“စစ်ဖြစ်ပြီဆိုတာနဲ့ အရင်ဆုံး သေနတ်ထိမှန်သွားရတဲ့ သူနှစ်ဦးကတော့ အမှန်တရားနဲ့ စာနာတရားဆိုတဲ့ သူတွေပါပဲ” ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ စစ်တိုက်တဲ့အချိန်မှာ စစ်သားတစ်ယောက်အတွက် အချစ်ဆုံးလူတန်းစား သုံးမျိုးသုံးစား ရှိတယ်ဆိုပြီးတော့လည်း လူတွေပြောစမှတ် ပြုတတ်ကြပါသေးတယ်။ အဲဒီအထဲက ပထမအမျိုးအစားကတော့ ကိုယ့်ကိုယ်ကိုယ်ပါပဲ။ ဒုတိယအမျိုးအစားကတော့ ကိုယ့်ရဲဘော်ရဲဘက်နဲ့ ကိုယ့်ဆွေမျိုးသားချင်းတွေဖြစ်ပြီး တတိယချစ်သူ အမျိုးအစားကတော့ ကိုယ့်နိုင်ငံပဲဖြစ်ပါတယ်။
ဒီသဘောတရားကို ဒုတိယကမ္ဘာစစ်ကြီးထဲက အဖြစ်အပျက်တချို့ကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးထက် ပိုပြီးချစ်ရတဲ့ နိုင်ငံရယ်လို့ မရှိခဲ့ကြပါဘူး။ မဟာမိတ်တွေရော ၀န်ရိုးတန်းနိုင်ငံတွေပါ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားအတွက်သာ ကိုယ်ကြည့်ခဲ့ကြပြီး ကိုယ့်အကျိုးစီးပွားကို မထိခိုက်သရွေ့ သူများတွေ သေကြကျေကြတာကို လက်ပိုက်ပြီးပဲ ကြည့်နေခဲ့ကြတာပါ။ အရှေ့ဘက် စစ်မျက်နှာမှာ ဂျာမန်တွေရဲ့ တိုက်စစ်ဒဏ်ကို ရုရှားတွေ အလူးအလဲခံနေရလို့ အမေရိကန်နဲ့ ဗြိတိန်တို့အနေနဲ့ အနောက်ဘက်ကနေ စစ်မျက်နှာတစ်ခု ဖွင့်ပေးပါလို့ စတာလင်က မေတ္တာရပ်ခံတာကို အမေရိကန်သမ္မတ ရုစဗဲ့က ခေါင်းညိတ်ပြီး ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှစ်ခွဲတိတိ ဘာဆိုဘာမှ လုပ်မပေးခဲ့ပါဘူး။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် “ချာ့ချီလ်” ကလည်း မဟာမိတ်တပ်တွေ ဒီလောက်အများကြီးကိုတင်ပြီး အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်ပေးဖို့ သူ့နိုင်ငံမှာ ရေယာဉ်အလုံအလောက် မရှိဘူးလို့ပဲ တွင်တွင်ပြောပြီး ခေါင်းခါနေခဲ့တာပါ။ ဒီအချိန်အတောအတွင်းမှာတော့ ဂျာမန်တွေနဲ့ရုရှားတွေ အကြီးအကျယ် တိုက်ပွဲတွေဖြစ်နေကြပြီး နှစ်ဖက်စလုံး သောက်သောက်လဲ ကျဆုံးနေကြပါတယ်။ အဲဒါတွေကိုကြည့်ပြီး ရုစဗဲ့နဲ့ ချာ့ချီလ်တို့ ၀မ်းသာနေကြသလား။ စိတ်မကောင်းဖြစ်နေကြသလားဆိုတာ သူတို့ကိုယ်သူတို့ပဲ အသိဆုံးဖြစ်ကြမှာပါ။
ဒါပေမဲ့ ၁၉၄၄ ခုနှစ် ဇွန် ၆ ရက်မှာတော့ တစ်ကမ္ဘာလုံးက (D-Day) လို့သိကြတဲ့ နော်မန်ဒီကမ်းတက် စစ်ဆင်ရေးကြီးကို မဟာမိတ်တို့ ဆင်နွှဲခဲ့ကြပါတယ်။ မလုပ်လို့လည်း မဖြစ်တော့ပါဘူး။ ဘာပြုလို့လဲဆိုတော့ ရုရှားတပ်တွေဟာ အဲဒီအချိန်မှာ ပိုလန်၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗက်ကီးယားနဲ့ ယူဂိုစလားဗီးယားတို့ကို သိမ်းပြီး ဘာလင်မြို့ကြီးဆီကိုတောင် ချီတက်လာနေကြလို့ ဖြစ်ပါတယ်။ တော်ကြာ ဂျာမနီတစ်နိုင်ငံလုံးကို ရုရှားတွေဝင်သိမ်းသွားပြီးမှ ကိုယ်ရောက်လာရင် အမေရိကန်တွေ ဘာဆိုဘာမှ ရလိုက်ကြမှာ မဟုတ်တဲ့အတွက် ခုလို မဖြစ်မနေ စစ်ဆင်ရေးလုပ်ရတာဖြစ်တယ်လို့ ယူဆကြတဲ့ သမိုင်းသုတေသီတွေလည်း အများကြီးပါပဲ။ နော်မန်ဒီကမ်းတက် စစ်ဆင်ရေးမှာ မဟာမိတ်ဘက်က တစ်ရက်တည်းနဲ့ ကျဆုံးစစ်သည် ၄,၄၁၄ ယောက် ရှိခဲ့ပါတယ်။
ဒီလိုပါပဲ။ စစ်ကြီးအတွင်း အချက်အချာကျတဲ့မြေတွေကို သိမ်းရတဲ့တိုက်ပွဲတွေမှာ ပိုပြီးထိခိုက် ကျဆုံးမှုများတာကို တွေ့ရပါတယ်။ အိုကီနာဝါကျွန်း တိုက်ပွဲမှာတော့ အမေရိကန်ဘက်က ကျဆုံးနဲ့ ပျောက်ဆုံးစစ်သည် ၁၂,၀၀၀ ရှိပြီး ၃၆,၀၀၀ ဒဏ်ရာရခဲ့ပါတယ်။ ဂျပန်ဘက်က ကျဆုံးစစ်သည်ဦးရေကတော့ တစ်သိန်းဖြစ်ပြီး အိုကီနာဝါကျွန်းပေါ်က ဂျပန်လူမျိုး သေဆုံးအရေအတွက်ဟာလည်း တစ်သိန်းပါပဲ။ များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာက ပိုများပါတယ်။ ဂျပန်စစ်သည်တွေဟာ သူတို့ ဘုရားလို ယုံကြည်ကိုးကွယ်လေးစားကြတဲ့ ဧကရာဇ်ဘုရင်အတွက် တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး သာမန်အရပ်သားတွေရဲ့ ခံယူချက်ကလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ လက်နက်ချတဲ့လူရယ်လို့ မရှိပါဘူး။ စစ်မြေပြင်မှာ ကျဆုံးခြင်းဟာ အလွန်မြင့်မြတ်ပြီး လက်နက်ချတဲ့စစ်သည်ရဲ့ ဆွေမျိုးတွေကတော့ ဂျပန်ပြည်မှာ နေလို့မရနိုင်လောက်အောင် အရှက်တွေ ရကြရပါတယ်။
ဒီလိုစိတ်ဓာတ်မျိုးရှိတဲ့ ဂျပန်လူမျိုးတွေ နေထိုင်ရာ ဂျပန်ကျွန်းတွေကို တက်သိမ်းရင် ထိခိုက်ကျဆုံးမှု ဘယ်လောက်အထိ ဖြစ်လာနိုင်မလဲဆိုတာ မတွေးရဲပါဘူး။ ဒီလိုသတင်းတွေကြောင့် အမေရိကန်စစ်သည်တွေရဲ့ စိတ်ဓာတ်တွေဟာ ကြံ့ကြံ့မခံနိုင်တော့လောက်အောင် ဖြစ်ရပါတယ်။ စိတ်လည်း တိုလာကြပါတယ်။ စစ်သားတွေ စိတ်တိုလာရင် မဲမိလေ့ရှိကြသူတွေကတော့ ရန်သူ့ဘက်က ပြည်သူတွေအပေါ်ကိုပါပဲ။ ဒုတိယကမ္ဘာစစ်ကြီး စဖြစ်ခါစ ၁၉၃၉ ခုနှစ်မှာတုန်းက အမေရိကန်သမ္မတကြီး ရုစဗဲ့က အပြစ်မဲ့ပြည်သူတွေနေတဲ့ မြို့ရွာတွေကို ဗုံးမကြဲဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ စိတ်တိုလာတဲ့အခါ ဘယ်သူမှ စာနာတရား မထားနိုင်ကြတော့ဘူးဆိုတာကို နောက်မကြာခင် ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ ဘာလင်အပါအ၀င် ဥရောပမှာရှိတဲ့ မြို့ကြီးတွေအားလုံး ဗုံးကြဲခံကြရတာကိုကြည့်ပြီး သိနိုင်ပါတယ်။
