Sunday, October 5, 2014

မြို့သစ်စီမံကိန်းတောဝယ် ဖိုးစူမောတယ် တချို့ထောတယ်

Opinion - အောင်မျိုးထွန်း
-------

ရန်ကုန်မြို့သစ်စီမံကိန်း ရပ်ဆိုင်း လိုက်ပြီ သတင်းတွေကြားရတော့ ကြည့်မြင်တိုင်-ဗားကရာ တဖက်ကမ်း အလတ်ချောင်းရပ်ကွက်မှာ နေထိုင်တဲ့ ဖိုးစူ မျက်နှာကို ပြေးမြင်မိတယ်။ ဖိုးစူ တစ်ယောက် ပျော်နေမလား ဒါ မှ မဟုတ် တောက်တခေါက်ခေါက် ဖြစ်နေမလား သေသေ ချာချာ မသိ ပေမယ့် ဖိုးစူ စဉ်းစားပေါက်တွေ "လှေကြီးထိုး ရိုးရိုး" မဟုတ်ဘဲ တစ်မျိုး တစ်မည် ပြောင်းသွားတော့မယ်ဆိုတာ မရဲတရဲ စိတ်ချနေလိုက်တယ်။


ဖိုးစူကို မှတ်မိသူတွေ ရှိပါလိမ့်တယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီလောက်မှာ ဖိုးစူ့နိုင်ငံရေး ခေါင်းစည်းပေးထားတဲ့ နိုင်ငံရေးနောက်ခံ သရော်စာ တပုဒ်ရေးပြီး အီးမေးလ်က တစ်ဆင့် မိတ်ဆွေများနဲ့ ဘလော့ဂ် တချို့ထံ ပေးပို့ ခဲ့ပါတယ်။

ဘလော့ဂ်သုံးလေးခုမှာ ဖော်ပြခဲ့ ကြပါတယ်။ စာအဖွင့်ကို အမှိုက်တွေ ...အမှိုက်တွေ... လာပြီဗျို့...၄ လွှာ ၅ လွှာ ၆ လွှာ...ဟိုဘက် အိမ်...ဒီဘက်အိမ် ...ဆိုတာနဲ့ နိဒါန်းချီထားပြီး ရပ်ကွက်ထဲ လမ်းတကာအနှံ့ အမှိုက်လှည်း ကလေးတွန်းလို့ မိသားစု ဝမ်းရေးဖြေရှင်း ရတဲ့ ဖိုးစူ တစ်ယောက် ၂၀၁၀ ရွေးကောက်ပွဲဟာ သူ့အလုပ်ကို လာရောက်ရိုက်ခတ်တဲ့ အခါ "ရန်သူမရှိ မိတ်ဆွေသာရှိ၏" မူကို လက်တွေ့ကျကျ ကျင့်သုံးတဲ့အ နေနဲ့ ပါတီပေါင်းစုံ ဝင်ရောက်ကာ အမှိုက်လှည်း တွန်းရာမှာ ပါတီကတ်ပြား များကို အိတ်ကပ်ထဲ ထည့်ယူဆောင် သွားလေ့ရှိပုံ အကြောင်းကို ရေးသားခဲ့တာပါ။

ဒီချုပ် ပါတီ မှတ်ပုံပြန်တင် ကြားဖြတ်ဝင်တော့ ကိုင်ထားသမျှ ပါတီကတ်တွေ လွှင့်ပစ်ပြီး ဒီကနေ့ အ ထိ မေစု အမာခံလူဖြစ်သွားတဲ့ ဖိုးစူ ဟာ အများသူငါ ထင်ကြသလို ရူးပေါ ပေါနှပ်ချေး မဟုတ်ပါ။ မြေနီကုန်း ဒဂုံစင်တာ ဗုံးပေါက်ကွဲတော့ တစ်ရက်တာ ခေါ်ယူစစ်ဆေးခံခဲ့ ရဖူးတဲ့၊ ၁၉၈၈ ဂိုထောင် ဖွင့်ဖြစ်စဉ်မှာ ပစ္စည်းဝင် သယ်ဖူးတဲ့ ဖိုးစူရဲ့ နိုင်ငံရေးရင်ဖွင့်သံ တွေကို တလေး တစားနဲ့ နားထောင် လာခဲ့သူ ကျွန်တော့်အဖို့ ဖိုးစူဟာ အမှိုက်လှည်းတွန်းတဲ့ ခပ်ချောင်ချောင် လူလို့ အပေါ်ယံ အတွေးနဲ့ လွယ်လွယ် မယူဆခဲ့ပါ။

