Wednesday, October 1, 2014

သရော်စာ၏ ဘဝ

Written by: တက္ကသိုလ်မိုးဝါ

သရော်စာ (Satire) သည် စာပေ၏အမျိုးအစား အကိုင်းအခက်တစ်ခုဖြစ်၏။ စာပေလောက၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်၏။ သရော်စာအတွင်း၌ ပါဝင်သော အကြောင်းအရာတို့တွင် ဒုစရိုက်များ၊ မိုက်မဲမှုများ၊ အလွဲအချော်များအား အထေ့အငေါ့၊ အလှောင်အပြောင်ဖြင့် အရှက်ရစေရန်နှင့် ပြုပြင်စေရန် ရည်ရွယ်ချက်များ အပြည့်အဝပါရှိ၏။ သရော်စာ၏ ထူးခြားသောအင်္ဂါရပ်တစ်ခုမှာ ပြောချင်သည်ကို တိုက်ရိုက်မပြောဘဲ ပြောင်းပြန်ဇောက်ထိုး ပြောခြင်းဖြစ်၏။ ယင်းကို အင်္ဂလိပ်လို Irony ဟုခေါ်၏။ အခြားအင်္ဂါရပ်များမှာ ပြက်ရယ်ပြုခြင်း၊ ဟာသနှောခြင်းနှင့် ယေဘုယျအားဖြင့် အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြခြင်း စသည်တို့ဖြစ်သည်။

