(အပိုင်း - ၁)
- ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။
- မင်းညီ ရေးသည်။
“ဦးဦး ရွှေပန်း၊ စံပယ်ပန်းလေး ချိတ်သွားပါဦး။ ဦးဦးပန်းတစ်ကုံးအားပေးနော်''ဟူ၍ ညှိုးငယ်သော မျက်ဝန်းဖြင့် လှည်းတန်းခုံးကျော်တံတားအောက် မီးပွိုင့်မိနေသောကားများကြားတွင် ရွှေပန်း၊ စံပယ်ပန်း လှည့်လည် ရောင်းချနေသည့် ကလေးများ၏ အက်ရှရှအသံများကို ညဥ့်နက် သန်းခေါင်းချိန်အထိ ကြားရ၊ မြင်ရနိုင်သည်။
ထိုကဲ့သို့သောမြင်ကွင်း မျိုးကို ရန်ကုန်မြို့၏ လူစည်ကားရာ လှည်းတန်း၊
မြေနီကုန်း၊ ဆူးလေ နဲ့ ရွှေဂုံတိုင် စသည့်နေရာများနှင့်
ကားမီးပွိုင့်နေရာစုံတွင် မိုးလင်း မိုးချုပ် အချိန်ပြည့်တွေ့နိုင်သည်။
အဆိုပါလှည်းတန်းမီးပွိုင့်တွင် ရွှေပန်း ငွေပန်းရောင်းနေသည့် ကလေးငယ်တစ်ဦး မစုစု(အမည်လွှဲ )က
''သမီးတို့ ဝမ်းကွဲမောင်နှမ သုံးယောက် ဒီခုံးတံတားအောက်မှာ ညတိုင်း
လာရောင်းပါတယ်။ သမီးက အသက် ၁၃နှစ် ဒုတိယတန်းနဲ့ ကျောင်းထွက်ထားတာပါ။
ဘေးမှာပန်းရောင်းနေတဲ့နှစ်ယောက်က
ဝမ်းကွဲညီမတွေပေါ့။ တစ် ယောက်က ခုနစ်နှစ်(ပထမတန်း)၊ နောက်တစ်ယောက်က
ရှစ်နှစ်(ဒု တိယတန်း)၊ မွေးစားထားတဲ့ကြီးဒေါ်က ထမင်းစားဖို့ ပန်းရောင်းရ
မယ်ဆိုလို့ အခုလို ညတိုင်းရောင်းဖြစ်နေတာပါ။ အဖေက မိန်းထဲမှာ
စက်ပြင်လုပ်ပါတယ်။ ပုံမှန်ဆို ည ၁၂နာရီ ၁နာရီလောက်မှ အိမ်ပြန် အိပ်ပါတယ်။
မနက်မိုးလင်းရင် ပြန်ထ ၁၁နာရီဆို ကျောင်းသွားဆို တော့
အိပ်ချိန်လဲသိပ်မရှိဘူး။ စာဖတ်ချိန်လဲသိပ်မရှိပါဘူး။
ဒါပေမဲ့ အခု တစ်ညတစ်ည ပန်းရောင်းရတာ ကိုယ့်အတွက် ၄-၅ထောင် လောက်ကျန်တော့
ဒီလိုပဲ ဈေးရောင်းရင်း ကျောင်းတက်ရင်း နေရ တာပေါ့''ဟု ပြောပြသည်။
ရံဖန်ရံခါ ညဥ့်နက်ချိန်တွင် ငိုက်မြည်းတတ်သဖြင့် ညီမနှစ်ယောက် ကို
တက္ကစီကားနား သိပ်မကပ်ရန်၊ ကားတိုက်မခံရရန် အမြဲသတိပေး ရကြောင်း သူမက
ဆက်ရှင်းပြပါသည်။ မစုစုကိုယ်တိုင်လည်း လှည်း တန်းခုံးကျော် မဆောက်ခင်တုန်းက
