ရန်ကုန်၊ အောက်တိုဘာ ၁
အစိုးရ အဖွဲ့အစည်းအတွင်းရှိ
တာဝန်ရှိသူများ၏ တစ်ဦးချင်းစီ တာဝန်ယူမှု အားနည်းခြင်းက မြန်မာနိုင်ငံ၏
ဒီမိုကရေစီရေးနှင့် သမ္မတ၏ တတိယလှိုင်း ပြုပြင်ပြောင်းလဲရေး တို့အတွက်
အကြီးမားဆုံးသော အဟန့်အတား ဖြစ်စေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က အောက်တိုဘာ ၁ ရက်တွင်
မြန်မာသံတော်ဆင့်သို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်က နိုင်ငံပြုပြင်
ပြောင်းလဲရေးအတွက် လှိုင်းသုံးလှိုင်း အစီအစဉ်ဖြင့် လုပ်ဆောင်ခဲ့ရာ
တတိယလှိုင်း အဆင့်သို့ ရောက်ရှိ လာပြီ ဖြစ်သော်လည်း ယင်းစနစ်အား အကောင်အထည်
ဖော်နေသည့် အစိုးရ ဌာနများရှိ တာဝန်ရှိသူများမှာ တာဝန်ယူမှု၊
တာဝန်ခံမှုအပိုင်း၌ အားနည်း နေသည့်အတွက် ယင်းအပေါ် သုံးသပ် ပြောကြားခဲ့ခြင်း
ဖြစ်သည်။
““တစ်ဦး တစ်ယောက်ချင်းစီက တာဝန်ယူမှု၊ တာဝန်ခံမှု
မရှိဘူးဆိုရင် မရှိတဲ့နေရာ ဘယ်နေရာလဲ ဆိုတာ သေသေချာချာ ဖော် ထုတ်ပြီးတော့
ပြတ်ပြတ်သားသား အရေးယူ ဖော်ထုတ်ဖို့ လိုတယ်။ အဲဒီလို အရေးယူ ဖော်ထုတ်
လိုက်မယ်ဆိုရင် တစ်ဦးချင်းစီရဲ့ တာဝန်ခံမှုတွေ ပြတ်ပြတ် သားသား ပေါ်လာမယ်။
ပေါ်လာရင် သမ္မတ သွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းလည်း
အထိုက်အလျောက် အောင်မြင်လာလိမ့်မယ်။ မဟုတ်လို့ ရှိရင်တော့ ဒီအဆင့်မှာ
သမ္မတကြီးရဲ့ လမ်းကြောင်းက မအောင်မြင်ဘူးဆိုတာ အဓိက သက်သေပြမယ့် နေရာပဲ””ဟု
ဒေါက်တာညိုညိုသင်းက ပြောသည်။
အစိုးရ အဖွဲ့အစည်းအတွင်းမှ
တာဝန်ရှိသူများ အနေဖြင့် မိမိတို့ တာဝန်ယူထားရသည့် နေရာတွင် တာဝန်ယူမှု၊
တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး
ဒေါက်တာ အောင်ထွန်းသက်က ““တာဝန်ရှိတဲ့ လူကတော့ တာဝန်ယူရမယ်၊
တာဝန်ခံရမှာပေါ့။ အခုဆိုရင် ဦးစီးအရာရှိပဲခေါ်ခေါ်၊ ညွှန်ကြားရေး
မှူးပဲခေါ်ခေါ်၊ ညွှန်ချုပ်ပဲခေါ်ခေါ်၊ ဒုဝန်ကြီးပဲခေါ်ခေါ်၊ ၀န်ကြီးပဲခေါ်ခေါ်ပေါ့။
အဆင့်နဲ့ မဆိုင်ဘူးလေ။ ရာထူး အဆင့်နဲ့ မဆိုင်ဘူး။ တာဝန်ယူကို ယူရမှာ။
ကိုယ့်ကိစ္စဖြစ်တယ်။ ဒါသည် ကိုယ်ပိုင်တဲ့ကိစ္စ။ အခုက ကိုယ်ပိုင် မဟုတ်တော့
ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချတာတွေ လုပ်လာကြတာပေါ့””ဟု ပြောသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၏ အစိုးရဌာနများတွင် ပြောင်းလဲမှုများ ပြုလုပ် ရန်
သမ္မတ ဦးသိန်းစိန်က တိုက်တွန်း နေသော်လည်း လက်တွေ့တွင် အစိုးရ၀န်ထမ်း
အများစုမှာ ပြောင်းလဲမှုများ ပြုလုပ်ရန် တွန့်ဆုတ် နေကြကြောင်း၊ သမ္မတ၏
တတိယလှိုင်း ပြောင်းလဲမှု ဖြစ်စဉ်တွင် အစိုးရ၀န်ထမ်းများ၏ တစ်ဦးချင်းစီ
တာဝန်ယူမှု အပိုင်းမှာ ပိုမိုအားနည်း လာနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်
ရှိသည်။
တစ်ဖက်တွင်လည်း တစ်ဦးချင်းစီ တာဝန်ယူမှုမှတစ်ဆင့်
ပြောင်းလဲမှုများကို ဖန်တီးရာတွင် အစိုးရ တစ်ခု တည်းသာမက ပြည်သူလူထုပါ
ပါဝင်ရန် လိုအပ်ကြောင်းကို ““ဦးသိန်းစိန် အစိုးရ တက်လာတော့ သူကတော့
ပြောင်းလဲဖို့ ပြောတာပဲလေ။ အခုလည်း ပြောနေကြ တာပဲလေ။ အောက်ခြေအဆင့်
အကုန်လုံး ရုံးအုပ်ကြီးတွေ ဘာတွေရောပေါ့။ ပြောင်းဖို့ ပြောပါတယ်။
မပြောင်းနိုင်ဘူး ဆိုတာက အပြောင်းအလဲ တစ်ခုကို လုပ်တာက အစိုးရ တစ်ခုတည်းနဲ့
လုပ်လို့မရဘူးလေ။ ပြည်သူလူထု အကုန်လုံးပါမှပေါ့”” ဟု ရန်ကုန်တက္ကသိုလ်
တွဲဖက် ပါမောက္ခဦးညွန့်သောင်း (စာရေးဆရာ မောင်သာချို)က သုံးသပ် ပြောဆိုသည်။
ရှိန်းဝေနောင်
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment