Wednesday, October 1, 2014

ဝန်ထမ်းတွေအတွက် လိုအပ်နေတဲ့မြေ ဘယ်လို စီစဉ်ပေးမလဲ

ဒေသအသီးသီးက အစိုးရဝန်ထမ်းတွေ လာပြီး တာဝန်ထမ်းဆောင်တဲ့ မြို့ဖြစ်တဲ့ ပခုက္ကူမြို့ရဲ့လေယာဉ်ကွင်းဟောင်း မြေနေရာကို ဝန်ထမ်းတွေ နေထိုင်တည်းခိုဖို့ ဝန်ထမ်းအိမ်ရာ ဆောက်လုပ် ပေးမပေး မေးခွန်းကို နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန အမှတ်(၄)ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ဆောက်လုပ်မပေးဘူးလို့ ဖြေလိုက်ပါတယ်။ ဒီလေယာဉ်ကွင်းဟောင်း မြေနေရာဟာ ပို့ဆောင်ရေးဝန်ကြီးဌာနက ပိုင်တဲ့မြေဖြစ်ပြီး ခုမေးခွန်းကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉) ဦးသော်ဇင်ဦးက မေးမြန်းလိုက်တာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေ မှာတော့ ပခုက္ကူမြို့မှာ အိမ်ခြံမြေဈေးကွက်နဲ့ အိမ်ခန်းငှားရမ်းခတွေ အလွန်မြင့်တက်နေပြီး အစိုးရဝန်ထမ်းတွေ အတွက် ကိုယ့်အစီအစဉ်နဲ့ ငှားရမ်းနေထိုင်ဖို့ အဆင်မပြေမှုတွေ ရှိနေတယ်လို့ ဦးသော်ဇင်ဦးက ဆိုပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဝန်ထမ်းအိမ်ရာတွေ ဆောက်ပေးရင် ဝန်ထမ်းတွေ အနေနဲ့လည်း အလုပ်တာဝန်တွေကို ထမ်းဆောင်တဲ့အခါ ပိုပြီး သန့်ရှင်းစင်ကြယ်စွာ ထမ်းဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း ဦးသော်ဇင်ဦးက မှတ်ချက်ပြုပါတယ်။ မြေဧက ၄၇ ဧက ကျယ်ဝန်းပြီး ၁၉၉၀ ပြည့်နှစ် ဝန်းကျင်ကတည်းက လေယာဉ် ဆင်းသက်မှုတွေ မရှိတော့တဲ့ အဲဒီမြေနေရာပေါ်မှာ လက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတွေ ဝင်ပြီး နေထိုင်နေတယ် လို့လည်း ပခုက္ကူမြို့ခံတွေက ပြောပြပါတယ်။ ပခုက္ကူ လေယာဉ်ကွင်းအသစ်ကို ၂၀၀၄ ခုနှစ်မှာ ပြောင်းဖွင့်လှစ် ခဲ့ပေမယ့်လည်း လနည်းနည်းသာ လေယာဉ်တွေ ဆင်းသက်ခဲ့ပြီး ခုချိန်မှာတော့ လေယာဉ် ဆင်းသက်နိုင်ခြင်း မရှိတော့တာကို တွေ့ရပါတယ်။ လေယာဉ်ကွင်းအသစ် ဆောက်လုပ်တုန်းကလည်း သိမ်းယူခဲ့တဲ့ လယ်ယာမြေဧက ၉၀၀ ကျော်အတွက်လည်း နစ်နာကြေး မပေးတာကြောင့် ဒေသခံတောင်သူတွေက ဆန္ဒ ထုတ်ဖော် ခဲ့ကြပါသေးတယ်။

Credit - The Voice

No comments:

Post a Comment