နေပြည်တော်၊ အောက်တိုဘာ ၂
အစိုးရသစ် သက်တမ်း သုံးနှစ်ကျော်
ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက အတည်ပြု ပြဋ္ဌာန်းထားသော
ဥပဒေပေါင်း ၂၇၂ ခုတွင် နည်းဥပဒေ ၇၅ ခုကိုသာ ထုတ်ပြန်ထားနိုင်ကြောင်း
ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက
ပြောကြားသည်။
အောက်တိုဘာလ ၂ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ကရင်ပြည်နယ် ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာက ပြည်နယ်နှင့်
တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းထားသည့် အစိုးရနှင့် တရားရေးဆိုင်ရာမှ
နည်းဥပဒေများ အမြန်ဆုံး ထုတ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ၎င်းက
ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်သူ့အကျိုးစီးပွား
ကာကွယ်စောင့်ရှောက်ရေး ဥပဒေလို အရေးကြီးတဲ့ ဥပဒေတွေက နည်းဥပဒေ မထွက်တော့
အခက်အခဲတွေ ဖြေရှင်းရ ခက်နေလို့ မေးတာပါ” ဟု ဒေါ်နန်းစေအွာက ပြောကြားသည်။
ခေတ်အဆက်ဆက်တွင် ဥပဒေ ထုတ်ပြန်ပြီး နည်းဥပဒေ ထုတ်ပြန်စရာ မလိုဘဲ
တည်ဆဲပြဋ္ဌာန်းချက်နှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရသည့် ဥပဒေများ ရှိခဲ့ပြီး
လက်ရှိတွင်လည်း နည်းဥပဒေ ထုတ်ပြန်ရန် လိုအပ်သည့် ဥပဒေကို
ရေးဆွဲထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ကလေးသူငယ်များ
ကာကွယ်စောင့်ရှောက်ရေး ဥပဒေသည် နည်းဥပဒေ ထုတ်ပြန်ရန် မလိုအပ်ကြောင်း
ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။
ပြဋ္ဌာန်းပြီးသော ဥပဒေများတွင် နည်းဥပဒေ ထုတ်ပြန်ရန် လိုအပ်နေပါက ရေးဆွဲထုတ်ပြန်နိုင်ရန် ကြိုးစားနေကြောင်း ၎င်းကဆိုသည်။
ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတထံမှ အတည်ပြုထားသော
ဥပဒေများတွင် နည်းဥပဒေ ထုတ်ပြန်မှု နှောင့်နှေးကြန့်ကြာမှုများ အမြန်ဆုံး
ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြီးခဲ့သည့်
ဒသမအကြိမ် အစည်းအဝေးတွင် အစိုးရအဖွဲ့ကို တိုက်တွန်းပြောဆိုခဲ့သည်။
Credit - The Voice Weekly
No comments:
Post a Comment