Friday, October 3, 2014

၇၀ ရာခိုင်နှုန်းသော တောင်သူများ ဆင်းရဲမှု လျှော့ချနိုင်စေရန် တရုတ်နိုင်ငံမှ ဘဏ်ချေးငွေ ဒေါ်လာ သန်း ၃၀၀နှင့် ပတ်သက်၍

၇၀ ရာခိုင်နှုန်းသော တောင်သူများ ဆင်းရဲမှု လျှော့ချနိုင်စေရန် တရုတ်နိုင်ငံမှ ဘဏ်ချေးငွေ ဒေါ်လာ သန်း ၃၀၀နှင့် ပတ်သက်၍ ကျိုက်လတ်မြို့ သမ၀ါယမ အသင်းသားများနှင့် ထိတွေ့ရှင်းလင်း
ကျိုက်လတ်၊ အောက်တိုဘာ ၁
သမ၀ါယမ ၀န်ကြီးဌာန၏ တရုတ်နိုင်ငံ Exim Bank ချေးငွေ ဒေါ်လာသန်း ၃၀၀ အား ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် အသေးစား ချေးငွေ လုပ်ငန်းများ၊ သ/မအသင်းများ အဆင့်မြှင့်တင်ရေး အရစ်ကျ လယ်ယာ သုံးပစ္စည်းများ ရောင်းချခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ သမ၀ါယမ အသင်းသားများနှင့် ထိတွေ့ရှင်းလင်းပွဲ မြို့နယ်အဆင့် အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့က ကျိုက်လတ်မြို့ ရွှေဝါလတ် ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပထမအကြိမ် Exim Bank ချေးငွေကို လယ်ယာစိုက်ပျိုး ထုတ်လုပ်ရေး အသင်းပေါင်း ၆၆ သင်းမှ အသင်းသား တစ်ဦးလျှင် (၁)သိန်း၊ အသားတင် ပံ့ပိုးချေးငွေကျပ် ၅၆၅၀ ဒသမ ၈ သိန်းကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ထုတ်ချေး ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းသမ၀ါယမ ဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုအရ ၆ လတစ်ကြိမ် ထုတ်ချေး နိုင်အောင် ဇွန်လ ၃၀ ရက်နေ့အတွင်း ပြန်လည် ကောက်ခံပြီး အသင်း ၆၆ သင်းနှင့် အသစ် ထပ်မံဖွဲ့စည်းပြီး လယ်ယာ စိုက်ပျိုး ထုတ်လုပ်ရေး သမ၀ါယမအသင်းပေါင်း (၇၁) သင်း၊ စုစုပေါင်း (၁၃၇) သင်းကို တစ်ဦးလျှင် (၁) သိန်းနှုန်းဖြင့် ပံ့ပိုးချေးငွေ စုစုပေါင်းကျပ် (၁၀၉၀၈.၄၀) သိန်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ဒုတိယအကြိမ် ထုတ်ချေး ဆောင် ရွက်ခဲ့သည်။
သမ၀ါယမ ကဏ္ဍအနေနှင့် လယ်သမား သမ၀ါယမ အသင်းသားများ၏ စိုက်ပျိုးစရိတ် ရင်းနှီးပံ့ပိုးငွေ (၁) သိန်း ဆိုသော်လည်း လယ်သမားများ၏ ရင်းနှီးငွေ လိုအပ်ချက်ကို အထိုက်အလျောက် ဖြည့်ဆည်း ပေးနိုင်ခဲ့ကြောင်း ကို ““ကျွန်မတို့ မြို့နယ်မှာ China Exim Bank ပံ့ပိုးငွေ ထုတ်ချေးခြင်းအပြင် လယ်သမား သမ၀ါယမအသင်း သားများအတွက် Hire Purchase လို့ခေါ်တဲ့ အငှားဝယ်စနစ်နဲ့ တိုင်းသမ၀ါယမ အသင်းစုချုပ်နဲ့ ချိတ်ဆက်ပြီး လယ်ယာသုံး/ လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းတွေကို ကနဦး စက်တန်ဖိုး ၂၀ ရာခိုင်နှုန်း လက်ငင်းပေးသွင်းပြီး ကျန်တန်ဖိုးနဲ့ ၀န်ဆောင်ခကို သတ်မှတ်ကာလ (၂)နှစ်အတွင်း အပြေအကြေ ပေးဆပ်စေတဲ့ စနစ်နဲ့ ရောင်းချ ခဲ့တဲ့အတွက် လယ်ယာ လုပ်ကိုင်တဲ့သ/မ အသင်းသားတွေဟာ လယ်လုပ်ပစ္စည်းတန်ဖိုးကို တစ်လုံးတည်း ပေးစရာမလိုဘဲ လုပ်ငန်းခွင်မှာ စောစော အသုံးချခွင့် ရမှာ ဖြစ်ပါတယ်”” ဟု ကျိုက်လတ်မြို့နယ် သမ၀ါယမ ဦးစီး အရာရှိ ဒေါ်တင်နွဲ့အေးက ယင်းရှင်းလင်းပွဲ၌ ပြောသည်။
ယခင် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ တောင်သူတစ်ဦးလျှင် ၁ သိန်းနှုန်းဖြင့် ၃ သိန်းထက် ပိုချေးခဲ့ခြင်း မရှိပေ။
ယခု ထပ်မံရရှိမည့် Exim Bank ချေးငွေဒေါ်လာ သန်း ၃၀၀ ထဲမှ တိုင်းဒေသကြီး သမ၀ါယမ ဦးစီးဌာန၏ ညွှန်ကြားမှု အရ ချေးငွေများ ၁ သိန်းမှ ၅ သိန်းအထိ တိုးမြှင့် ထုတ်ချေးရန်ရှိပြီး ကျိုက်လတ်မြို့နယ် အနေနှင့် သတ်မှတ်စံနှုန်း ၁၄ ချက်နှင့် ညီညွတ်သော ချေးငွေပြေကျေပြီး အသင်း ၆၆ သင်းအနက် သက်ဆိုင်ရာ ဘုတ်အဖွဲ့မှ တာဝန်ယူ တာဝန်ခံသော အသင်းသား အရေအတွက်နှင့် တိုင်းမှ ခွင့်ပြုချေးငွေ ၅၀ ရာခိုင်နှုန်း ဘောင်အတွင်း မှ ချေးငွေကို ၂သိန်းအထိ တိုးမြှင့် ထုတ်ချေးရန်လည်း စီစဉ်ထားသည်။
““မြန်မာနိုင်ငံမှာ ကျေးလက်နေ ပြည်သူ ၇၀ ရာခိုင်နှုန်းရှိပြီး အများစုက တောင်သူတွေ ဖြစ်ပါတယ်။ သူတို့ လုပ်ကိုင်နေတဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေအတွက် အတိုးနှုန်း သက်သာစွာနဲ့ ငွေထုတ်ချေး ခဲ့တဲ့အတွက် ၇၀ ရာခိုင်နှုန်းသောတောင်သူတွေ ကို ဆင်းရဲမှု လျော့ကျစေပါတယ်။ တောင်သူ တစ်ဦးကို ၁ သိန်းနှုန်းနဲ့ ၁ နှစ် အတိုးနှုန်း ၁၅ ရာခိုင်နှုန်း၊ ၆ လတစ်ကြိမ် ထုတ်ချေးပါတယ်။ ချေးငွေပြန် မဆပ် နိုင်တဲ့ ပြဿနာလည်း မရှိပါဘူး။ ၀ိုင်းကြီးချုပ်စနစ်နဲ့ ဆောင်ရွက်ဖြစ် တဲ့အတွက် တောင်သူတစ်ဦးဦးက အခက်အခဲ ဖြစ်ခဲ့ရင် ကျန်တဲ့သူတွေက ၀ိုင်းဝန်း ဖြေရှင်းခဲ့တဲ့အတွက် လောလောဆယ်တော့ ပြဿနာ မရှိပါဘူး””ဟု သမ၀ါယမ အသင်းဥက္ကဋ္ဌ ကိုလှရှိန်က ပြောသည်။
ယင်းကဲ့သို့ သမ၀ါယမကဏ္ဍ အနေဖြင့် လယ်သမား သမ၀ါယမ အသင်းသားများအတွက် စိုက်ပျိုးစရိတ် ရင်းနှီး ပံ့ပိုးငွေများကို တရုတ် Exim Bank ထဲမှ ချေးယူခဲ့သော်လည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနကမူ ချေးယူရန် ညှိနှိုင်းခဲ့သော China Exim Bank ထံမှ ဒေါ်လာသန်း ၃၀၀ ကို အတိုးနှုန်း များပြားသဖြင့် အဆိုပါ ချေးငွေ ကိစ္စမှာ ပျက်ပြယ်ခဲ့သည်။
ပီတိချို(ရွှေလတ်မြေ)
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

No comments:

Post a Comment