အရပ်သားဆိုတာ တိုက်ပွဲမှာသေတာ မရှိသလောက်ပါပဲ။ မြို့ရွာတွေဗုံးကြဲခံရမှ သေကြတာပါ။ အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီး “လယ်မေ” ကတော့ စစ်သားရော အရပ်သားကိုပါ မညှာပါဘူး။ သူက “မင်းတို့ လူသတ်ရမှာ ၀န်မလေးကြနဲ့။ လူများများသတ်နိုင်မှ ရန်သူက မင်းတို့ကို ခံမတိုက်ရဲမှာ” လို့ သူ့စစ်သည်တွေကို ပြောခဲ့ဖူးပါတယ်။ ၉.၃.၄၅ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီးလယ်မေဟာ တိုကျိုကိုဗုံးကြဲဖို့ လေယာဉ်အစင်း ၃၄၀ ကို စေလွှတ်လိုက်ပါတယ်။ လေယာဉ်တွေသယ်သွားတဲ့ ဗုံးတွေက မီးလောင်ဗုံးတွေပါ။ အဲဒီတုန်းက တိုကျိုမြို့ကြီးဟာ သက်တမ်းနှစ်တစ်ထောင်ရှိပြီး တစ်မြို့လုံး ၀ါးတွေသစ်တွေနဲ့ပဲ တည်ဆောက်ထားကြတာပါ။ ဘီ-၂၉ လေယာဉ်ပျံကြီးတွေဟာ အလျားလေးမိုင် အနံလေးမိုင်ရှိတဲ့ စက်ဝိုင်းသဏ္ဌန် ပတ်လည်အတိုင်း မီးလောင်ဗုံးတွေကို ကြဲချလိုက်ကြပါတယ်။ အဓိပ္ပာယ်ကတော့ အလယ်ကောင်ကလူတွေ ထွက်မပြေးနိုင်အောင် မီးနဲ့ကွင်းလိုက်ခြင်းပါပဲ။ ပြီးတော့မှ အလယ်ပိုင်းကို ဆက်ဗုံးကြဲတာပါ။ တစ်ယောက်မှ ပြေးမလွတ်ပါဘူး။ မြို့သူမြို့သားအားလုံး တစ်ညတည်းနဲ့ လူတစ်သိန်းသေပါတယ်။ မီးရှိန် ဘယ်လောက်ပြင်းသလဲဆိုရင် မြို့ထဲမှာရှိတဲ့ ချောင်းတွေနဲ့ရေမြောင်းတွေထဲက ရေတွေတောင်ဆူပါတယ်။ လူတွေအားလုံး မီးလောင်တိုက် အသွင်းခံရသလိုဖြစ်ကြရလို့ ထွက်လာတဲ့အနံ့ ဘယ်လောက်ပြင်းသလဲဆိုရင် ဗုံးကြဲလေယာဉ်တွေထဲက အမေရိကန်ပိုင်းလော့တွေတောင် တဝေါဝေါနဲ့ ထိုးအန်ကြရတဲ့အထိ ဖြစ်ကြရပါတယ်။ အဲဒီလိုနဲ့ ဂျပန်မြို့ကြီးတစ်ရာကျော် ဗုံးဆက်အကြဲခဲ့ရပြီး လူငါးသိန်းကျော်သေခဲ့ပါတယ်။
အဲဒီလိုသေနေကြတာတောင်မှ ဂျပန်တွေဘက်က လက်နက်ချမယ့် အရိပ်အယောင် မတွေ့ရပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သွေးပျက်နေကြသူတွေကတော့ အမေရိကန်စစ်သည်တွေပါပဲ။ သူတို့ဟာ ညစဉ်ညတိုင်း ဂျပန်ကျွန်းတွေကို တက်သိမ်းရင်း သေပွဲဝင်ရမယ့် အိပ်မက်ဆိုးတွေကို မက်နေကြရတဲ့သူတွေပါ။ အမေရိကန်သမ္မတ ထရူးမင်းကိုယ်တိုင်လည်း စိုးရိမ်လာနေပါပြီ။ ဒါ့ကြောင့် ဂျပန်နိုင်ငံကို မြောက်ဘက်က၀င်တိုက်ပေးဖို့ စတာလင်ကို အကူအညီတောင်းပါတယ်။ ဥရောပစစ်မြေပြင်မှာလည်း ဂျာမနီနဲ့အီတလီတို့ လက်နက်ချလိုက်ကြလို့ စစ်သားတွေ အများကြီးသုံးစရာ မလိုတော့ပါဘူး။ ဒါ့ကြောင့် စတာလင်ဟာ ရှိသမျှတပ်တွေနဲ့ ဂျပန်တွေသိမ်းထားတဲ့ တရုတ်ပြည်မြောက်ပိုင်းက မန်ချူးရီးယားနယ်မြေကို အလုံးအရင်းနဲ့ ၀င်တိုက်တော့တာပါပဲ။ အဲဒီအချိန်မှာ အမေရိကန်နိုင်ငံက အဏုမြူဗုံး စမ်းသပ်တီထွင်နေတဲ့ စီမံကိန်း အောင်မြင်သွားပါတယ်။ အရင်တုန်းကတော့ ဂျပန်ကျွန်းကို အမေရိကန်တပ်တွေချည်း တက်သိမ်းရမယ်ဆိုရင် ကိုယ်ချည်းအထိနာမှာစိုးလို့ ဂျပန်ကို မြောက်ဘက်ကနေ ၀င်တိုက်ပေးဖို့ ထရူးမင်းက ရုရှားကို အကူအညီတောင်းခဲ့တာပါ။ ဒါပေမဲ့ အခုတော့လည်း စစ်ကြီးပြီးသွားတဲ့အခါ တောင်ဂျပန် မြောက်ဂျပန်ရယ်လို့ ဖြစ်လာမှာကို အမေရိကန်တွေ မလိုလားကြတော့ပြန်ပါဘူး။ ဒါ့ကြောင့်လည်း ဟီရိုရှီးမားနဲ့ နာဂါဆကီမြို့ နှစ်မြို့ပေါ်ကို အဏုမြူဗုံးတစ်လုံးစီ အမြန်ဆုံးကြဲချလိုက်ဖို့ ထရူးမင်းက အမိန့်ပေးခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကြီးပြီးဆုံးဖို့ အဏုမြူဗုံး ကြဲချစရာ လုံးဝမလိုပါဘူးလို့ ပစိဖိတ်စစ်မြေပြင်ကို တာဝန်ယူရတဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး မက်အာသာက ပြောခဲ့ဖူးပါတယ်။
စစ်ကြီးပြီးသွားတဲ့အခါ သမ္မတထရူးမင်းကို အဏုမြူဗုံးကြဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက “သမ္မတကြီး ညညအိပ်လို့ပျော်ရဲ့လား” လို့ မေးကြတဲ့အခါ ထရူးမင်းက “ကျွန်တော်က အလုပ်တစ်ခုကိုမလုပ်ခင် အရင်စဉ်းစားတယ်။ ဂျပန်ကျွန်းကိုတက်ပြီး သိမ်းပိုက်ရမယ်ဆိုရင် အမေရိကန်လူရွယ် ကောင်းလေးတွေ အများကြီး ကျဆုံးကုန်ကြမယ်။ ဒါ့ကြောင့် ဒီလိုဆုံးဖြတ်ခဲ့တာပါပဲ။ ဆုံးဖြတ်တဲ့အတိုင်း လုပ်ပြီးရင်လည်း ဘာမှ ပြန်စဉ်းစားမနေတော့ဘူး။ ဘာကိုမှလည်း သတိမရတော့ဘူး။ အိပ်လို့လည်း ပျော်တာပါပဲ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။ ဒါ့ကြောင့် ကမ္ဘာစစ်ကြီးတွေ ဖြစ်ကြတဲ့အခါ နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ ရင်ထဲမှာ အမှန်တရားနဲ့ စာနာစိတ်ဆိုတာတွေကို မေ့ပျောက်သွားကြပြီး “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သဘောထားခဲ့ကြတာပဲ များပါတယ်။
ကိုယ့်နိုင်ငံထဲမှာဖြစ်ခဲ့တဲ့ စစ်ပွဲတွေဆိုတာကတော့ ကိုယ့်ညီအစ်ကိုအချင်းချင်း စိတ်အခန့်မသင့်လို့ ဖြစ်ခဲ့ကြတဲ့ စစ်ပွဲတွေပါပဲ။ ဒါ့ကြောင့် ဒီစစ်ပွဲတွေနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးကိုရရှိဖို့ ဆွေးနွေးကြတဲ့ အခါမှာတော့ အဲဒီလိုသဘောထားလို့ မဖြစ်နိုင်ပါဘူး။ ပြည်သူ့တွေရဲ့မျက်နှာကို ထောက်ရှုပြီး အမှန်တရားနဲ့ စာနာစိတ်ကိုပဲ ရှေ့တန်းတင်မှရမယ်လို့ ပြောချင်မိပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက နိုင်ငံကြီးတွေ သဘောထားခဲ့ကြတဲ့ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သဘောမထားကြမှသာ ကိုယ့်နိုင်ငံက ပြည်သူတွေ အနာဂတ်အတွက် စိုးရိမ်သောကကင်းကင်းနဲ့ ညညအိပ်လို့ ပျော်နိုင်ကြမှာ ဖြစ်ပါတယ်။
Credit - Eleven Media Group
No comments:
Post a Comment