၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ရက် နံနက် ၁၁ နာရီတွင် နိုင်ငံတော်ကောင်စီအတွင်း ရေးမှူးဦးစိန်လွင်၏ အမိန့်ဖြင့် မြန်မာ့အသံမှ ကြေညာ ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
ယင်းအမိန့်အရ ၂၅ ကျပ်၊ ၃၅ကျပ်နှင့် ၇၅ကျပ်တန် ငွေစက္ကူများမှာ တရား ဝင်ငွေများအဖြစ်မှ တရားမဝင်ငွေစက္ကူများဘဝသို့ ရောက်သွားခဲ့ကြရပြီး ထိုငွေပမာဏမှာ ထိုခေတ်က လှည့် ပတ်သုံးစွဲနေသော ပြည်တွင်းငွေ၏ ၈ဝရာခိုင်နှုန်းကျော် (၈၉ ရာခိုင်နှုန်းအထိ) ရပ်တန့်သွားစေခဲ့သည်ဟုလည်း ဆိုပါသည်။
ယင်းကြေညာမှုမှာ ၁၉၆၂ခုနှစ် မတ် ၂ ရက်က အာဏာသိမ်းခဲ့သော တော်လှန်ရေးကောင်စီ အစိုးရအနေဖြင့် ၁၉၆၄ခုနှစ် မေ ၁၇ရက်က ၅ဝကျပ် တန်နှင့် ၁ဝဝ ကျပ်တန် ငွေစက္ကူများကို တရားမဝင်ငွေ စက္ကူများအဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်း ယခုအကြိမ် မှာ ဒုတိယအကြိမ်ဖြစ်ခဲ့သည်။
တော်လှန်ရေးကောင်စီ တစ်ဖြစ်လဲ မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ဖြစ်သော ၁၉၈၇ခုနှစ် စက်တင်ဘာက တရားမဝင်အဖြစ် ကြေညာခဲ့သော မြန်မာငွေစက္ကူများဖြစ်သည့် ၂၅ကျပ်၊ ၃၅ကျပ်၊ ၇၅ကျပ်တန် ငွေစက္ကူများကို မြန်မာပြည်သူ များက တစ်နေ့တွင် ပြန်လည်၍တန်ဖိုးရှိလာနိုး၊ လဲပေး လိမ့်နိုးဖြင့် နှစ်ပေါင်းအတန်ကြာ သိမ်းဆည်းထားခဲ့ကြ သည်။
ယခု ထိုငွေစက္ကူများထဲမှ လက်ဝယ်ရှိနေသေးသည့် ငွေစက္ကူအချို့ကို အသုံးပြုကာ ထင်ရှားကျော်ကြားသူများ ၏ ပန်းချီပုံများအဖြစ် ပန်းချီဆရာ ဇွဲရန်နိုင်က ဖန်တီးကာ To Value Something အမည်ဖြင့် တစ်ကိုယ်တော်ပန်း ချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်၊ အမှတ် ၁၄၄ ဒုတိယထပ်တွင်ရှိသော Pansodan Scene ပန်းချီပြခန်းတွင် စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်နေ့အထိ ခင်းကျင်း ပြသထားခဲ့သည်။ ဤကား တရားမဝင် ငွေစက္ကူတို့အပေါ် ပြည်သူတို့ အနာတရရှိခဲ့ ပုံကို ထင်ဟပ်နေသည့် သာဓကတစ်ခုပါပေ။
အစိုးရက ငွေစက္ကူအသစ် ထုတ်ဝေသည်ဖြစ်စေ၊ ငွေစက္ကူများကို တရားမဝင်ဟု ကြေညာလိုက်သည် ဖြစ်စေ ပြည်သူလူထုအနေဖြင့် အနည်းနှင့်အများဆို သလို စိုးရိမ်စိတ်ဖြစ်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမည် ဖြင့် နိုင်ငံတော်အာဏာကို ရယူခဲ့သည့် ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၈ရက်နောက်ပိုင်းတွင် တက်လာသော တပ်မတော်အစိုးရက သတင်းစာ ရှင်းလင်းပွဲများတွင် အလျဉ်းသင့်တိုင်း လက်ရှိတရားဝင် သုံးစွဲနေသော ငွေကြေးများကို တရားမဝင်ဟု ကြေညာရန်မရှိပါ ကြောင်း၊ ပြည်သူများအနေဖြင့် စိတ်ချလက်ချ သုံးစွဲနိုင် ကြပါကြောင်း ကြေညာခဲ့သော်ငြား နှစ်ခါခံခဲ့ရဖူးသော ပြည်သူများကဖြင့် မယုံရေးချ မယုံဖြစ်ခဲ့ရသည်မှာတော့ မဆန်းလှဟု ဆိုရမည်ဖြစ်ပါသည်။
တရားမဝင်ငွေစက္ကူများအဖြစ် ကြေညာခဲ့သော အကြိမ်တိုင်းမှာပင် ပြည်သူလူထုနစ်နာရသလို အစိုးရ အဖွဲ့အစည်းဝင် အမှုထမ်းပုဂ္ဂိုလ်များမှာပင် မသမာမှု များ ပြုလုပ်ခဲ့သဖြင့် စစ်ခုံရုံးဖြင့် အရေးယူခဲ့ရမှုများ၊ ဥပမာပြောရလျှင် ရုပ်ရှင်ရုံမန်နေဂျာအချို့က တစ်နေ့ စာရုပ်ရှင်လက်မှတ်ရောင်းရငွေကို ဘဏ်သို့ပေးသွင်း ရာတွင် မိမိတို့ကိုယ်ပိုင်ငွေများမှ တရားမဝင်ကြေညာ ခြင်းခံရသည့် ငွေစက္ကူများကို လက်မှတ်ရောင်းရငွေ၌ အစားထိုးကာ ဘဏ်သို့ပေးသွင်းခဲ့ခြင်းကြောင့် အရေးယူ ခံရသည်များ ရှိခဲ့ဖူးပါသည်။
ပြည်သူလူထုတွေမှာဖြင့် ပြောစရာပင်မရှိအောင် နစ်နာခဲ့ကြရဖူးပါသည်။
ထိုသို့ ငွေစက္ကူများ တရားမဝင်ကြေညာခြင်း ကြောင့်ပင် အတိ ဒုက္ခရောက်ကြရသော ကျောင်းသားများ က တရားမဝင်ငွေစက္ကူအဖြစ် ကြေညာခြင်းကို ရှုတ်ချ ကြောင်း လက်ကမ်းစာစောင်များဝေခြင်း၊ မကျေနပ်ချက် များကို တင်ပြခြင်းမှပင် ကျောင်းသား လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့ကာ မဆလအစိုးရကြီး တစ်ခုလုံးပြုတ် ကျသွားခဲ့ရသည်အထိ ဂယက်ထခဲ့သည်မှာလည်း ငွေ စက္ကူကြောင့်ဖြစ်ကြောင်း ယနေ့ခေတ်လူငယ်များ သိရှိစေ ရန် မျှဝေခြင်းပါ။
ပန်းချီဆရာ ဇွဲရန်နိုင်၏ တရားမဝင်ငွေစက္ကူ များဖြင့် ဖန်တီးပုံဖော်ထားသည့် တစ်ကိုယ်တော်ပန်းချီ ပြပွဲ ကျင်းပပြီးစီးသည့်နေ့ဖြစ်သော ယခုနှစ် အောက်တို ဘာ ၁ရက်မှာပင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ် ၅ဝဝဝ တန်ငွေစက္ကူသစ်ကို ထုတ်ဝေလိုက်ပြီဖြစ်ရာ ယခုဆို လျှင် ပြည်သူလူထုလက်တွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိသေးစေကာမူ လှည့်ပတ်သုံးစွဲငွေအဖြစ် တည် ရှိလာပြီဖြစ်သည်။
ဆင်ဖြူတော်နှင့် လွှတ်တော်ပုံပါ ကျပ် ၅ဝဝဝ တန် ငွေစက္ကူများကို ၂ဝဝ၉ ခုနှစ် အောက်တိုဘာလက ပထမ အကြိမ်အဖြစ် ထုတ်ဝေခဲ့ရာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အထိ ကျပ်ဘီလီယံ ၂၈ဝဝ ထုတ်ဝေပြီးဖြစ်သည်ဟုလည်း သိရသည်။
ပထမအကြိမ် ထုတ်ဝေသည်မှာ ၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ဖြစ်ရာ ယခုထုတ်ဝေမှုမှာ ၅ဝဝဝ ကျပ်တန်ငွေစက္ကူထုတ်ဝေမှု ငါးနှစ်အကြာတွင် ထပ်မံထုတ်ဝေခြင်းလည်း ဖြစ်ပါသည်။ ငွေစက္ကူသစ်ကို ထုတ်ဝေရာတွင် အတုအပမှ ကာကွယ်နိုင်ရန် လုံခြုံရေး ကြိုးသစ်၊ ရေစာအသစ်များဖြင့် ပိုမိုအဆင့်မြှင့်ထုတ်ဝေခဲ့ ခြင်းဖြစ်သလို ယခင် ကျပ် ၅ဝဝဝ တန် ငွေစက္ကူများကို လည်း တရားဝင်ငွေအဖြစ် ဆက်လက်သုံးစွဲခွင့်ရှိပါ ကြောင်း အာမခံချက်ပေးထားသည်ကိုလည်း တွေ့ရပါ သည်။
ငွေစက္ကူသစ် ထုတ်ဝေခြင်းအပေါ် မကောင်း မြင်သဘောဖြင့် ပြောဆိုခြင်း မဟုတ်သော်လည်း တိုက် ဆိုင်မှုတစ်ခုကြောင့် ဖော်ထုတ်ရေးသားလိုက်သည်ကို ဖြင့် စိုးရိမ်မှုမရှိကြရန်လည်း စာဖတ်သူများကို ပြောလို ပါသေးသည်။
အစိုးရအတွက် အခွင့်ကောင်းတစ်ခု ဆုံးရှုံးသွားခြင်း
၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁ရက်တွင် ပေါ်ပေါက် လာခဲ့သော ကျပ် ၅ဝဝဝ တန်များမှာ ထွက်ရှိပြီး မကြာမီ မှာပင် ငွေစက္ကူအတု ပြုလုပ်သူများကလည်း နည်း အမျိုးမျိုးဖြင့် အတုအပများဖန်တီးကာ ငွေကြေးဈေး ကွက်အတွင်း ဝင်ရောက်လာခဲ့ကြတော့သည်။ အထူး သဖြင့် ထိုင်းဘက်မှ ဝင်ရောက်မှုမှာ အများဆုံးဖြစ်သည်ကို လည်း အင်တာနက် ဝက်ဘ်ဆိုက်သတင်းများတွင် ဖော် ပြထားချက်အရ သိရခြင်းဖြစ်သည်။ ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုများကို မကြာခဏ ဖမ်းဆီးရမိခြင်းကြောင့် လည်း ကျပ် ၅ဝဝဝ တန် ငွေစက္ကူများကို ယခင်မဆလအစိုးရ လက်ထက်ကလိုပင် တရားမဝင်ဖြစ်သွားလေမလား ဟူသော စိုးရိမ်စိတ်များမှာ ယခု ဒီမိုကရေစီအစိုးရလက် ထက် လွှတ်တော်များ အထိပင် ရိုက်ခတ်လာခဲ့ရတော့ သည်။
၂ဝ၁၃ ခုနှစ် မတ် ၇ ရက်က ကျင်းပခဲ့သော ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မိုးမောက်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးဇော်ထွန်း က ''ဘဏ်တွေအချင်းချင်းတောင် ၅ဝဝဝ တန် အတုတွေ လည်ပတ်နေပြီလား ဆိုပြီးတော့ ဘဏ်မှာတောင် တကယ် လို့ ဒါမျိုးဖြစ်နေပြီဆိုလို့ရှိရင် ကျွန်တော်တို့ ပြည်သူတွေ မှာရော ဘယ်လောက်ဖြစ်နေပြီလဲ။ ယင်းကိစ္စနှင့်ပတ် သက်၍
(၁)ယခုနေ့ရက်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှထုတ်လုပ်သည့် ကျပ် ၅ဝဝဝ တန်များ ရွက်ရေမည်မျှရှိသည် ကို သိရှိလိုပါသည်။
(၂)ကျပ် ၅ဝဝဝ တန်အတုများ မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်အသီးသီးတွင် လည်ပတ်မှု ရှိနေနိုင်ပါသလား။
(၃)အကယ်၍ အဆိုပါ ကျပ် ၅ဝဝဝတန် အတုများ လည် ပတ်နေပါက မည်ကဲ့သို့ ထိန်းချုပ်ရန် အစီအစဉ်ရှိပါ သလဲ'' ဟု မေးမြန်းခဲ့သည်။
၎င်း၏မေးမြန်းမှုကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က 'မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ၃၁-၁-၂ဝ၁၃ ရက်အထိ ထုတ်ပေး ထားသော ၅ဝဝဝတန် ငွေစက္ကူတန်ဖိုးပမာဏမှာ ကျပ် ၂၈ဝဝဘီလီယံကျော်ရှိကြောင်း၊ ကျပ် ၅ဝဝဝ တန်အတုများ မြန်မာနိုင်ငံတွင်းရှိ ဘဏ်များတွင် မလည်ပတ်နိုင်စေရန် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ငွေစက္ကူအတုအစစ် ခွဲခြားသည့် စက်များဖြင့်ပါ ကြပ် ကြပ်မတ်မတ်ဆောင်ရွက်နေသော်လည်း ဘဏ်များတွင် ငွေစက္ကူအတုများ လက်ခံရရှိမှု ရှိနိုင်ကြောင်း၊ ထိုသို့ ရှိသော်လည်း ငွေလည်ပတ်နိုင်လောက်သည့် ပမာဏ မရှိကြောင်း၊ ငွေစက္ကူအတုများကို ငွေကြေးဆိုင်ရာဥပဒေ များ၊ ပြည်သူများအား အတုအစစ်ခွဲခြားသည့် ပညာပေး များလုပ်ဆောင်ခြင်း၊ ငွေစက္ကူအတုများစစ်ဆေးတွေ့ရှိသည့်အခါ ဖမ်းဆီး စစ်ဆေးအရေးယူခြင်းများဖြင့် တားဆီး ထိန်းချုပ်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ကျပ် ၅ဝဝဝတန်များ ပေါ်ထွက်လာပြီးနောက်ပိုင်း အစိုးရသစ်လက်ထက်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းရောက်ရှိလာ ပြီးနောက်ပိုင်း ပြည်သူများက ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ သော ငွေစက္ကူသစ်များဖြင့် အစားထိုးသုံးစွဲလိုသည့် ဆန္ဒများကို ထုတ်ဖော်လာခဲ့ကြသည်။
ဗိုလ်ချုပ်ပုံပါသော ငွေစက္ကူသစ်ရိုက်နှိပ် ထုတ်ဝေရေးအဆိုကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမို ကရေစီပါတီသစ်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်က တင်သွင်းခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက ကန့်ကွက်ခဲ့သည်။ ကန့်ကွက်မှု ရှိသဖြင့် ဦးကျော် တင်ပြသော အဆိုအား လွှတ်တော် ဥက္ကဋ္ဌကကိုယ်စားလှယ်များကို မဲစနစ်ဖြင့် ဆုံးဖြတ်စေခိုင်း ခဲ့ရာ ထောက်ခံသူ နှစ်မဲသာရရှိခဲ့၍ ဆွေးနွေးခွင့် မရခဲ့တော့ ပေ။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင် ခွင့် ရှုံးနိမ့်ခဲ့ရသော ဗိုလ်ချုပ်ပုံပါသည့်ငွေစက္ကူ ရိုက်နှိပ် ရန် ရှိမရှိ အဆိုမှာ ဤမျှနှင့် ရပ်မသွားခဲ့။ပြည်ထောင်စု လွှတ်တော်အထိ တင်သွင်းနိုင်ရန် လူငယ်များက ''ပြည် ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းရန် ပြည်သူများ၏ သဘောတူ လက်မှတ်များ'' ကို ကောက်ခံသောလှုပ်ရှားမှု များကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၂ဝ တွင် စတင်ဆောင် ရွက်ခဲ့ကြသည်။
မန္တလေးလူငယ်များကလည်း ၂ဝ၁၃ ခုနှစ် အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်ပုံပါ သော တစ်ကျပ်တန်နှင့် ၁၅ ကျပ်တန်ငွေစက္ကူများ ဝေငှခြင်းဖြင့် ဗိုလ်ချုပ်ပုံပါသော ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရေး ကို တစ်ဖက်တစ်လမ်းမှ လှုပ်ရှားခဲ့ကြသည်။
၂ဝ၁၃ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေးတွင် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းညွန့်က '' ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တွင် ယခင်အစိုးရအဆက်ဆက် ထုတ်ဝေခဲ့ သော ငွေစက္ကူများ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံအား အလေးထားဖော်ပြ ဂုဏ်ပြု ထုတ်ဝေခဲ့ပါသည်။ ယခု ထုတ်ဝေလျက်ရှိသော ငွေစက္ကူများတွင် တစ်ထောင်ကျပ်တန်အထိမှာ ခြင်္သေ့ ပုံများ ဖော်ပြထားသည်ဖြစ်ရာ အဆိုပါခြင်္သေ့ပုံသည် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ်အမှတ် အသားဖြစ်နေ ကြောင်း တွေ့ရှိနေရပါသည်။ သို့အတွက် နိုင်ငံရေးပါတီ တစ်ခု၏ တံဆိပ်အမှတ်အသားအား နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ဟု ယူဆပါသည်။ သို့ဖြစ်ပါ၍ မြန်မာတစ်နိုင်ငံလုံးက ကြည်ညိုလေးစားပြီး ကမ္ဘာကပါ လေးစားခံရသည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံများဖြင့် ငွေစက္ကူများ၏ တန်ဖိုး အသီးသီးတွင် ယခင်ခေတ်အဆက်ဆက်ကအတိုင်း ပြန်လည် အစားထိုး ထုတ်ဝေပေးရန် ဤလွှတ်တော်မှ ပြည်ထောင် စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း'' အဆိုအား လွှတ် တော်သို့တင်သွင်းခဲ့ပါသည်။
ယင်းအဆိုကို ရွာငံမဲဆန္ဒနယ် မှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ''မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ကေသရာဇာ ခြင်္သေ့မင်းပုံပါ ငွေစက္ကူများကို ၁၉၅၂ ခုနှစ်ကတည်းက ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာ ၂ဝ၁ဝ ပြည့်နှစ် မေလ မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ပါတီအဖွဲ့အစည်းတစ်ခု၏ တံဆိပ်အမှတ် အသားကို ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်း မဟုတ်ပါ ကြောင်း၊ ၂ဝ၁၃ခုနှစ် ဇူလိုင် ၁၁ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအခန်း(၉) ပုဒ်မ ၆၅အရ 'ဗဟိုဘဏ်သည် ငွေစက္ကူများနှင့် ဒင်္ဂါး၏တန်ဖိုးအဆင်အပြင် ဖွဲ့စည်းပါဝင်သည့် ဝတ္ထုပစ္စည်းနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်' ဟု သတ်မှတ် ပြဋ္ဌာန်းပါရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ နောက်ထပ်ငွေစက္ကူများ ထပ်မံထုတ်ဝေရန်ရှိ သော အချိန်တွင် ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများစသည်တို့ကို အခြေအနေ အချိန် အခါနှင့် လိုက်လျောညီထွေရှိမည့်ပုံများကို အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်းရိုက်နှိပ်ထုတ် ဝေသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ဖူးပါသည်။
ရှင်းလင်းတင်ပြချက်နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌမှ အဆိုရှင်၏ သဘောထားအား မေးမြန်း ရာ အဆိုရှင်ဦးသိန်းညွန့်မှ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၏ ဖြေကြားချက်တွင် 'နောင်ဆက်လက်ရိုက်နှိပ်သော ငွေ စက္ကူများကို ရိုက်နှိပ်သည့်အခါ ထင်ရှားသောခေါင်း ဆောင်များ' ဆိုသည့်အတွက် မိမိအနေဖြင့် လွှတ်တော်သို့ မှတ်တမ်းတင်ပေးထားလိုပါကြောင်း ပြောကြားရာ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ ဦးသိန်းညွန့် တင်သွင်းသော အဆိုအား လွှတ်တော်၌ မှတ်တမ်းတင်ထားရှိရန် အဆုံး အဖြတ်ရယူရာ လွှတ်တော်မှ သဘောမတူသူမရှိသည့် အတွက် အဆိုအား လွှတ်တော်၌ မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း အတည်ပြုဆုံးဖြတ်ခဲ့ကြပါသည်။
ယင်းအဆိုကို မှတ်တမ်းတင်အပြီး ၁ဝလအကြာ ယခု အောက်တိုဘာ ၁ရက်တွင် ကျပ် ၅ဝဝဝ တန်များ ကို ယခင်ထုတ်ဝေခဲ့သည့် အတိုင်းပင် ဆင်ဖြူတော်ပုံ၊ လွှတ်တော်ပုံများဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရိုက်နှိပ် ထုတ်ဝေလိုက်ပြီဖြစ်ပါသည်။
ပြည်သူတို့ကမူ ယခင်က ရှိခဲ့ဖူးသော တစ်ကျပ်တန် အမျိုးအစားတူ ဗိုလ် ချုပ်ပုံပါ ငွေစက္ကူများကို ယခုတစ်ကြိမ်ထွက်ပေါ်လာ လျှင် မြင်ခွင့်ကိုင်တွယ်သုံးစွဲခွင့် ရရှိတော့မည်ဟု မျှော်လင့် ထားပေရာမှန်းချက်နှင့် နှမ်းထွက်လွဲကြရပါတော့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်သူလူထု လိုလားသော ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ကျပ် ၅ဝဝဝ တန် ငွေစက္ကူများကိုသာ အစိုးရ၏ သဘောတူညီမှုဖြင့် ထုတ်ဝေဖြစ်ခဲ့ပါက ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌကြီးဒေါ်ခင် စောဦး၏ လွှတ်တော်တွင်ဖြေကြားချက်များ၊ လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်၏ အဆိုအပေါ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီး၏ မှတ်တမ်းတင်ထားရှိမှုများ အသက်ဝင်လာခြင်းနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်အများစု ပါဝင်သည့် အစိုးရ အဖွဲ့ကြီးမှာလည်း ပြည်သူတို့ရှေ့တွင် မျက်နှာပန်းလှဖွယ် ဖြစ်ပေရာ အခွင့်အရေးကောင်းကြီးတစ်ခု လက်လွှတ် ဆုံးရှုံးသွားပေပြီဟုသာ ယူဆစရာရှိပါသတည်း။ ။
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)


No comments:
Post a Comment