အဆိုပါလှည်းတန်းမီးပွိုင့်တွင် ညဘက် စံပယ်ပန်းရောင်းရင်းနဲ့ ကားတိုက်ခံရဖူးကြောင်း ဝမ်းနည်းစွာ ပြောပြရှာသည်။
လွန်ခဲ့သောဆယ်စုနှစ်များတွင် မိုက်ကယ်ဂျက်ဆင်၏ We are the world သီချင်းသည် ကမ္ဘာ့အကောင်းဆုံးတေးတစ်ပုဒ်ဖြစ်ခဲ့သည်။
ထိုသီချင်းကို မြန်မာမှုပြုပြီး မြန်မာအဆိုတော်များကလည်း ''တို့ချစ် တဲ့
ကမ္ဘာ၊ တို့ချစ်တဲ့ ကလေးတွေ'' ဟူ၍ ပြန်လည်သီဆိုလိုက်သောအခါ နားသောတဆင်နေသူ
အားလုံးအတွက် မျက်ရည်လည်သည်အထိ ခံစားမှုပေးစွမ်းနိုင်ခဲ့သည်။ မိုက်ကယ်ဂျက်ဆင်သည် ကမ္ဘာအရပ်ရပ်ရှိ စစ်ဘေး၊ အငတ်ဘေး၊ အတင်းအဓမ္မလုပ်အားခိုင်းစေမှု၊
အဓမ္မကျင့် မှု၊ ခေါင်းပုံဖြတ်မှု၊ ခွဲခြားဆက်ဆံခံရမှု စသည်ဖြင့်
ဝေဒနာမျိုးစုံခံစား နေရသည့် ကလေးများအတွက် အဆိုပါသီချင်းကိုသီဆိုပြီး
ကိုယ်ချင်း စာနာမှုကိုပြခဲ့သည်။ သူကိုယ်တိုင် UNICEF ကလေးသူငယ်ဆိုင်ရာ
အထူးသံတမန်အဖြစ် ကမ္ဘာအရပ်ရပ်လှည့်လည်ပြီး ကလေးသူငယ် အခွင့်အရေးအတွက်
စည်းရုံးလှုံ့ဆော်ခြင်း၊ တေးသီချင်း သီဆိုပြီး ကလေးငယ်များအတွက်
ရန်ပုံငွေရှာဖွေခြင်းများ နှစ်ပေါင်းများစွာ လုပ်ဆောင်ပေးခဲ့သည်။
အလားတူပင် ကမ္ဘာကျော်ဟောလီးဝုဒ်စတား မင်းသားဂျက်ကီချန်းနှင့် မင်းသမီး အင်ဂျင်လီနာဂျိုလီတို့သည်လည်း မြန်မာအပါအဝင် ကမ္ဘာအရပ်ရပ်သို့သွားရောက်ပြီး ကလေးသူငယ် အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ခဲ့ကြသည်။ သို့ သော် ယနေ့အချိန်အထိ ကမ္ဘာပေါ်ရှိ ကလေးသူငယ်အားလုံး၏ ၁ဝရာခိုင်နှုန်းမျှပင် ကလေးအခွင့်အရေး အပြည့်အဝရရှိနိုင်ခြင်းမရှိ သေးသည်မှာ ဝမ်းနည်းဖွယ်ဖြစ်နေတော့သည်။ ထို့အတူ မြန်မာပြည် တွင်လည်း ကလေးဖြစ်ခွင့်မရသေးသည့် ကလေးများစွာ
ရှိနေပြီး ၄င်းတို့၏ ခက်ခက်ခဲခဲ ရှင်သန် ကြီးပြင်းနေရပုံကို
နိုင်ငံတကာသတင်း စာမျက်နှာများနှင့် ပြည်တွင်း ကလေးသူငယ် အခွင့်အရေး
လှုပ်ရှားနေသူများက ကာလရှည်ဝေဖန်ထောက်ပြမှု များ ရှိခဲ့သည်။
ကလေးသူငယ်ဥပဒေရှိသည်။
သို့သော် . . .