သရော်စာအကြောင်းပြော၍ ၁၉၈ဝ ဝန်းကျင်ကထွက်ရှိသည့် လစဉ်ထုတ် ချယ်ရီမဂ္ဂဇင်း (တာဝန်ခံအယ်ဒီတာ - စာရေးဆရာ ရုပ်ရှင်သရုပ်ဆောင် အောင်ပြည့်) တွင် လစဉ်ပင်တိုင်စာရေးသော မောင်သစ် (ရှေ့နေဦးကိုယု) ရေးခဲ့သည့် ‘ထေ့လုံးငေါ့လုံး’ ဆောင်းပါးတစ်ပုဒ်ကို မှတ်မိနေသေးသည်။ ထိုစဉ်က ဂျပန်နိုင်ငံ၌ လေယာဉ်တစ်စင်း အတက်လမ်း၌ မတော်တဆမှုဖြစ်ပြီး ခရီးသည်အချို့ ထိခိုက်ဒဏ်ရာ ရခဲ့သည်တွင် သက်ဆိုင်ရာ ဂျပန်ဆက်သွယ်ရေးဝန်ကြီးက သူ့တွင်တာဝန်ရှိသည်ဆိုကာ မဆိုင်းမတွ ရာထူးမှနုတ်ထွက်လိုက်သည်ဆိုသည်။ စာရေးဆရာမောင်သစ်က ထိုအဖြစ်အပျက်ပေါ်တွင် ‘အဲဒီ ဆက်သွယ်ရေးဝန်ကြီးက ဘာဖြစ်လို့ နုတ်ထွက်ရမှာလဲ။ လေယာဉ်က သူ့ဟာသူ ပြဿနာဖြစ်တာကို ဘာဆိုင်လို့လဲ။ ငါသာဆို ငါ့တာဝန်မဟုတ်လို့ ရာထူးက နုတ်မထွက်ဘူး’ ဟု ရေးခဲ့သည်။ စာရေးဆရာမောင်သစ်၏ ‘ထေ့လုံးငေါ့လုံး’ သည် မည်မျှပြောင်မြောက်လိုက်ပါသနည်း။ ပစ္စက္ခမြန်မာနိုင်ငံရှိ အဖြစ်အပျက်များနှင့် တူလွန်းလေစွ။
မြန်မာနိုင်ငံတွင် ပညာရေးအဆင့် အလွန်နိမ့်ကျနေခဲ့သည်မှာ ကြာပြီဟု လူတိုင်းသိသည်။ လူတိုင်းလက်ခံသည်။ စီးပွားရေးကျဆင်းမှု၏ ကွင်းဆက်ပြဿနာ တစ်ရပ်ဟုလည်း ကောက်ချက်ချနိုင်သည်။ စီးပွားရေးကျဆင်းမှုကြောင့် စားရေးကျပ်တည်းမှုဖြစ်လာပြီး ပညာရေးဘက်သို့ လှည့်နိုင်အား၊ အာရုံစိုက်နိုင်အား နည်းသွားကြသည်။ ထိုမှတစ်ဆင့် စာဖတ်အားလည်း လျော့ကျသွားသည်။ စာအုပ်ရောင်းဈေး အဆမတန် မြင့်နေခြင်းကြောင့်လည်း ပါသည်။ စာဖတ်အားအပြင် စာကောင်းပေကောင်းတို့နှင့်လည်း အလှမ်းဝေးသွားကြသဖြင့် ရသစာပေ၊ သရော်စာတို့ကို မဖတ်တတ်ကြတော့။ ရေးသူကလည်း မရေးကြတော့။ ‘စာဖတ်ခြင်း’ နှင့် ‘စာဖတ်တတ်ခြင်း’ ကွဲပြားခြားနားသည်ကို သတိပြုမိရန် လိုပေသည်။
လူငယ်များပင် မဆိုထားနှင့် လူလတ်ပိုင်း လူကြီးပိုင်းအချို့တို့ပင် သရော်စာကို မဖတ်တတ်ကြ။ အဓိပ္ပာယ် မကောက်တတ်ကြ။ ဆိုလိုရင်းအမှန်ကို မဆုပ်ဖမ်းမိတတ်ကြ။ ယုတ်စွအဆုံး သရော်စာ၏ ရသအဆီအနှစ်ကို မခံစားတတ်ကြတော့ပေ။
စာရေးသူရေးခဲ့သော ဆောင်းပါးများအနက် ‘လေပြည်လေညင်း’ အမည်ရှိ ဆောင်းပါး (Daily Eleven 8-1-2014 ) တွင် မြောင်းတွေအမှိုက်ဖြင့် ပြည့်လျှံ၍ အပုပ်နံ့ကို ရှူ ရှိုက်ရ၊ ကျန်းမာရေးထိခိုက်ခြင်း ဖြစ်ရသောကြောင့် သန့်ရှင်းလတ်ဆတ်သော လေပြည်လေညင်းကိုသာ ရှူချင်သည့်အကြောင်း ရေးခဲ့သည်။
‘မြောင်း’ကို မျက်တောင်အဖွင့်အပိတ်နှင့် ရေးခြင်းသည် မြောင်းကို အဓိပ္ပာယ်တိုက်ရိုက် မယူရန် လေးနက်မှုပြုထားခြင်း ဖြစ်သည်ကို စာဖတ်သူ သတိထားမိပုံမပေါ်။ မြောင်းအကြီးအသေး နှစ်မျိုးကိုလည်း ခွဲခြားထားသေးသည်။ ပြီးတော့ ထိုမြောင်းများကို သက်ဆိုင်ရာက မရှင်းဘဲထားသည်မှာ ကြာပြီ။ အထူးသဖြင့် ပုပ်အဲ့အဲ့အနံ့ထွက်သည့် မြောင်းကြီးတွေကို ဘယ်တော့များမှ ရှင်းလင်းပစ်ပါမည်နည်းဟု ရေးခဲ့သည်။ ယင်းကို စင်ကာပူမှ မိတ်ဆွေတစ်ယောက်က “ရန်ကုန်မှာ မြောင်းပုပ်နံ့တွေ ရှူနေရတယ်ဆိုရင် စင်ကာပူမှာ ပြန်လာနေပါလား” ဟု စာရေးသူထံ စာရေးပြောသည်။ ကဲ..သေလိုက်ဖို့ပဲ ကောင်းတော့တယ်နော်။
