ရန်ကုန်၊ စက်တင်ဘာ ၂၉
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ပြင်ပရောက် နိုင်ငံရေးသမားများဖြင့် စက်တင်ဘာ ၂၇ ရက်က ဖွဲ့စည်း လိုက်သော
ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) အနေဖြင့် ပြည်ထောင်စု ညီလာခံ
ဖြစ်မြောက်ရေး အတွက် ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစုများနှင့်
တိုင်းရင်းသားပါတီ အဖွဲ့အစည်းများနှင့် တိုင်ပင် ဆွေးနွေးပြီး
အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ညီညွတ်သော အမျိုးသား
ဒီမိုကရေစီ အဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က စက်တင်ဘာ ၂၉ ရက်တွင်
မြန်မာသံတော်ဆင့်သို့ ပြောသည်။
““၁၉၉၀ လွှတ်တော်
ကိုယ်စားလှယ်များအဖွဲ့၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး
အမျိုးသမီးအဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီကွန်ရက်၊ ကရင်အမျိုးသမီး
အစည်းအရုံးရယ်၊ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့
စုစည်း ဆွေးနွေးပြီးမှ ပြည်ထောင်စု ညီလာခံ ကျင်းပ နိုင်ရေးအတွက်
အခြေခံမူဘောင်တွေ ချမှတ်ဖို့ ဆွေးနွေးပြီး ဆောင် ရွက်သွားမှာပါ””ဟု
၎င်းကပြောသည်။
ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ အနေဖြင့်
လက်ရှိတွင် နိုင်ငံရေး ပါတီအဖြစ် ထူထောင်ရန် အစီအစဉ် မရှိကြောင်းကို
အဆိုပါအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်မင်းက ““နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ဖို့၊
လွှတ်တော် ထဲကို ၀င်ဖို့နဲ့ ပတ်သက်ပြီး ပါတီတစ်ခုဖွဲ့ဖို့ ဆိုတာက
အခြေခံဥပဒေအပေါ်မှာ ကြည့်ပြီးဖွဲ့ရမှာလေ။ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီး
လွှတ်တော်ထဲကို ၀င်သွားတဲ့ မည်သည့် အဖွဲ့အစည်းနဲ့မှ လက်တွဲပြီး ဆောင်ရွက်
မှာ မဟုတ်ပါဘူး။ UNDO နဲ့ လမ်းကြောင်းတူတဲ့ အခြား အဖွဲ့အစည်းတွေနဲ့
ပူးပေါင်းပြီး အင်အားစုအဖြစ် တည်ထောင်ဖို့ပဲ ရှိပါတယ်””ဟု ပြောသည်။
လက်ရှိတွင် ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) အနေဖြင့်
ပြည်နယ်နှင့် တိုင်းအလိုက် လုပ်ငန်း အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန်
ဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့၏ အဓိက ရည်ရွယ်ချက် ဖြစ်သော အမျိုးသားရေး
တန်းတူမှုနှင့် ကိုယ်ပိုင်ဖြေရှင်းခွင့်များ ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွန်း လာရေးအတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
UNDO မှ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment