ပုဒ်မ
၄၃၆ ပြင်ဆင်ရန် ပြည်ခိုင်ဖြိုးပါတီမှ ထောက်ခံထားကြောင်းနှင့်
ပြည်ထောင်စုလွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ
အစီရင်ခံစာ မကြာမီတင်သွင်းမည်ဟု ကော်မတီအဖွဲ့ဝင် ပြောကြား
ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထောက်ခံထားကြောင်းနှင့် မကြာမီ ပြည်ထောင်စုလွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာအား တင်သွင်းမည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအဖွဲ့ဝင်နှင့် မြန်မာနိုင်ငံနှင့်
လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးက အောက်တိုဘာ ၃ ရက်တွင် ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးတင်မောင်ဦးအား သတင်းထောက်များက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီ၏ အစည်းအဝေးပွဲများ၌ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ပြည်သူအများ စိတ်ဝင်စားနေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ထောက်ခံခဲ့ခြင်းရှိမရှိ မေးမြန်းခြင်းအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။
ဦးတင်မောင်ဦးက ပြန်လည်ဖြေကြားရာတွင် “ရှိတယ်။ ဦးဒို့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့က အခြေအနေ အချိန်အခါနဲ့ ပြောင်းလဲသင့်တဲ့ အချက်တွေကို အချိန်တစ်ခုမှာတော့ ပြောင်းလဲရမယ်။ ဒါတွေကို လေ့လာသုံးသပ်ဖို့ အနေနဲ့ တင်ထားတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ ဦးတင်မောင်ဦးက “ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဖို့မခက်ပါဘူး။ မခက်လို့လည်း ဒီအဆိုကို ဒီမှာတင်ပြီး လုပ်တာပေါ့။ နိုင်ငံတိုင်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြဲတမ်းပြင်ပါတယ်။ အမေရိကားမှာလည်း ပြင်တယ်။ ကနေဒါမှာလည်း ပြင်တယ်။ ဖွဲ့စည်းပုံပြင်တာကို လူတွေက ခက်တယ်ထင်တာ။ မခက်ပါဘူး။ ဒီနေ့ ဖွဲ့စည်းပုံပြင်ဖို့ဆိုတာလည်း ဦးဒို့ပါတီ (ပြည်ခိုင်ဖြိုးပါတီ)က အဆိုပြုတာ။ နိုင်ငံတကာ လွှတ်တော်ပါလီမန်တိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရင် အဲဒီအတိုင်းပဲ ရေးတယ်။ အထိန်းအကွပ်မရှိရင် နိုင်ငံတော်အချုပ်အခြာအာဏာ ဆုံးရှုံးသွားမှာပေါ့။ ဒီ ၄၃၆ လို ပုဒ်မမျိုးက ဥပဒေပြင်ဖို့အတွက်တော့ ထိန်းရတယ်။ ၄၃၆ ပြင်ပြီးရင်လည်း ရာခိုင်နှုန်းတွေစဉ်းစားပြီး တွေးကြမှာပေါ့။ အဲဒီအခါကျ အဖြေတစ်ခု ပေါ်လာမှာပေါ့။ ဥပဒေတိုင်းမှာတော့ သူ့ကိုထိန်းတဲ့ဥစ္စာ ရှိမှရတယ်။ မရှိလို့ မရဘူး။ ၄၃၆ သည် ဖွဲ့စည်းပုံပြင်ဖို့အတွက် ရေးထားတာ။ ဥပဒေတစ်ခုကို ဒီလိုထိန်းကျောင်းပြီး မပြင်လို့မရဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်၍ “ဖွဲ့စည်းပုံအခြေခံဥပဒေ အစီရင်ခံစာက အားလုံးကပြီးပြီ။ မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်မှာပေါ့။ တင်တဲ့အခါကျ ပုဒ်မတွေအလိုက် ဆွေးနွေးကြမယ်။ အခုသီတင်းကျွတ်ပိတ်ပြီး ပြန်စတဲ့အခါမှာ တင်နိုင်တယ်” ဟု ဦးတင်မောင်ဦးက ပြောကြားသည်။
အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ခက်ခဲစေသည်ဟု နိုင်ငံတကာက ပြောကြားနေသည့် ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရန် လုပ်ကိုလုပ်ရမည်ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် လွှတ်တော်၌ သတင်းထောက်များအား ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သြဂုတ် ၁၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုသည် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီအပေါ် ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ (က) တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊ ပုဒ်မ ၄၃၆ (ခ) တွင် ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားသည်။
Credit - Eleven Media Group

No comments:
Post a Comment