‘ထုံဆေး၏ အာနိသင်’ ဆောင်းပါး (Daily Eleven 23-2-2014 ) တွင်လည်း လူသားကျန်းမာရေးနှင့် ခွဲစိတ်ကုသရေး အထောက်အကူပြု ထုံဆေးအကြောင်း ရေးခဲ့သည်။ ထုံဆေးတွင် ထိုးဆေးနှင့် လိမ်းဆေးရှိရာ ဆရာဝန်များသာမက သာမန်လူတွေလည်း အသုံးချနေကြပြီဖြစ်ကြောင်း၊ ကိုယ်ခန္ဓာ၏ လိုရာအစိတ်အပိုင်းအချို့၌ တို့လိမ်းကြသူများ၊ အမြင်အာရုံကို ဝေဝါးစေရန် မျက်ခွံပေါ်သို့ တို့လိမ်းသူများ၊ မကြားချင် အနံ့မခံချင်လျှင် နားနှင့်နှာခေါင်းဝပေါ်သို့ တို့လိမ်းသူများ များစွာရှိနေပြီဖြစ်ကြောင်း ရေးခဲ့သည်။ အပြစ်အနာအဆာ များများရှိသူတို့သည်လည်း ဤထုံဆေးကို သုတ်လိမ်းခြင်းဖြင့် အနာပေါ်တုတ်ကျလည်း နာကျင်မည် မဟုတ်တော့ဟုလည်း ရေးသည်။
ယင်းရေးသားချက်ကို မိတ်ဆွေတစ်ဦးက တကယ်ပဲ ထုံဆေးကို လူတွေဒီလောက်တောင် ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပြီလား၊ ကောင်းလိုက်တာနော်ဟု လှမ်းပြောသည်။ ဟိုက် - ရှာလပတ်ရည်ဟု ကွယ်လွန်သူ စာရေးဆရာ အီကြာကွေး၏ သုံးနေကျအာမေဍိတ်ကို ငှါးရမ်းပြီး ဟစ်သာအော်လိုက်ချင်မိသည်။ စာရေးသူတို့ အီကြာကွေးတို့ခေတ်က လမ်းဘေးတွင် သန့်ရှင်းသော၊ ရင်ကိုအေးစေသော အချိုရည် အအေးတစ်မျိုးကို ‘ရှာလပတ်ရည်’ ဟုခေါ်သည်။ ‘ဟိုက်- ရှာလပါး’ အာမေဍိတ်မှတစ်ဆင့် ဆင်းသက်လာသော ရှာလပတ်ရည် အာမေဍိတ်ကို အီကြာကွေးက တီထွင်လိုက်ခြင်းဖြစ်သည်။ မှတ်မှတ်ရရ အီကြာကွေး၏ ‘ခွေးထောပတ်’ စကားလုံးကို ယခုတိုင်မမေ့သေး။
‘ငါလိုချင်တဲ့မြေ’ ဆောင်းပါး (Daily Eleven – 26-1-2014 ) သည် လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် စပ်လျဉ်း၍ ရေးခဲ့သော ဆောင်းပါးဖြစ်သည်။ မြေသိမ်းခံ လယ်သမားများအတွက် ကိုယ်ချင်းစာနာစိတ် ဖြစ်ပွားခဲ့သည်၏ ဆန့်ကျင်ဘက်ဒွိဟ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့ရာ အာဏာလက်ကိုင်နှင့် ခရိုနီတစ်စုတို့ကရော ဘာကြောင့် ဤမျှကျယ်ဝန်းသော မြေကွက်ကြီးများအား လိုချင်တပ်မက်ပြီး သိမ်းယူနေပါသနည်းဟု တွေးသည်။
ဪ..သူတို့လည်း မြေကွက်တွေကို အသုံးလိုလို့ ဖြစ်မှာပေါ့။ မြေအကျယ်ကြီးရမှပဲ သုံးလောက်မှာဖြစ်လို့ နေမှာပေါ့။ စာရေးသူကတော့ ခြောက်ပေသုံးပေ မြေကွက်တစ်ကွက်သာ ကျောချစရာအတွက် လိုချင်သည်ဟု ရေးခဲ့သည်။
ယင်းသို့ မတရား မြေသိမ်းဆည်းသူတွေဘက်မှနေ၍ နားလည်စာနာမှုထားသည့် စာမျိုးကို ရေးရကောင်းလားဟု တစ်ယောက်က စာရေးသူကို မထောက်မညှာ ဆဲဆိုအပြစ်တင်လေတော့သည်။ ကိုယ့်ကျတော့ ခြောက်ပေသုံးပေပဲ လိုချင်ရအောင် သူတော်ကောင်းမို့ လို့လားဟု အပြစ်တောင်တင်ခြင်း ခံရပြန်သည်။ ‘ဟိုက်- ရှာလပတ်ရည်’။
အချုပ်ဆိုရလျှင် ရသနှင့် သရော်စာပေတို့ကို မဖတ်၊ မဖတ်တတ်ခြင်း အဖြစ်သနစ်သည် မြန်မာစာပေလောကအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်နေသည်။ ဖန်တီးမှုအနုပညာတွင် တစ်စိတ်တစ်ဒေသပါဝင်သည့် ရသနှင့်သရော်စာတို့ကို ဖတ်ရှုရုံနှင့်မပြီး၊ ဖတ်တတ်ရန်နှင့် သဘောပေါက်နားလည်ရန်၊ ခံစားတတ်ရန် အရေးကြီးသည်။ သရော်စာရေးသော စာရေးဆရာ၏ ငယ်-ကြီးဘဝ၊ ကျင်လည်ရာပတ်ဝန်းကျင်၊ ခံယူချက်၊ ယုံကြည်ချက် စသည်တို့ကိုလည်း စူးစမ်းလေ့လာထားပါမှ သူရေးသောစာတစ်ပုဒ်၌ ပါရှိသည့် သင်္ကေတ၊ နိမိတ်ပုံ၊ အလင်္ကာ၊ သရော်ချက် စသောအတွဲအစပ်များကို ခွဲခြမ်းစိတ်ဖြာ နားလည်သဘောပေါက်ပြီး မှန်ကန်စွာ အဓိပ္ပာယ်ကောက်ယူနိုင်မည် ဖြစ်သည်။
သရော်စာ၏ ဘဝ၊ ဆောလျင်စွာ ဇီဝိန် မချုပ်စိမ့်သောငှာ လွတ်လွတ်လပ်လပ် ဝိုင်းဝန်းကစားကြရန် အထူးလိုလားနေကြပါပြီ။

Credit - Eleven Media Group

No comments:

Post a Comment