Saturday, October 4, 2014

အစိုးရနှင့် တိုက်ပွဲအရှိန် မြင့်လာသောကြောင့် SSPP/SSA နယ်မြေအချို့ ဆုတ်ခွာပေးရ

ရန်ကုန်၊ စက်တင်ဘာ ၃
အစိုးရတပ်မတော်နှင့် တိုက်ပွဲအရှိန် မြင့်လာသောကြောင့် SSPP/SSA (ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်) ၏ အခြေစိုက် နယ်မြေအချို့ကို ဆုတ်ခွာပေးနေရကြောင်း SSPP/SSA ဗိုလ်မှူးကြီး စိုင်းလက The Voice သို့ ပြောကြားသည်။
အစိုးရနှင့် SSPP/SSA ကြား အောက်တိုဘာ ၂ ရက်နေ့တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သော်လည်း အစိုးရတပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်လာပြီး တိုက်ပွဲအရှိန် မြှင့်တင်လာသောကြောင့် အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် တာဖောင်ဆောင် တံတားအနီးရှိ SSPP/SSA တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရကြောင်း ၎င်းကဆိုသည်။

“ဒီမနက်ပိုင်းမှာ တိုက်ပွဲက ပြင်းထန်လာတယ်။ လက်နက်ကြီးနဲ့ ပစ်လာတယ်။ ကျွန်တော်တို့ တာဖောင်ဆောင်ကနေ ဆုတ်လိုက်ရတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းကြောင်း အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရ စာရင်းကို အတည်မပြုနိုင်သေးကြောင်း SSPP/SSA ထံမှ သိရသည်။
အဆိုပါ တာဖောင်ဆောင် တံတားအနီးသည် SSPP/SSA နယ်မြေဟု သတ်မှတ်ထားခြင်း မရှိကြောင်း၊ ယင်းကြောင့် အရှေ့အလယ်ပိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း စစ်ဆင်ရေး တာဝန်လဲလှယ်သော တပ်မတော်စစ်ကြောင်း သွားလာခြင်းများ ပြုလုပ်သည်ကို SSPP/SSA က စတင်ပစ်ခတ်ခြင်း ဖြစ်ပြီး တပ်မတော်သား ငါးဦး ကျဆုံးကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
သို့သော်လည်း တာဖောင်ဆောင် တံတားအနီးတွင် SSPP/SSA နှစ်ပေါင်းများစွာ အခြေစိုက်လာခြင်း ဖြစ်ပြီး တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း SSPP/SSA ထံမှ သိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် စက်တင်ဘာလ အတွင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT တို့ တွေ့ဆုံအပြီးတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အချို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်ပြီး ယင်းသို့ တိုက်ပွဲဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်စေကြောင်း NCCT အဖွဲ့ဝင်များက ပြောကြားထားသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရေးထိုးထားသည်။
ယင်းသို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၄ ခုနှစ် မတ်လအထိ အစိုးရနှင့် SSPP/SSA အကြား နှစ်ဖက်တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားထားသည်။

 Credit - The Voice Weekly

No comments:

Post a Comment