Wednesday, October 1, 2014

အမျိုးသားအကျိုးစီးပွားနှင့် သမိုင်းပေးတာဝန်

Written by : ကိုသိန်း (ကျောက်ကြီး)

ယနေ့လက်ရှိ အနေအထားတွေအရ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍတွေမှာ လူမျိုးခြားတွေဟာ တစ်နေ့တခြား အတင့်ရဲစွာ နေရာဝင်ယူလာမှုတွေ၊ တိုင်းရင်းသားလုပ်ငန်းရှင်လေးတွေ ဘေးရောက်နေရတဲ့ အဖြစ်တွေ၊ နိုင်ငံတော်အနာဂတ်နဲ့ ကိုယ့်လူမျိုး အကျိုးစီးပွားထက် ကိုယ့်အတ္တကို ရှေ့တန်းတင်ကာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဆုံးဖြတ်လုပ်ကိုင်လာကြတဲ့ အနေအထားတွေ၊ ရိုးရာလိုဖြစ်နေတဲ့ အဂတိလိုက်စားမှု ရှင်သန်နေမှုတွေ၊ ကိုယ့်တိုင်းရင်းသား အောက်ခြေလူတန်းစား ပြည်သူတွေရဲ့ ကျပ်တည်းမွန်းကျပ်နေတဲ့ လူမှုဘ၀တွေနဲ့ သူတို့ရဲ့အသံတွေကို ဥပေက္ခာပြုထားကြတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်ကြီးငယ်များရဲ့

သဘောထားတွေဟာ ဝေဖန်သုံးသပ်စရာတွေ ဖြစ်နေပါတယ်။ ဒါ့ကြောင့်လည်း ပြည်သူ့အကျိုးလိုလားတဲ့ လွှတ်တော်အမတ်တွေ နယ်ပယ်အသီးသီးက ပညာရှင်တွေ လူမှုရေးအဖွဲ့အစည်း အသီးသီးနဲ့ စတုတ္ထမဏ္ဍိုင်က နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် ဆွေးနွေးဝေဖန် ရေးသားထောက်ပြနေကြခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိဆောင်ရွက်နေတဲ့ မဟာစီမံကိန်းတွေနဲ့ ဆောင်ရွက်ဖို့ စီမံနေကြတဲ့ စီမံကိန်းကြီးတွေဟာ နိုင်ငံနဲ့လူမျိုးအတွက် ဘယ်လောက်အကျိုးအမြတ် ဖြစ်ထွန်းပေါ်ပေါက်လာမလဲ။ ဒီမဟာစီမံကိန်းတွေမှာ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ဘယ်နှစ်ဦးများ ပါဝင်လုပ်ကိုင်ခွင့် ရရှိနေကြလို့ အကျိုးအမြတ်တွေ ဘယ်လောက်များ ခံစားနေကြရသလဲ။ (ခရိုနီလုပ်ငန်းရှင်များကို မဆိုလိုပါ။) ဆောက်လုပ်ရေးကဏ္ဍ၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်လုပ်ငန်း၊ ရွှေ၊ ကျောက်စိမ်းနဲ့ အဓိကကျတဲ့နိုင်ငံရဲ့ စီးပွားရေးကဏ္ဍတွေမှာကော နိုင်ငံသားစစ်စစ် ရာခိုင်နှုန်းဘယ်လောက်များ ပါဝင်လုပ်ကိုင်ခွင့် ရရှိနေကြသလဲဆိုတဲ့ အတွေးတွေလည်း ၀င်ရောက်လာပါတယ်။ ဒါ့အပြင် ပြည်သူအများစုဟာ လူမျိုးခြားလုပ်ငန်းရှင်တွေရဲ့ လခစားဝန်ထမ်းအဖြစ် ကျင်လည်နေရသူတွေက အများစုဖြစ်သလို အရက်၊ အပျော်အပါးမှာ အချိန်ဖြုန်းနေကြတဲ့အပေါ် အားမလိုအားမရ စိတ်ဓာတ်တွေလည်း ဖြစ်ပေါ်လာပါတယ်။

