Sunday, October 5, 2014

လူငယ်များနှင့် မျှော်လင့်ချက်

အောက်တိုဘာလ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
‪#‎emg_editorials‬

လူငယ်များနှင့် မျှော်လင့်ချက်

လူငယ်များသည် အနာဂတ်အတွက် အမျှော်လင့်နိုင်ဆုံး သူများဖြစ်ပြီး ၎င်းတို့၏ မျှော်လင့်ချက် အိပ်မက်များ အကောင်အထည် ဖော်ခွင့်ရရန် အခြေအနေကောင်းများ၊ ဝန်းကျင်ကောင်းများရရှိရန် အရေးပါမည်ဖြစ်သည်။
လူငယ်များအတွက် အခြေခံပညာရေးစနစ် ကောင်းမွန်ရန် လိုအပ်သည်။ ထို့အတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများအတွက် အရည်အသွေးအညွှန်းဘောင် အခြေပြုစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း
သိရသည်။ ကျောင်းထွက်နှုန်းကျဆင်းပြီး ကျောင်းနေမြဲရန်နှင့် ကျောင်းသားအခွင့်အလမ်း တိုးမြှင့်မှုများနှင့်အတူ အရည်အသွေးမြှင့်တင်မှု အပိုင်းအား လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့ပြင် ပညာသင်ကာလ လွန်မြောက်၍ လုပ်ငန်းခွင်ဝင်ရောက်ရာတွင်လည်း လူငယ်တို့၏ စိတ်ကူးအိပ်မက်နှင့် လက်တွေ့အကောင်အထည် ဖော်နိုင်မှုတို့အတွက် ဝန်းကျင်ကောင်းများ ရရှိနိုင်ရန် အရေးကြီးသည်။ ယခင်ကာလများကကဲ့သို့ ဦးနှောက်ယိုစီးမှုကြောင့် နစ်နာမှုအချို့ရှိခဲ့သည်ကို နမူနာယူ၍ ပြုပြင် ပြင်ဆင်သင့်သည်များကို လက်တွေ့ကျင့်သုံးနိုင်ရန် လိုအပ်သည်။ တစ်ဖက်တွင်လည်း ပညာရေးဆုံးခန်းမတိုင်ဘဲ လုပ်ငန်းခွင်အတွင်း စောစီးစွာ ဝင်ရောက်သွားသည့်အတွက် အရည်အသွေးမြင့် လူသားရင်းမြစ် ဆုံးရှုံးမှုမျိုး မဖြစ်စေရန်လည်း သတိပြုသင့်ပါသည်။
ယနေ့လူငယ်များအတွက် နည်းပညာပြောင်းလဲမှုများ၊ လူမှုဝန်းကျင်၏ ပြောင်းလဲမှုများအပေါ် လိုက်ပါစီးမျောနိုင်ရန် စနစ်တကျ ရွေးချယ်ခွင့်ရရန်နှင့် မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လည်း လိုအပ်နေသည်။ ခေတ်အခြေအနေနှင့် စနစ်ဝန်းကျင်ကောင်းများ ရရှိရန် လိုအပ်သည်ဟု ဆိုနိုင်သော်လည်း မိမိတို့ကိုယ်တိုင် ယုံကြည်မှုဖြင့်သာ တည်ဆောက်ဖြတ်သန်း ကြရမည်ဖြစ်သည်။ အရာအားလုံးအတွက် ခေတ်စနစ်ကိုချည်း အပြစ်တင်ပုံချနေ၍ မဖြစ်နိုင်ပေ။
“ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပတ်သက်တဲ့ သင်တန်းတွေကိုစီစဉ်ပြီး လူငယ်တွေရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့တယ်။ အဲဒီလိုမြှင့်တင်တာ ဘာအတွက်လဲဆိုရင် နိုင်ငံ့အတွက် သုံးနိုင်ဖို့ပဲ။ တစ်ခုပဲရှိတယ်။ နိုင်ငံ့အတွက် သုံးနိုင်ဖို့ဆိုတာနဲ့ နိုင်ငံရေးလုပ်နိုင်ဖို့ ဆိုတာနဲ့ နည်းနည်းလေးတော့ ကွာပါတယ်။ နိုင်ငံရေးလုပ်ခြင်း အားဖြင့်လည်း နိုင်ငံ့အတွက် ကိုယ့်ကိုယ် ကိုယ်သုံးလို့ရတယ်။ ဒါပေမဲ့ ကိုယ့်အတွက်လည်း သုံးလို့ရတယ်” ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD ဗဟိုလူငယ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ထို့ပြင် လူငယ်များအနေဖြင့် အရှုံးနှင့်ကြုံလာပါက ရင်ဆိုင်နိုင်ရန် အရေးကြီးကြောင်း၊ ထိုသို့ရင်ဆိုင်ရပါက မိမိကိုယ်ကိုယ် ပြန်သုံးသပ်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် မူးယစ်ဆေးဝါးပြဿနာ၊ အလုပ်အကိုင် အခွင့်အလမ်း ပြဿနာ၊ အရည်အသွေးမြင့် ပညာရေးစနစ်နှင့် ပညာရေးဆုံးခန်းတိုင်သည်အထိ ဆည်းပူးသင်ကြားနိုင်ခွင့်ရရေး စသည်တို့သည် လူငယ်များအတွက် စိန်ခေါ်မှုများအဖြစ် ရှိနေဆဲဖြစ်သည်။
သို့ပါ၍ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံအတွက် အရေးပါသော အခန်းကဏ္ဍတွင်ရှိနေပြီး လူငယ်တို့၏ မျှော်လင့်ချက်များ ရှင်သန်အကောင်အထည်ဖော်နိုင်ရန် ဝန်းကျင်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Credit - Eleven Media Group

No comments:

Post a Comment