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကတော့ မြန်မာနိုင်ငံတွင်
ကလေးဥပဒေရှိကြောင်းနှင့် ကလေးလုပ်သားများအတွက် လည်း
ဥပဒေခိုင်ခိုင်မာမာရှိကြောင်း ရှင်းပြပါသည်။
ဦးမျိုးအောင်က ''လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဌာနမှာ
ကလေးသူငယ်ဥပဒေဆိုတာ ရှိတယ်။ အလုပ်ရုံနဲ့ အလုပ်သမားစစ်ဆေးရေးဦးစီးဌာနက
အလုပ်သမားဥပဒေမှာလဲ ကလေးတွေနဲ့ ပတ်သက်တဲ့ဥပဒေတွေ ရှိပါတယ်။ ကလေးဆိုတာ
ဘယ်အသက်အရွယ်ဆိုတာ ပြဋ္ဌာန်းထားပြီးသားပါ'' ဟု လက်ရှိ မြန်မာ နိုင်ငံတွင်
ကလေးသူငယ်နှင့်ပတ်သက်သည့်အကာအကွယ်များ ပြဋ္ဌာန်း ထားပုံကို ပြောပြသည်။
ထိုသို့ ဥပဒေများရှိသည်ဟု တစ်ဖက်ကဆို နေသော်လည်း လက်ရှိပကတိအခြေအနေမှန်ကို အစိုးရအနေဖြင့် ရှင်းရှင်းလင်းလင်းမြင်ရန်လိုအပ်ကြောင်း ကလေးသူငယ်အခွင့်အရေး လှုပ်ရှားနေသူများက ဝေဖန်ထောက်ပြကြသည်။
''အစိုးရက ကလေးသူငယ်ဥပဒေရှိတယ်လို့ တစ်ဖက်ကပြောနေ တယ်။ ဒီဥပဒေတွေ
ဘယ်မှာအသုံးပြုနေလဲ။ တခြားနေရာ မကြည့် နဲ့ဗျာ။ ရန်ကုန်မြို့မှာပဲကြည့်
လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေ တဲ့ကလေးတွေ၊
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ
အုတ်သယ်၊ ခဲသယ် လုပ်နေတဲ့ ကလေးတွေ၊ လမ်းဆုံလမ်းခွမှာ တောင်းရမ်းစားသောက်
နေတဲ့ကလေးတွေ ဘယ်လောက်များနေလဲ။ အားလုံး မြင်နေတွေ့နေ ရကြတာပဲ။ သူတို့
လူကြီးတွေကိုယ်တိုင်လည်း ဒီမြင်ကွင်းကို မြင်နေ တွေ့နေကြမှာပဲ။ အဲဒီတော့
ဒီကလေးသူငယ်ဥပဒေ၊ ကလေးလုပ် သားဥပဒေတွေက ဘယ်လောက်အကာအကွယ်ပေးနိုင်လို့လဲ'' ဟု United ACT( United Against Childs Traffiking ) အဖွဲ့မှ ကိုရဲ ရင့်နောင်က ဆိုသည်။
ကလေးသူငယ်များနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဥပဒေများ ခိုင်ခိုင်မာ မာရှိကြောင်း ပြောဆိုနေသော်လည်း မည်သည့်အသက်အရွယ်အပိုင်း အခြားကို အလုပ်သမားအဖြစ်စေခိုင်းနိုင်ပုံ၊ စေခိုင်းပါကလည်း မည် သည့်ပုံစံမျိုးဖြင့် စေခိုင်းနိုင်ပုံ စသည့်အသေးစိတ်အချက်အလက်များ ကို ပြဋ္ဌာန်းထားခြင်းမရှိကြောင်းကို Equality Myanmar မှ ညွှန်ကြား ရေးမှူး ဦးအောင်မျိုးမင်းက မေးခွန်းထုတ်ခဲ့သည်။
သူက ''ကျွန်တော်တို့မှာ အဓိကဖြစ်နေတဲ့ပြဿ နာက ကလေး
အလုပ်သမားနဲ့ပတ်သက်တဲ့ သီးသန့်ဥပဒေမရှိသေးဘူး။ အနိမ့် ဆုံး
အသက်ဘယ်လောက်ကိုတော့ အလုပ်သမားအဖြစ် စေခိုင်းနိုင် တယ်။ စေခိုင်းရင်တောင်မှ
သူတို့ဟာ လူကြီးမဟုတ်တဲ့အတွက် ဘယ် လိုပုံစံမျိုးနဲ့ စေခိုင်းရမယ်ဆိုတဲ့
အလုပ်သမားဥပဒေမရှိခြင်းက ကျွန် တော်တို့မှာ ပြဿနာရှိတယ်။ ဒီမှာရှိနေတာက
စက်ရုံအလုပ်ရုံများ မှာ စေခိုင်းတဲ့ဥပဒေပဲရှိတယ်။ ဒါပေမဲ့
ကလေးတွေကြုံတွေ့နေရတာ က စက်ရုံအလုပ်ရုံတွေမှာသာမကဘူး၊
ဆိုင်ခန်းတွေမှာရော လမ်း တွေမှာရော မျိုးစုံကြုံတွေ့နေရတော့ အဲဒီဥပဒေက
ကလေးအလုပ် သမားဥပဒေလို့ ပြောလို့မရဘူး။ ဒါကြောင့် ဖြစ်သင့်တာက ဘယ်
လုပ်ငန်းမှာမဆို လုပ်နေတဲ့ ကလေး အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတစ်ခုနဲ့
အကာအကွယ်ပေးဖို့လိုအပ်တယ်။ ပြီးတော့ သူတို့ရဲ့ ခံစားခွင့်နဲ့
အနိမ့်ဆုံးလစာကိုလဲ ထည့်သွင်းပြဋ္ဌာန်းဖို့လိုတယ်'' ဟုဆို သည်။
ထိုဥပဒေတွင် အနိမ့်ဆုံးအသက်သတ်မှတ်ချက်ကို
ထည့်သွင်း ရန်လိုအပ်ပြီး အကယ်၍ ၁၈နှစ်သတ်မှတ်ပါက အဆိုပါ အသက် အရွယ်
မရောက်သေးသည့် ကလေးများကို မည်သို့မည်ပုံ စေခိုင်းနိုင် ကြောင်းကို
တိတိကျကျပြဋ္ဌာန်းရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။
မိသားစုစားဝတ်နေရေးမပြေလည်ပါက
ကလေးများ ကျောင်းမတက်နိုင်ကြောင်း၊ ထိုအခြေအနေတွင် မိဘများက ကလေးများကို
အိမ်စားဝတ်နေရေးအတွက် တစ်နိုင် တစ်ပိုင် ဝင်ငွေရအောင်
လုပ်ငန်းခွင်သို့တွန်းပို့သည့်အခြေမျိုးဖြစ် တတ်ကြောင်းကို သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကန်ထရိုက်ဆောက် လုပ်ရေးလုပ်ငန်းတစ်ခုမှ လက်သမားခေါင်းဆောင် ကိုမောင်လှ (အမည်လွှဲ) ကလည်း သူ့အတွေ့အကြုံကို ရှင်းပြသည်။
''ကျွန်တော်တို့ ကန်ထရိုက်ဆိုက်ထဲမှာ ကလေးသုံးယောက် လောက်ရှိတယ်။
အဲဒီထဲကနှစ်ယောက်က သူတို့အဖေအမေတွေကိုယ် တိုင် ဒီဆိုက်ထဲမှာ ပန်းရန်ကိုင်၊
အုတ်သည်လုပ်နေတယ်။ သူတို့ ကလေးတွေလဲ ကျောင်းမနေနိုင်တော့ မိဘနဲ့လိုက်လာပြီး
ဒီမှာပဲ အုတ်သယ်၊ မဆလာသယ် ဝင်လုပ်ပေးကြတာပေါ့။ တစ်ရက်ကို ၃ဝဝဝ၊ ၄ဝဝဝ
လောက်ရတော့ မိဘတွေကလဲ ကိုယ့်သားသမီးလုပ်စာကို လို ချင်ကြတာပေါ့။
စီးပွားရေးအဆင်မပြေဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကလေး ကိုယ်ပြန်ခိုင်းတာ အပြစ်တစ်ခုလို့ ဘယ်မိဘမှမခံယူဘူး'' ဟု ပြောပြ သည်။
ထို့အတူ အဆိုပါလုပ်ငန်းခွင်ထဲမှ ကလေးလုပ်သားမောင်ကျော် စိုး(အမည်လွှဲ)ကလည်း
''ကျွန်တော်က အုတ်၊ သဲ၊ မဆလာ ဝိုင်းသယ် တာပေါ့။ တစ်ထပ်နှစ်ထပ်ဆို
သိပ်မဆိုးဘူး။ လေးငါးထပ်တက်ရတဲ့ အခါတွေဆိုရင် မောတယ်။ ညဘက်ဆိုလဲ
ခြေထောက်တွေတောင့် တယ်။ အခု အကျင့်ရသွားတော့ သိပ်မသိတော့ဘူး''ဟု သူ့အလုပ်
အတွေ့အကြုံကို ရှင်းပြသည်။
ကလေးလုပ်သား၊ ကလေးစစ်သားနှင့် ကျောင်းပြင်ပပညာရေး
********************************************************************
ယခုအခါ အခြေအနေ အမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သည့် ကလေးများအတွက်
ကျောင်းပြင်ပပညာရေးကို နိုင်ငံ တော်အစိုးရမှ ဦးတည်ချက်များချမှတ်ပြီး
အကောင် အထည်ဖော်နေသည်ဟု ဆိုသည်။ အထူးသဖြင့် လုပ်ငန်းခွင်ရောက်နေသော
ကလေးငယ်များအ တွက် ကျောင်းပြင်ပပညာရေးအစီအစဉ်များကို လုပ်ကိုင်ပေးနေကြောင်း ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သို့ သော် ကျောင်းပြင်ပပညာရေးသည် အမှန် တကယ် ထိရောက်မှုရှိနိုင်ပါ့မလားကို သံ သယဖြစ်မိကြောင်း ဦးအောင်မျိုးမင်းက ဝေဖန်ထောက်ပြခဲ့သည်။
