The
Irrawaddy ဂျာနယ်ပါ “ပြန်ကြားရေး၊ မီဒီယာနဲ့ နိုင်ငံရေးဂိုဏ်းဂဏ
ပြဿနာများ” ဆောင်းပါးနှင့် ပတ်သက်၍ Eleven Media Group ၏ အသိပေးကြေညာချက်
The Irrawaddy ဂျာနယ် အတွဲ (၁)၊ အမှတ် (၄ဝ) တွင် ဖော်ပြထားသော ဆောင်းပါးရှင် စည်သူအောင်မြင့်၏ “ပြန်ကြားရေး၊ မီဒီယာနဲ့ နိုင်ငံရေးဂိုဏ်းဂဏ ပြဿနာများ” ဆောင်းပါးနှင့်ပတ်သက်၍ Eleven Media Group အနေဖြင့် အောက်ပါအတိုင်း အသိပေး ကြေညာအပ်ပါသည်။
(၁) Eleven Media Group အား ဂုဏ်သိက္ခာထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ
ပုတ်ခတ်ရေးသားလေ့ရှိသော ဆောင်းပါးရှင် စည်သူအောင်မြင့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပေါ်ပေါက်နေသော ကိစ္စအပေါ် နိုင်ငံရေးဂိုဏ်းဂဏ ပြဿနာအဖြစ် အချက်အလက်အမှားများဖြင့် ရေးသားထားခြင်းသာ ဖြစ်ပါသည်။
(၂) Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် အနေဖြင့် လွှတ်တော်နာယက သူရဦးရွှေမန်းအား တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံခဲ့ဖူးခြင်းမရှိဘဲ ၎င်း၏သားဖြစ်သူ ဦးအောင်သက်မန်းနှင့် ခုနစ်နှစ်အတွင်း နှစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးသည်။ ထိုသို့တွေ့ဆုံခြင်းမှာလည်း ဆောင်းပါးရှင် စည်သူအောင်မြင့် စွပ်စွဲသကဲ့သို့ နိုင်ငံရေး၊ စီးပွားရေးအရ ရင်းနှီးတွေ့ဆုံ ဆက်ဆံခဲ့ခြင်းမဟုတ်ကြောင်း ရှင်းလင်းအပ်ပါသည်။
(၃) ဆောင်းပါးရှင် စည်သူအောင်မြင့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် Eleven Media Group တို့အား ရည်ရွယ်ချက်ရှိရှိ ပုတ်ခတ်ရေးသား ထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ Eleven Media Group အနေဖြင့် သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ လွှတ်တော်နာယက ဦးရွှေမန်းနှင့်လည်းကောင်း၊ သတင်းမီဒီယာနှင့် တိုင်းပြည်အား ဦးဆောင်ပုဂ္ဂိုလ်များ အကြားရှိသော အပြန်အလှန် လေးစားဆက်ဆံမှုသာ ရှိပါသည်။ မည်သည့်အထူး ဆက်ဆံရေးမျှမရှိပါ။
(၄) ထို့ပြင် ပြန်ကြားရေးနှင့် ပေါ်ပေါက်နေသော သီးခြားစီဖြစ်သည့် ကိစ္စရပ်အား အချက်အလက် အမှားများဖြင့် “သမ္မတဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းအာဏာလွန်ဆွဲရာကနေ အစပြုခဲ့တဲ့ နိုင်ငံရေးဂိုဏ်းဂဏဆန်တဲ့ ပြဿနာဖြစ်ပါကြောင်း” ဟူသော ရေးသားချက်များမှာ Eleven Media Group အား အသရေဖျက်ခြင်း၊ ဂုဏ်သိက္ခာ ထိခိုက်နစ်နာအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည့်အတွက် The Irrawaddy ဂျာနယ်၊ ဆောင်းပါးရှင် စည်သူအောင်မြင့်နှင့် နောက်ကွယ်မှ ပတ်သက်သူများရှိပါက နောက်ကွယ်မှ ပတ်သက်သူများ အားလုံးကို ဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
(၅) ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားစွဲဆိုမည့်ကိစ္စနှင့် ပတ်သက်၍လည်း တရားဥပဒေနှင့် အမှန်တရားအတိုင်း တုံ့ပြန်ရင်ဆိုင် ဖြေရှင်းသွားမည် ဖြစ်ပါသည်။
(၆) Eleven Media Group အနေဖြင့် လာဘ်ပေးလာဘ်ယူကိစ္စသည် တိုင်းပြည်ချောက်ထဲ ကျနိုင်သည့်အတွက် ယင်းကိစ္စများနှင့် ပတ်သက်၍ လုံးဝအလျှော့ပေးမည် မဟုတ်ဘဲ လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ ဆက်လက်ရေးသား သွားမည်ဖြစ်ပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် သတင်းစာရှင်းလင်းပွဲ မကြာမီပြုလုပ်သွားမည် ဖြစ်ပါသည်။
(၇) ထို့ပြင် အဂတိလိုက်စားမှု ပြဿနာသည် မြန်မာနိုင်ငံအတွက် များစွာထိခိုက်နစ်နာစေပြီး ဆိုးရွားသည့် ကိစ္စရပ်ဖြစ်သောကြောင့် ယင်းကိစ္စအပေါ် အခြေခံဖြစ်ပွားခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ တရားစွဲဆိုမှုအား လိုအပ်သော တိုင်ကြားခြင်း၊ ရှင်းလင်းခြင်း၊ ဥပဒေအရ တုံ့ပြန်တရားစွဲဆိုခြင်းများ အပါအဝင် အမှန်တရားအတွက် ပြန်လည်ရင်ဆိုင်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
Credit - Eleven Media Group

No comments:
Post a Comment