတဲ့ အကြွေးစနစ် ဆိုတာကလည်း အတိုးမြင့်မားနေပါတယ်။ စပါးပေါ်ချိန်ရောက်မှ အကြွေးဆပ်နိုင်တဲ့ လယ်သမားတွေအတွက် အရစ်ကျ လပေးစနစ်ဆိုတာက အလုပ်မဖြစ်ပါဘူး။
ရာသီဥတု ဖောက်ဖျက်မှု၊ စပါးအထွက်လျော့မှုနဲ့ တခြား သဘာဝဘေးအန္တရာယ်တွေကလည်း လယ်သမားတွေကို ဖိစီးနေပါတယ်။ ဥပမာအနေနဲ့ နာဂစ်အကျိုးဆက်ကို ဧရာဝတီတိုင်းက လယ်သမားတွေ အလူးအလဲ ခံခဲ့ရပါတယ်။ အသက်တွေအများကြီး ဆုံးရှုံးခဲ့ရသလို ရှင်နေတဲ့ ဘ၀တွေလည်း ရှင်လျက်နဲ့ သေဆုံးသလို ဖြစ်ခဲ့ပါတယ်။ လူငယ်အများစုက အလုပ်လက်မဲ့တွေ ဖြစ်ကုန်ပြီး လူကုန်ကူး ခံခဲ့ကြရပါတယ်။ အမျိုးသမီးငယ် အများစုလည်း မြို့ကြီးတွေဆီရောက်ပြီး အနှိပ်ခန်းတွေမှာ အလုပ်လုပ်၊ ပြည့်တန်ဆာဖြစ်သွားခဲ့သူလည်း ရှိပါတယ်။
များသောအားဖြင့် လယ်လုပ်သူအရေအတွက် လျော့ကျလာပါတယ်။ လယ်တစ်ခုတည်းကို မျိုးရိုးစဉ်ဆက် လုပ်ကိုင်ခဲ့ပေမဲ့ ဒီနေ့ခေတ်ရောက်မှ လယ်မလုပ်တော့ဘဲ အိမ်နီးချင်းနိုင်ငံတွေသွားပြီး အလုပ်ကြမ်းသွားလုပ်တဲ့သူတွေ ပိုများလာပါတယ်။ ရွာတွေမှာ လူငယ်တွေမရှိတော့ဘူး ဆိုရအောင်ကို ရွာလုံးကျွတ် နိုင်ငံခြား အလုပ်ထွက်လုပ်သူတွေ ဖြစ်လာပါတယ်။
ဖိအားတွေက တွန်းအားဖြစ်လာရင်
လက်ရှိအချိန်မှာ လယ်သမားတွေ ဖိအားမျိုးစုံ ရင်ဆိုင်နေကြရပါတယ်။ လယ်တစ်ခုတည်းကို စွဲမြဲလုပ်ကိုင်နေသူတွေက အကြွေးသံသရာနဲ့ ဆင်းရဲမွဲတေမှုကြားမှာ ရုန်းကန်နေရပါတယ်။ ဒီကြားထဲမှာပဲ သိမ်းဆည်းခံလယ်မြေတွေ ပြန်မရလို့ လယ်လုပ်ခွင့်မရှိတဲ့သူတွေ များလာပါတယ်။
“လယ်သမားအုံကြွမှုကြီး” ဖြစ်လာမှာ သတိပြုနေတဲ့ လွှတ်တော်ရဲ့ စိုးရိမ်မှုက မှန်ကန်ပါတယ်။ သိမ်းဆည်းလယ်ယာမြေတွေကို ပိုင်ရှင်လက်ထဲ အမြန်ဆုံးပြန်ရောက်အောင် အုပ်ချုပ်ရေးပိုင်းက ထိထိရောက်ရောက် လုပ်ရတော့မှာပါ။ ဒီလိုမလုပ်ရ င်လယ်သမားထုရဲ့ အဆင်မပြေ မွန်းကျပ်မှုတွေက ကိစ္စတစ်ခုတည်းကို ဦးတည်လာနိုင်ပါတယ်။ တရားဥပဒေဘောင် အတွင်းကဆိုပြီး ဖိနှိပ်တဲ့ပုံစံမျိုးနဲ့ ဖြေရှင်းလို့ မရပါဘူး။
‘ကြိုးအပြင် ဘာပေးနိုင်သေးလဲ’ ဆိုတဲ့ ဆရာစံစိတ်ဓာတ်နဲ့ လယ်သမားတွေ၊ ငဘလို ခံပြင်းစိတ်နဲ့ လယ်သမားတွေ များလာပါပြီ။
ဒီတော့ လယ်သမားပြဿနာ ဟာ အရေးကြီးဆုံး ဖြေရှင်းရမယ့် ပြဿနာဆိုတာ အစိုးရအနေနဲ့ သဘောပေါက်သင့်ပါပြီ။ ရွေးစရာလမ်း မရှိတော့တဲ့ လယ်သမားတွေအတွက်တော့ ...။

Credit - Eleven Media Group

No comments:

Post a Comment