သူက ''အမှန်လုပ်သင့်တာက ဘာကြောင့် ကလေးတွေ စာသင်ခန်းထဲမရောက်ဘဲ
လုပ်ငန်းခွင်ထဲ ရောက်နေလဲဆိုတာကို တစ်ဖက်က တားဆီးဖို့လိုအပ်မယ်။
လုပ်ငန်းခွင်ရောက်ပြီးမှ ကလေးတွေကို ကျောင်းပြင်ပ ပညာရေးပုံစံနဲ့လုပ်တာဟာ
တကယ့်ရေသောက်မြစ် ကို ဖြေရှင်းရာမရောက်ဘူး။ သမင်မွေးရင်း ကျား
စားရင်းပုံစံမျိုးပဲဖြစ်သွားမယ်'' ဟု ဦးအောင် မျိုးမင်းကဆိုသည်။
အစိုးရက အခမဲ့ပညာရေးကို အလယ်တန်းအဆင့်အထိ အကောင် အထည်ဖော်နေသည်။ သို့သော်
အဆိုပါအခမဲ့ပညာရေးသည် အခမဲ့ ကျောင်းအပ်နှံခွင့်တစ်ခုသာ အကျုံး ဝင်ပြီး
ကျောင်းတွင်အသုံးပြုရန် ဗလာစာ အုပ်ကို ကိုယ်ပိုင်ငွေဖြင့်ဝယ်ယူရသည်။
ပုံ နှိပ်စာအုပ်ကို ကျောင်းမှ အခမဲ့ပေးသော် လည်း အဆိုပါစာအုပ်များကို
နှစ်ဆုံးလျှင် အကောင်းပကတိအတိုင်း ပြန်အပ်ရသဖြင့် အဖုံးထူဖုံးရန်
ငွေကြေးကုန်ကျရသည်။ ထို့ ကြောင့် အစိုးရအနေဖြင့် အခမဲ့ပညာရေးကို
ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးနိုင် မှသာလျှင် မိဘများကလည်း
သားသမီးများကို ပို၍ကျောင်းထားကြမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ကလေး စစ်သားအသုံးပြုမှုဖြင့်
နိုင်ငံတကာ၏ ဝေဖန် ပြစ်တင်မှုကို အမြဲကြုံတွေ့ခဲ့ရသည်။ အဆို ပါ
ကလေးစစ်သားများကို အစိုးရ ဘက်ရော၊ တောတွင်းလက်နက် ကိုင် အင်အားစုများဘက်က
ပါ နှစ်ဖက်စလုံးအသုံးပြု နေကြောင်းကိုလည်း ILO နှင့် အခြား ကုလသမဂ္ဂလက်
အောက်ခံအဖွဲ့များက အမြဲတမ်း ထောက်ပြပြောဆိုနေခဲ့သည်။
သို့
သော် အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၌ ကလေးစစ်သား အသုံးပြုမှု
ပပျောက်အောင် ဆောင်ရွက်နေကြောင်း၊ အထူးသဖြင့် တပ်မတော်ထဲသို့
အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေသည့် ကလေး များကို အုပ်ထိန်းသူများထံ ပြန်ပို့ပေးနေကြောင်းကို ကာကွယ်ရေး ဝန်ကြီးက ပြောခဲ့သည်။
ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ စက်တင်ဘာ ၂၆ရက်ကပြုလုပ်သည့်
ကလေးစစ်သား အသုံးပြုခြင်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခုတွင်
ကလေးသူငယ်များကို စစ်မှု ထမ်းခြင်းမှ ကာကွယ်ရေးထိန်းသိမ်းရေး အဖွဲ့ဥက္ကဋ္ဌ
ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ''မြန်မာနိုင်ငံဟာ ကလေးစစ်သားပပျောက်ရေးနဲ့ပတ်သက်ပြီး
ILO ရဲ့ စည်းမျဉ်းစည်း ကမ်းတွေ လိုက်နာမယ့်အကြောင်းကို ၂ဝ၁၂ ဇွန် ၂၇ရက်က
လက်မှတ် ထိုးခဲ့ပါတယ်။ အခုအချိန်မှာ မြန်မာ့တပ်မတော်တွင်း ကလေးစစ် သား
လုံးဝပပျောက်အောင်လုပ်ဆောင်နေပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် တပ်ထဲရောက်နေတဲ့ အရွယ်မရောက်သေးသူတွေကို သူ တို့ရဲ့ အုပ်ထိန်းသူလက်ထဲရောက်အောင် စနစ်တကျပြန်အပ်နှံနေပါ တယ်''ဟု ပြောခဲ့သည်။
***** ပိုင်း (၂) ဆက်လက်ဖတ်ရှုပါရန်။ *****
#TheYangonTimes
No comments:
Post a Comment