နိုင်ငံအတွင်း လူမျိုးခြားတွေ (အထူးသဖြင့်) တရုတ်လူမျိုးတွေ ရင်းနှီးမြှုပ်နှံနေတဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကျောက်ဖြူရထားလမ်း စီမံကိန်းနဲ့ အခုနောက်ဆုံး ကျောက်မီးသွေးစက်ရုံ စီမံကိန်း၊ ရန်ကုန်မြို့သစ်လို စီမံကိန်းနဲ့ သံလွင်မြစ်ပေါ် တည်ဆောက်မယ့် ဟက်ကြီးရေအားလျှပ် စစ်စီမံကိန်းတွေကို တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီလို့ စဉ်ဆက်မပြတ် ကန့်ကွက်ဆန္ဒပြနေကြခြင်း ဖြစ်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံနဲ့ တရုတ်ကုမ္ပဏီ အများစုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံအကျိုးစီးပွား တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးတည်မနေတဲ့အပြင် ကောင်းကျိုးထက် ဆိုးကျိုးတွေကို ဦးတည်နေတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြစ်ဆုံစီမံကိန်းနဲ့ ဟက်ကြီးရေအားလျှပ်စစ် စီမံကိန်းမျိုးတွေကို အင်အားပါဝါသုံးပြီး အတင်းအကျပ် အကောင်အထည်ဖော်ဖို့ ကြိုစားကြမယ်ဆိုရင် အမျိုးသားအကျိုးစီးပွား ဆိုတာထက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေအပေါ် အချိန်မရွေး ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူများဟာ နိုင်ငံနှင့်လူမျိုးအတွက် ဆင်ခြင်တုံတရားများ ထားကြဖို့ လိုအပ်နေပါတယ်။ နိုင်ငံရဲ့ပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးယိုယွင်းမှု၊ ကျန်းမာရေး၊ လူမှုရေး ထိခိုက်နစ်နာမှု၊ ဒေသခံပြည်သူတွေ သဘောမတူညီမှု၊ နိုင်ငံရေး၊ လူမျိုးရေး အပေါ်စီးရယူသွားနိုင်မှုနဲ့ အမျိုးသားအကျိုးစီးပွားကို အမှန်တကယ် ဦးတည်ခြင်းမရှိတဲ့ ဘယ်ရင်းနှီးမြှုပ်နှံမှုမျိုးမဆို နိုင်ငံနဲ့လူမျိုး အကျိုးစီးပွားကို သမိုင်းပေးတာဝန်အရ ကာကွယ်ကြမယ့် စတုတ္ထမဏ္ဍိုင်နဲ့တကွ နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးနဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ဝေဖန်ထောက်ပြ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရမှာလည်း အရှိတရားတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အသက်သွေးကြော မဟာစီမံကိန်းကြီးတွေကို လူမျိုးခြားတွေက အပေါ်စီးရယူထားပြီး ကိုယ့်နိုင်ငံက ခံစားခွင့် အကျိုးအမြတ် ရာခိုင်နှုန်း အနည်းငယ်လောက်သာ နှစ်ရှည်စီမံကိန်းတွေ ပြုလုပ်ဖို့ ကိုယ်ကျိုးအတ္တ ရှေ့တန်းတင်ကာ ဆုံးဖြတ်လုပ်ပိုင်ခွင့်တွေ ပေးခဲ့ကြတဲ့၊ ပေးနေကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ အနေနဲ့လည်း အဓိက စဉ်းစားပေးရမယ့် အချက်က နောင်အနာဂတ်မှာ လုပ်ပိုင်ခွင့်အနေအထားတွေနဲ့ စီမံကိန်းကြီးတွေ အကြောင်းပြပြီး မြန်မာ့အချုပ်အခြာနဲ့ မျိုးဆက်သစ်တွေအပေါ် လူမျိုးရေး အပေါ်စီး ရယူသွားနိုင်မှုတွေကို အလေးအနက် ထားပေးရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတွေ အနေနဲ့လည်း ငါတို့မြေငါတို့ရေပေါ်မှာ သူတို့စိတ်တိုင်းကျ စီမံဆောင်ရွက် လုပ်ကိုင်နေကြတဲ့၊ လုပ်ကိုင်ဖို့စီစဉ်နေကြတဲ့ စီမံကိန်းတွေဟာ ငါတို့လူမျိုးတွေအပေါ်မှာ လွှမ်းမိုးမှုတွေ ဖြစ်ပေါ်နိုင်မလားဆိုတာကို နယ်ပယ်အသီးသီးက သုတေသနပညာရှင်တွေ၊ သမိုင်းပညာရှင်တွေနဲ့ အတွေ့အကြုံရင့်ကျက်တဲ့ နိုင်ငံရေးပညာရှင် အသီးသီးရဲ့ အကြံပြုချက်တွေကို ရယူပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်တွေအပေါ် ၀ိုင်းဝန်းဝေဖန် သုံးသပ်ကာ အနာဂတ်မျိုးဆက်သစ်တွေအတွက် နိုင်ငံရဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို သမိုင်းပေးတာဝန်အရ ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရမှာ ဖြစ်ပါတယ်။

နိုင်ငံအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားဆိုပြီး လူကြားကောင်းအောင် ဘန်းပြပြောဆို သုံးနှုန်းနေကြပေမယ့် နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးမတိုးတက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းဟာ နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍ နယ်ပယ်အသီးသီးမှာ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ အခွန်တိမ်းရှောင်မှုများကြောင့် ဖြစ်တယ်ဆိုတာကို စာဖတ်သူများလည်း သိရှိနားလည် သဘောပေါက်ထားကြပြီး ဖြစ်ပါလိမ့်မယ်။ အဘက်ဘက်က နိုင်ငံတော်စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သာမန်ပြည်သူများဟာ တစ်ဖက်တစ်လမ်းမှသာ တစ်ပိုင်တစ်နိုင်ပဲ ပံ့ပိုးဆောင်ရွက်ခွင့် ရှိသူများ ဖြစ်ပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အားဟာ နိုင်ငံတော်စီမံကိန်းကြီးများကို အကောင်အထည်ဖော်နေတဲ့ ၀န်ကြီးဌာနတွေနဲ့ အစိုးရနဲ့နီးစပ်တဲ့ ပြည်ပလုပ်ငန်းရှင်တွေ ပြည်တွင်းခရိုနီတွေပဲ ဖြစ်ပါတယ်။ အဆိုပါပုဂ္ဂိုလ်များရဲ့ ကိုယ်ကျိုးအနည်းအများ စေတနာ မှန်ကန်မှုပေါ် မူတည်ပြီး နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ အသီးသီးမှာ လုပ်ပိုင်ခွင့်ရှိသူ အာဏာပိုင်အဖွဲ့အစည်းများနဲ့ ပါဝင်ပတ်သက် ဆက်နွှယ်နေမှုများဟာ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို မှန်ကန်စွာဆောင်ရွက် လုပ်ကိုင်လိုသူတွေ၊ အမြတ်ခွန်ဝန်ထမ်းတွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များအတွက် ကြီးစွာသော အဟန့်အတားများ ဖြစ်နေတဲ့အပြင် အမှန်တကယ် ရရှိထိုက်တဲ့ နိုင်ငံတော်ရဲ့ ရပိုင်ခွင့် ဘဏ္ဍာငွေများစွာ ဆုံးရှုံးမှုဖြစ်ပေါ်နေခြင်းပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်ရဲ့ အဓိကစီးပွားရေးကဏ္ဍမှာ ဥပဒေနဲ့မညီညွတ်တဲ့ ရောင်းဝယ်မှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ အခွန်တိမ်းရှောင်မှုတွေ ရှင်သန်နေပြီး ခရိုနီကောင်းစားရေးနဲ့ ဆွေမျိုးကောင်းစားရေးဝါဒ လွှမ်းမိုးနေဦးမယ်၊ အပေးအကမ်းရက်ရောပြီး အာဏာပိုင်တွေ အကြိုက်ဆောင်တတ်ကြတဲ့ လူမျိုးခြားလုပ်ငန်းရှင်တွေက အဓိက စီးပွားရေးနယ်ပယ်ကို လွှမ်းမိုးနေဦးမယ်ဆိုရင်တော့ (ပွင့်လင်းမြင်သာမှုမရှိတဲ့) အကာအကွယ်မဲ့နေတဲ့ အမျိုးသားအကျိုးစီးပွားများဟာ တိုးတက်လာဖို့ လမ်းမမြင်သလို ပြုပြင်ပြောင်းလဲရေး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးထက် လူမျိုးခြားများ၊ ခရိုနီများ၊ ဖွံ့ဖြိုးတိုးတက်ရေးသာ ဖြစ်နေပါလိမ့်ဦးမယ်။ သို့ဖြစ်လည်း နိုင်ငံတော်ရဲ့မျက်နှာ၊ တိုင်းရင်းသားပြည်သူများရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ မထောက်ဘဲ နိုင်ငံနဲ့ ပြည်သူ့အကျိုးစီးပွားနဲ့အတူ အနာဂတ်မျိုးဆက်သစ်တွေအတွက် မြေပေါ်မြေအောက် သယံဇာတ အမွေတွေကို သမိုင်းပေးတာဝန်အရ ထိန်းသိမ်းကာကွယ်ပေးမယ့် နိုင်ငံခေါင်းဆောင်တစ်ဦး ပေါ်ပေါက်လာမှသာ အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေ အဓိကလိုလားနေတဲ့ ပြုပြင်ပြောင်းလဲရေး အစစ်အမှန်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။



Credit - Eleven Media Group

(ဟက်ကြီးရေအားလျှပ် စစ်စီမံကိန်းပြုလုပ်ရန် လျာထားသည့် သံလွင်မြစ်ကို တွေ့ရစဉ်)

No comments:

Post a Comment