ရန်ကုန်၊ အောက်တိုဘာ ၂
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက်
ညှိနှိုင်းမှုများ ပြုလုပ်နေစဉ် အတွင်း အောက်တိုဘာလ ၁ ရက် နေ့က ရှမ်းပြည်နယ်၊
နမ့်ခမ်းနှင့် ကွတ်ခိုင်တို့တွင် အစိုးရ စစ်တပ်များနှင့် တိုင်းရင်းသား
လက်နက်ကိုင် တပ်ဖွဲ့များ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ နယ်မြေစိုးမိုးရေး လှုပ်ရှားနေသည့်
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား စစ်အစိုးရ တပ်များက လိုက်လံ
ထိုးစစ် ဆင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်
တပ်ဖွဲ့များ ဘက်မှ ယခုကဲ့သို့ ပြောပြသည်။
““မနေ့က (အောက်တိုဘာလ ၁
ရက်)တော့ တိုက်ပွဲကနှစ်ပွဲ။ ဘယ်လိုမျိုး ဖြစ်တာလဲဆိုတော့ အဲဒီမှာ နယ်မြေ
စိုးမိုးရေး။ တစ်ပွဲကတော့ နမ့်ခမ်းဘက်၊ နောက်တစ်ပွဲက ကွတ်ခိုင်ဘက်။
ကွတ်ခိုင်ဘက်ကတော့ တပ်မ ၁၁။ နမ့်ခမ်းဘက်က တပ်မ ၈၈။ ကွတ်ခိုင်ဘက်က ၁၀
နာရီလောက်က စဖြစ်တာ။ ညနေ ၄ နာရီလောက်မှ ပြီးတယ်။ ကွတ်ခိုင် ဘက်ကတော့
သတင်းမရသေးဘူး။ နမ့်ခမ်းဘက်ကတော့ အစိုးရတပ်ဘက်က ၁၀ ဦးကျော်ကျော်လောက်
ကျတယ်လို့ သတင်းရတယ်။ ကျွန်တော်တို့ ဘက်ကတော့ မရှိဘူး။ နမ့်ခမ်းဘက် ကတော့
KIA လှုပ်ရှားမှု နယ်မြေထဲမှာ။ ကွတ်ခိုင် ဘက်ကတော့ တပ်ပေါင်းစု နယ်မြေထဲမှာ။
သုံးဖွဲ့ပေါ့။ KIA ရယ်၊ ကျွန်တော်တို့ရယ်၊ MNDA ရယ်။ MNDA က
မြန်မာ့ဒီမိုကရေစီ တပ်ပေါင်းစု။ သုံးဖွဲ့ပေါင်းပြီး တိုက်တာ ပေါ့။ တပ်မ
၈၈တို့၊ တပ်မ ၁၁ တို့က ကျွန်တော်တို့အဖွဲ့ လှုပ်ရှားမှုပြုရင်
လိုက်လံပိတ်ဆို့တာတွေ ရှိတယ်။ အဓိကတော့ နယ်မြေ စိုးမိုးရေးပေါ့။
ကျွန်တော်တို့ လှုပ်ရှား သတင်းကြားရင် လိုက်လံ ထိုးစစ်ဆင်တာတွေ ရှိတယ်””ဟု
တအားဝ်/ပလောင် လွတ်မြောက်ရေး တပ်မတော်မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ
မိုင်းအိုက်ကျော် က အောက်တို ဘာလ ၂ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့
ပြောသည်။
အစိုးရတပ်ဘက်မှ ၁၀ ဦးကျော် ကျဆုံးသည်ဟု တအားဝ်/ပလောင်
လွတ်မြောက်ရေး တပ်ဘက်မှ ပြောဆို ထားသော် လည်း မြန်မာသံတော်ဆင့် အနေဖြင့်
သီးခြားအတည်ပြုချက် မရရှိသေးပေ။
တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ
မှန်သော်လည်း စစ်မြေပြင် သတင်းအချက်အလက် အသေးစိတ်ကို တောင်းယူ
ထားဆဲဖြစ်ကြောင်းကို ““တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်။ ရှေ့တန်းဘက်က
ဖြစ်တာတွေ။ တပ်တွေက တပ်မဟာကို သတင်းပြန်ပို့၊ တပ်မဟာကလည်း ပြန်စိစစ်၊
စစ်ပြီးမှ ဗဟိုပြန်ပို့ ဆိုတော့ ဖြစ်ဖြစ်ချင်းတော့ သတင်းက အတည်မပြုသေးတော့
ဖြေရမှာ တလွဲတချော် ဖြစ်သွားမှာလည်း စိုးတယ်လေ။ ကျွန်တော်တို့လည်း အခုမှ
တောင်းထားဆဲ ဖြစ်ပါတယ်။ ဘယ်တော့ပြန်ပို့မယ် ဆိုတာတော့ မသိသေးဘူး”” ဟု KIO
နည်းပညာ အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။
အောက်တိုဘာလ ၂
ရက်နေ့တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက်
လှုပ်ရှားမှုများ ရှိပါက တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်သည့် အနေအထား
ရှိနေကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ဆိုသည်။ ပြီးခဲ့သည့်
စက်တင်ဘာလ ကုန်ပိုင်းလည်း ကရင်ပြည်နယ် အတွင်းရှိ တိုးတက်သော ကရင့်ဗုဒ္ဓဘာသာ
တပ်မတော် DKBA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သေးပြီး
အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ DKBA တပ်ဖွဲ့ဝင်များ
မြ၀တီမြို့ပေါ်မှ ဌာနချုပ် ရှိရာသို့ ဆုတ်ခွာ ပေးခဲ့ ရသည်ဟု DKBA
တာဝန်ရှိသူများက ယခုကဲ့သို့ပြောသည်။
““DKBA အဖွဲ့တွေက
ဗိုလ်နှုတ်ခမ်းမွေးတို့ နေရာဌာနချုပ်ကို ထွက်သွားပြီ။ ဗမာတွေကတော့ တပ်ရင်း
နှစ်ရင်း၊ သုံးရင်းလောက် ရှိတယ်။ DKBA ဘက်က လက်နက်တွေ ပြန်ပေးဖို့
ပြောထားတယ်။ အခု မြ၀တီမှာ တပ်စွဲ ထားတာက ခမရ ၂၄။ DKBA ကတော့ မရှိတော့ဘူး။
ကော့ကရိတ် လမ်းကြောင်းကို BGF ရယ်၊ စစ်တပ်ရယ်၊ KNU ရယ်က ကော့ကရိတ်လမ်းကို
ပေးမသွား ဘူး။ မြ၀တီရဲ့ တောင်ဘက်ကနေ ပတ်သွားရတယ်၊ DKBA ရဲ့ ဌာနချုပ်
နေရာကိုး။ ဌာနချုပ်နေရာက ဆုံဆည်းမြိုင် ဘက်ပေါ့”” ဟု DKBA မြ၀တီ
ဆက်ဆံရေးရုံးမှ ဗိုလ်စိန်ဝင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment