ပညာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်း ၄၄,၄၀၁ တွင် လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဇွန်လ ၁ ရက်နေ့မှစ၍ မသင်မနေရ မူလတန်း ကြိုတန်းကို ထပ်တိုးသင်ကြားရန် စီစဉ်နေပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပသော ပညာရေး ပြုပြင်ပြောင်းလဲရေး အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းမည့် စီမံချက်ရေးဆွဲရေး ဆွေးနွေးပွဲတွင် ယခုကဲ့သို့ ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။
အသက် ၅ နှစ်အရွယ် ကလေးသူငယ် တစ်သန်းခွဲနီးပါးသည် ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဖွင့်မည့် မသင်မနေရ မူကြိုတန်းတွင် တက်ရောက်သင်ကြားခွင့် ပြုမည်ဖြစ်ကြောင်း၊ ယင်းအတွက် ဆရာ၊ ဆရာမ ၄၄,၄၀၁ ဦးကို ဖွံ့ဖြိုးရေးနှင့် ကိုက်ညီသော သင်ကြားနည်းစနစ်များ သင်ကြားပေးရန် ရှိကြောင်း ယင်းစီမံချက်အရ သိရှိရသည်။
မသင်မနေရ မူကြိုတန်းတွင် သင်ကြားမည့် ဆရာ၊ ဆရာမများကို တစ်လသင်တန်း ပို့ချသွားရန် စီစဉ်ထားပြီး သင်ထောက်ကူ ပစ္စည်းများကိုလည်း ပံ့ပိုးပေးသွားမည့် အစီအစဉ်လည်း ပါဝင်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။
“KG တန်းသင်မယ့် ဆရာ၊ ဆရာမနဲ့ သက်ဆိုင်ရာ ကျောင်းအုပ်တွေကို သင်ကြားရေး စွမ်းရည်မြှင့် သင်တန်းတွေပေးဖို့ မြို့နယ်ပညာရေးမှူး ရုံးတွေကနေ စာရင်းတောင်းထားပါတယ်။ လိုအပ်မယ် ထင်တာတွေ ပြင်ဆင်နေတဲ့အတွက် အခက်အခဲ ရှိနိုင်လိမ့်မယ်တော့ မထင်ပါဘူး” ဟု ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းအုပ်ဆရာ တစ်ဦးကလည်း ပြောကြားသည်။
ပညာရေး ဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ပညာရှင်များအနေနှင့် မသင်မနေရ မူကြိုတန်းအတွက် ဆရာကိုင် သင်ရိုးညွှန်းတမ်းစာအုပ်များ
အဆိုပါ အတန်း ထပ်တိုးမည့် အစီအစဉ်ကို အမျိုးသားပညာရေး ဥပဒေကြမ်းပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။
မသင်မနေရဆို၍ ကျောင်းမထားနိုင်လျှင် အရေးယူမှုများ ရှိနိုင်မည်ဟု စိုးရိမ်နေသည့် မိဘများလည်း ရှိပြီး ယင်းကဲ့သို့ အရေးယူမှုများ ရှိမည် မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာလ ၂၆ ရက်နေ့က အတည်ပြုထားပြီးသော အမျိုးသားပညာရေး ဥပဒေကြမ်းတွင်လည်း အခြေခံပညာရေး ပညာသင်နှစ်ကို ၁၂ နှစ်အထိ သတ်မှတ်ရန် ထည့်သွင်းထားပြီး သူငယ်တန်း ပညာရေးကို မူလတန်းအဆင့်၏ အခြေခံအတန်း အဖြစ် သတ်မှတ်ရန် သဘောတူထားသည်။
Credit - The Voice Weekly

No comments:
Post a Comment