မီဒီယာ လွတ်လပ်လာသည်နှင့်အမျှ ဖြစ်သမျှ မြင်သမျှ ကြားသမျှ သတင်းစာမျက်နှာပေါ်၊ ရုပ်မြင်သံကြားပေါ် အလျင်အမြန် တင်ကြသည်။ ပြောသူလုပ်သူ တို့သည်လည်း ယခင်ကနှင့်မတူ ကိုယ်မြင်ရာ ကိုယ်ပြော ကိုယ်ရေးခွင့် ရလာကြသည်။
ထိုသို့ လွတ်လပ်စွာ ပြောရေးဆိုခွင့် ဖော်ပြခွင့်ရလာသော ပြုပြင်ပြောင်းလဲရေးခေတ်တွင
ထိုသို့ အကဲဖြတ်ခွင့် ရလာသည်နှင့်အမျှ ပြည်သူတို့သည် အားတက်ဖွယ်ရာထက် အားလျော့ဖွယ်ရာ တို့နှင့်သာ ကြုံလာရသည်။ တိုင်းသိပြည်သိ အစိုးရ၊ အစိုးရ မဟုတ်သောအဆင့်မှ မြန်မာကျော် စကားတို့ ကြားရသည့်နည်းတူ လူရှေ့သူရှေ့တွင် မဆင်မခြင် ပြောပြီးခါမှ အူယားဖားယား လိုက်ပြင်လိုက်ပိတ် ရုတ်ရုတ်သဲသဲ အဖြစ်မျိုးလည်း မနည်းတော့။ သည်လိုလူတွေက နိုင်ငံကို အုပ်ချုပ်နေတာလား၊ သည်လိုလူမျိုးတွေက နိုင်ငံကို အုပ်ချုပ်မှာလားဟု ပြည်သူတို့ စိုးရိမ်သောက ပွားကြရသည်။ သောကမပွားလျှင်လည်း မရနိုင်ပါ။ ယုံတဲ့ပြည်သူတွေကသာ မှားတာ ဆိုသည် မျိုးကလည်း ကြားရတတ်သည်ကိုး။
ပြည်သူ့အုပ်ချုပ်ရေးဟု အရေးကြီးလှသည့် တာဝန်ကို ယူနေသောသူများ၊ ယူချင်သော သူများအနေနှင့် တာဝန်သိစကား၊ တာဝန်ယူစကား မဟုတ်ဘဲ တရားလက်လွတ်၊ သတိလက်လွတ် ပြောစကားများသည် အလွန်အရုပ်ဆိုးပါသည်။ ပြည်သူ့တာဝန်ကို ယူမည့်သူသည် ပြည်သူ့ရှေ့တွင် နေတတ်ထိုင်တတ်မှ ဖြစ်လိမ့်မည်။ ဘာပြောပြော ကြားရသည့်ခေတ်၊ ဘာလုပ်လုပ် တစ်လောကလုံးက မြင်ရသည့်ခေတ်တွင် ယခင်လို တုဏှိဘာဝေ ခပ်ရှောင်ရှောင် နေရန်လည်း မဖြစ်။ ဆိုရေးရှိက ဆိုအပ်လှသလို တရားလက်လွတ် စကားများလည်း မပြောရန် လိုအပ်ပါသည်။
‘စကား စကားပြောပါများ စကားထဲက ဇာတိပြ’ ဆိုသော စကားသည် ယနေ့ မြန်မာနိုင်ငံ အခြေအနေကို တိုက်ရိုက် ထင်ဟပ်နေသည်။ တာဝန်ကြီး ယူထားသူများ၊ ယူမည့်သူများသည် မိမိအရည်အချင်းကို နေ့ချင်းညချင်း မပြင်ဆင်နိုင်သည့်တိုင် စကားအပြောအဆိုမှ စတင် ဆင်ခြင်စေလိုပါသည်။
အယ်ဒီတာ (၃၀-၉-၂၀၁၄)
--------------------------
The Voice Daily Editorial Vol-2/No-146 (#voiceeditorial)
No comments:
Post a Comment