ရန်ကုန်၊ အောက်တိုဘာ ၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ပါတီက ရေးဆွဲလျက်ရှိသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အခြားပါတီများက
ရေးဆွဲလျက်ရှိသော မူဘောင်များနှင့် ပူးပေါင်းရန် သင့်မသင့်ကို ယခု
သီတင်းပတ်အတွင်း ပြုလုပ်မည့် မူဘောင်ရေးဆွဲရေး အစည်းအဝေးတွင် ဆုံးဖြတ်မည်
ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့်
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို NLD ပါတီ ရေးဆွဲနေခြင်းနှင့် ပတ်သက်ပြီး
၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကျွန်တော်တို့
မူဘောင်ရေးဆွဲရေး ဒုတိယအကြိမ် အစည်းအဝေးမှာ ဆုံးဖြတ်မယ်။ ဘာပဲဖြစ်ဖြစ်
နောက်ဆုံးမှာတော့ မူဘောင်ဆိုတာက တစ်ခုတည်းဖြစ်အောင် ပူးပေါင်းရမှာပါ” ဟု
၎င်းကဆိုသည်။
NLD ပါတီနှင့် မဟာမိတ်ဖြစ်သော ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA က နိုင်ငံရေး ဆွးနွေးပွဲ
မူဘောင်တစ်ရပ် ရေးဆွဲလျက် ရှိသော်လည်း NLD ပါတီက သီးခြားရေးဆွဲနေခြင်း
ဖြစ်သည်။
သို့သော်လည်း NLD ပါတီ ရေးဆွဲလျက်ရှိသော
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို UNA အဖွဲ့နှင့် ပူးပေါင်းရန် အလားအလာ
ရှိကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင်
ဦးစောသန်းမြင့်က ပြောကြားသည်။
“NLD ပါတီက မူဘောင်ရေးပြီးရင် UNA
ရဲ့ မူဘောင်နဲ့ ပေါင်းစည်းသွားမယ်လို့ မြင်မိပါတယ်။ အဲဒါမျိုးဆိုရင်
ကျွန်တော်တို့ အတွက်လည်း ညှိနှိုင်းရတာ လွယ်ကူသွားနိုင်ပါတယ်” ဟု
ဦးစောသန်းမြင့်က ပြောကြားသည်။
နိုင်ငံရေးပါတီများ အားလုံးကို
ကိုယ်စားပြုသော မူဘောင်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ညီနောင်တိုင်းရင်းသားများ
ဖက်ဒရေးရှင်း NBF၊ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် FDA နှင့်
အမျိုးသားဒီမိုကရေစီ မဟာမိတ် NDF တို့ ရေးဆွဲထားသော မူဘောင်သုံးခုကို
နိုင်ငံရေးပါတီ ၅၆ ပါတီမှ အကြံပြုချက်များကို ထည့်သွင်းပေါင်းစည်းရေး
ညှိနှိုင်းလျက်ရှိကြောင်း မူဘောင်ချမှတ်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုပြီးနောက် ပြုလုပ်မည့်
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးအတွက် အစိုးရ၊
တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင်
အလွတ်သဘော တွေ့ဆုံပွဲကို နှစ်ကြိမ်တိုင် ပြုလုပ်ထားသည်။
Credit - The Voice Weekly
No comments:
Post a Comment