လွန်ခဲ့တဲ့ဩဂုတ်လ တတိယ ပတ်လောက်က ကျွန်တော့်ဆီ ဖိုးစူ ရောက်လာပြီး သူတို့ နေထိုင်ရာ ကြည့် မြင်တိုင်-ဗားကရာ တဖက်ကမ်းက မြေဈေး အိမ်ဈေးတွေ ကြောက် ခမန်းလိလိ ထိုးတက်လာတဲ့ အကြောင်း ခုနစ်အိမ် ရှစ်အိမ်ကြား အသံနဲ့ ဖောက်သည်ချ ခဲ့ပါတယ်။

အလတ်ချောင်းမှာ အိမ် ၃ လုံး ပိုင်တဲ့ ဖိုးစူအတွက် သူကြားရတဲ့ဈေး တွေရဲ့ ဒဏ်ကို အကြီးအကျယ် ရိုက်ခတ်နေပုံရပါတယ်။ ကျပ်သိန်း ၇၀ ခန့် တန်တဲ့ သူ့အိမ် ကို သိန်း ၅၀၀ နီးနီး လာပေးနေတဲ့ အကြောင်းလည်း ပြောပါတယ်။ ဗမာစကား တစ်ခွန်းမှ မပြောတဲ့ အသားဖြူဖြူ မျက်ပေါက်မှေးမှေး လူတွေ သူတို့ ရွာတွေမှာ လမ်းသလားနေတဲ့ အကြောင်းနဲ့ ငါးထောင်တန်၊ တစ်သောင်းတန် ငွေစက္ကူထုတ်တွေ ထမ်းချလာပြီး ရွာထဲက လူစည်ကားရာ လက်ဖက်ရည် ဆိုင်တွေမှာ ပေါ်ပေါ်ထင်ထင် အရောင်းအဝယ်တွေ လုပ်နေကြကြောင်းလည်း ပြောပါတယ်။

ဖိုးစူတို့ ရွာထဲက လူတွေ ဘာမှမလုပ်တော့ဘဲ ပွဲစားကြီးပွဲစားလေးတွေ ဘ၀ နေ့ချင်း ညချင်း ရောက်ကုန် ကြပြီး မိုးလင်း မိုးချုပ် တစ်ရွာလုံး တရုန်းရုန်းနဲ့ ပွဲဈေးကြီး လို ဖြစ်နေကြောင်းတွေလည်း ပါပါတယ်။ ဒါ့အပြင် တချို့ အိမ်ပိုင်လယ်ပိုင်ရှင်တွေက သူတို့ ပိုင်ဆိုင်ရာတွေ ထုတ်ရောင်း ခွဲ ရောင်းကြပြီး ဒီဘက်ကမ်းက ကန်ထ ရိုက်တိုက် ၇ လွှာ ၈ လွှာတွေ မှာ ပြောင်းနေ ကြကြောင်း၊ သူ့အနေနဲ့ ဒီလှိုင်းအပေါ် တက်စီးရမလား၊ မဆိုင်သလို ရပ်ကြည့်နေရုံဘဲလား ဘာလုပ် ရမလဲဆိုတာ ကျွန်တော့်ထံ စနည်းနာ ပါတယ်။

အိမ် ၃ လုံးပိုင်တဲ့သူအတွက် ၁ လုံးကို ခပ်မြန်မြန်ထုတ်ရောင်းပြီး စမ်းချောင်းဘက် ချောင် ကျကျနေရာက အထပ်မြင့်တိုက်ခန်းတစ်ခုကို ဝယ်ယူထားဖို့ အကြံပေးခဲ့ပါတယ်။

နောက်တလလောက် အကြာမှာ အခုပေါက်ဈေးမျိုးရှိတော့မှာ မရေရာ မသေချာ ဘူးလို့ သူ့ကိုပြောတော့ ဖိုးစူက သိပ်ယုံပုံမရပါဘူး။ တနေ့ပြီး တနေ့ ဈေးတက် တက်နေတော့ အမြင့်ဆုံးဈေးမရမှာကို စိုးရိမ်နေပုံပေါက် ပါတယ်။

အဲဒီအချိန်ဟာ ကြည့်မြင်တိုင် ဟိုဖက်ကမ်းက မြေဈေးတွေ တအားဟော့နေတဲ့ ကာလပါ။ သတင်းစာဂျာနယ်တွေမှာ မြို့သစ်စီမံကိန်းကို ပြင်းပြင်း ထန်ထန် ဝေဖန် ထောက်ပြတဲ့ စာတွေ ဖော်ပြကြတဲ့ ကာလ ရောက်ခါနီးပါ။ ဟိုဖက်ကမ်းမှာနေတဲ့ သူတွေ အနေနဲ့ လူမျိုးခြားတွေ လာဝယ်တဲ့ ကိစ္စ ၊ အောက်ခြေ အာဏာပိုင်တွေ အရောင်းအဝယ် လက်မှတ်ထိုးခ မြိုးမြိုးမြက်မြက်ရနေတဲ့ကိစ္စ၊ ဒို့ရပ်ကွက်ကြီး ဘယ်လိုဖြစ် သွားမလဲ တွေးတောနေကြတဲ့ကိစ္စ ...
အထိုထို အရေးတွေမှာ မျောပါ မနေကြဘဲ ဖြစ်ပေါ်နေတဲ့ အခြေအ နေကို မိမိတို့ အနေအစား ချောင်လည်ရေးအတွက် ရသလောက် သဲ့ ခပ်ယူကြဖို့ ဆော်ဩ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်ခန့်က ဖိုးစူနဲ့ လမ်းမှာ တစ်ခါထပ်ဆုံတော့ သူက ဆလု ရိုက်ပြီး သူတို့ ရပ်ကွက် တစပြင်ဖြစ်သွားကြောင်း ငိုမလိုရယ်မလို မျက်နှာထားနဲ့ အသိပေးပါတယ်။ လူမျိုးခြားတွေ ခံသွားရပြီလို့လည်း ကျေနပ် အားရသံနဲ့ပြောပါတယ်။

အချိန်မရတာနဲ့ စကားကြာကြာ မပြောဖြစ်ခဲ့ပေမယ့် သူ့အိမ်ဈေးရော ဘယ်လိုလဲလို့ တခွန်း တည်းသော အမေးကို ဖိုးစူက လက်မလေးအောက် စိုက်ပြပြီး ပါးစပ်ကဝယ်သူတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြ ပြီလို့ လှမ်းအော်ပြောပါတယ်။

မျက်ပေါက်ကျဉ်းကျဉ်းနဲ့ ဗမာ စကားမပြောတတ်တဲ့သူတွေ ခံရတာ မဟုတ်ဘဲ အဲဒီလူတွေဟာ သွားခ၊ လာခ၊ အလုပ်လုပ်ခ၊ ကိုယ်ယောင်ပြခ စို့စို့ပို့ပို့ရသွား ကြတဲ့ အကြောင်း ဖိုးစူကို လက်မတို့ လိုက်ရပါ။ တေ့ တေ့ဆိုင်ဆိုင်ဆုံ၊ အချိန် လည်းရတဲ့ အခါ ဖိုးစူတိုက်တဲ့ လက်ဖက်ရည် တစ်ခွက်၊ ရူဘီတစ်လိပ်ကို ဖွာရင်း လမ်းထိပ်ကဆိုင်လေးမှာ “ကြည့်မြင်တိုင် ဟိုဖက်ကမ်းက ခဏတဖြုတ် တရုန်းရုန်း ကိစ္စ” ဘယ်သကောင့်သားတွေ နိုင်ငံရေး၊ စီးပွားရေး အရ အချီ ကြီး အမြတ်ထွက်သွားသလဲဆိုတာ အာပလာတုတ်ကြည့်ပါဦးမယ်။

ဓန၊ အာဏာနဲ့ မီဒီယာ ကို ချုပ်ကိုင်ချယ်လှယ်နိုင်သူတို့အတွက် “ရေဆိုတာ ဟာ နွေအခါမှာ ခက်သေး ... ငွေဆိုတာဟာ ရှာနိုင်သူအဖို့မရှား”ကြောင်း သိပ်ခိုက်တဲ့ ဘိုထီး သီချင်းလေး ဖိုးစူကို ရွတ်ပြလို့ ဒိုင်ကြောင်ပစ် ကြည့်ပါဦးမယ်။

 အောင်မျိုးထွန်း ရေးသားသည်။

Credit - The Ladies News Journal

 
 

No comments:

Post a Comment