Thursday, October 2, 2014

ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ကုလအကူအညီဖြင့် ဒီမိုကရေစီသင်ခန်းစာများ ပို့ချမည်ဟု ဆို

ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP)ဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဒီမိုကရေစီ အရေးနှင့် ပတ်သက်သော သင်ခန်းစာ ဘာသာရပ်များကို သင်ရိုး ညွှန်းတမ်းများတွင် သင်ကြား ပို့ချနိုင်ရေး အတွက် ဆွေးနွေး ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ က ပြောကြားခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီင်္း စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပသည့် ပထမ အကြိမ် ပြည်သူ့ လွှတ်တော်၊ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မိတ္ထီလာ မဲဆန္ဒနယ် မှ ဦးဝင်းထိန် မှ အောက်မြန်မာပြည်
(ဖောင်ကြီး) နှင့် အထက်မြန်မာပြည် (ဇီးပင်ကြီး) တို့တွင် ဒီမိုကရေစီ နှင့် ပတ်သက်သော သင်ရိုးညွှန်းတမ်းများ ပြုစုပြဋ္ဌာန်းရန် အစီအစဉ်ရှိ/ မရှိ မေးမြန်း ခဲ့ခြင်းအား ပြန်လည်ဖြေကြားခြင်းဖြစ်ကြောင်း သိရသည်။
ဦးကျော်သူက`ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် “ဒီမိုကရေစီအရေး” ဟူသော သီးခြားခေါင်းစဉ်ဖြင့် သင်ရိုးညွှန်းတမ်းများ ပြုစု ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေမည့် ဘာသာရပ်များကို နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်မှုနှင့် အညီ ၂၀၁၃ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ သော အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်းနှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးစီမံခန့်ခွဲမှု သင်တန်းများတွင် ထည့်သွင်း ပို့ချလျက်ရှိကြောင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်များ တွင် နှစ်စဉ်ပုံမှန်ဖွင့်လှစ်သည့် အခြားသင်တန်းများတွင်လည်း ဒီမိုကရေစီအရေးနှင့် ပတ်သက်သော သင်ခန်းစာဘာသာရပ်များကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းပြုစု သင်ကြားပို့ချနိုင်ရန် UNDP နှင့် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က `အနာဂတ်နိုင်ငံခေါင်းဆောင်များဖြစ်တဲ့ အရာထမ်း၊ အမှုထမ်းများကို ဒီမိုကရေစီအရေးနှင့် ပတ်သက်တဲ့ သင်ကြားပို့ချပေးရန် အလွန် လိုအပ်ပါတယ်။အရာထမ်း၊ အမှုထမ်းများကို သင်တန်းပို့ချမည့် ဆရာများကိုယ်တိုင် ဒီမိုကရေစီ အရေးနှင့် ပတ်သက်သော သင်ခန်းစာများ ကျွမ်းကျင်ရန်လိုအပ်ပါတယ်´ ဟု ပြောသည်။
သတင်းထောက်- စိုင်းဟန်
The Ladies News Journal

No comments:

Post a Comment