Wednesday, October 1, 2014

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကော်မရှင် အစီရင်ခံစာပြန်တင်ရန် ဥက္ကဋ္ဌပြော

 ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်အစီရင်ခံစာ တွင် ရွေးကောက်ပွဲနည်းစနစ် သုံးမျိုးသာ ပါဝင်သဖြင့် အနည်းဆုံး နည်းလမ်း ခုနစ်ခု ရွေးချယ်၍ ပြန် လည်တင်ပြရန် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲစနစ်လေ့လာသုံးသပ် ရေးကော်မရှင်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ချက်အစီရင်ခံစာကို စက်တင်ဘာ ၂၄ ရက်တွင် လွှတ် တော်ဥက္ကဋ္ဌထံတင်ပြခဲ့ရာ အစီ ရင်ခံစာ၌
လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ဆုံးဖြတ်ရန် ရွေးကောက်ပွဲနည်းစနစ်သုံးမျိုးကိုသာ တင်ပြထားသည်ဟု သူရဦးရွှေမန်းကပြောသည်။
ကော်မရှင်အစီရင်ခံစာကို စက်တင်ဘာ ၃၀ ရက် နောက်ဆုံး တင်ပြရန် သတ်မှတ်ခဲ့သော်လည်း ယခုအစီရင်ခံစာအရ ပြည်သူ့ ကိုယ်စားလှယ်များအား ယခုထက်ပို၍ ရွေးချယ်ရန် အခွင့်အရေးပေးသင့်သည်ဟု ထင်၍ ကော်မရှင်အနေဖြင့် အစီရင်ခံစာ ထပ်မံပြုစုပြီး အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထားကာ လွှတ်တော်သို့ တင်ပြရမည်ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
ကော်မရှင်က တင်ပြခဲ့သော နည်းစနစ်သုံးမျိုးတွင် နိုင်သူ အကုန်ယူစနစ်(FPTP)၊ အချိုးကျ ကိုယ်စားပြုစနစ်(PR)နှင့် နှစ်မျိုး ပေါင်းစပ်ထားသည့်စနစ်(MIX) သုံးမျိုးကိုသာ ထည့်သွင်းဖော်ပြ ထား၍ အနည်းဆုံးစနစ် ခုနစ်မျိုး ပြန်လည်တင်ပြပေးရန် သူရ ဦးရွှေမန်းက ညွှန်ကြားခဲ့ခြင်းဖြစ် သည်။
အမျိုးသားလွှတ်တော်တွင်လည်း အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အကောင်အထည်ဖော်ရေးကော်မတီက အစီရင်ခံစာ ရေးသားပြီး ဖြစ်သော်လည်း တင်ပြရမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု ကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ဖေက ပြောကြားသည်။
ပီအာရ်စနစ် ကျင့်သုံးရာတွင် မည်သည့်စနစ်ကို ကျင့်သုံးမည်ဆိုသည်မှာ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်များအပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒကိုလည်း ရယူရမည်ဖြစ်သည်ဟု ကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ဖေကဆိုသည်။
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်လုံးတွင် ရွေးကောက်ပွဲစနစ်ပြောင်းလဲရေးကော်မတီ၊ ကော်မရှင်များ ၏ ဥက္ကဋ္ဌများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များသာဖြစ်ပြီး အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကမူ အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို ရွေးကောက်ခံ မဟုတ်သည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မပါဝင်မှသာ ဖြစ်နိုင်မည်ဟု သဘောထား ထုတ်ပြန်ထားသည်။

Credit - 7DAY DAILY

No comments:

Post a Comment