Friday, October 3, 2014

ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးအား တစ်လအတွင်း ပြုလုပ်ကာ မူဝါဒများ ချမှတ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁
ရခိုင် အမျိုးသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပူးပေါင်းထားသော ရခိုင် အမျိုးသား ပါတီ၏ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးအား ပါတီညီလာခံပြီးသည့် စက်တင်ဘာ၂၀ ရက်နေ့မှ တစ်လ အတွင်း ပြုလုပ်ကာ ပါတီမူဝါဒများ ချမှတ်သွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးသာထွန်း လှက အောက်တိုဘာ ၁ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ရခိုင် အမျိုးသားပါတီ၏ ညီလာခံကို သံတွဲမြို့၌ စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ ၃၀ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့ပြီး ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ အေးမောင်ကို
ခန့်အပ်ခဲ့ပြီး ဒေါ်အေးနုစိန် နှင့် ဦးဖိုးမင်းတို့က ဒုတိယ ဥက္ကဋ္ဌများအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
““ပါတီမူဝါဒနဲ့ ဖွဲ့စည်းပုံကိစ္စတွေကို မနေ့က ပါတီညီလာခံပြီးတော့ ဗဟိုကော်မတီ အစည်းအဝေးက ဗဟို အလုပ်မှုဆောင်ကို တာဝန်ပေးတယ်။ မနေ့က ဗဟိုအလုပ်မှုဆောင် အစည်းအဝေးထိုင်ဖို့ အချိန်မရတဲ့အတွက် တစ်လအတွင်း ဗဟိုအလုပ်မှုဆောင် အစည်းအဝေး ခေါ်ယူကျင်းပဖို့ ရှိတယ်။ ဗဟိုအလုပ်မှုဆောင် အစည်းအဝေး ထိုင်ပြီးမှ အသေးစိတ်ကို ဆွေးနွေးမှာ””ဟု ဦးသာထွန်းလှက မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များအား ပါတီဟောင်းနှစ်ခုမှ တစ်ဖက်လျှင် ၅ဦးကျစီဖြင့် အများ သဘော တူ ရွေးချယ်ခဲ့ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီကို အဖွဲ့ဝင် ၃၉ ဦးဖြင့် ဖွဲ့စည်းထားသည်။
ယခင် ပါတီဟောင်းဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ညီနောင်တိုင်းရင်းသားပါတီ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင်ဖြစ်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ညီညွတ်သော တိုင်းရင်သား လူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်ဖြစ်ကာ ပေါင်းစည်းခဲ့သော ရခိုင်အမျိုးသားပါတီသည် မည်သည့် အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင် ရွက်မည့်ကိစ္စအား ဗဟိုအလုပ်မှုဆောင် အစည်းအဝေး၌သာလျှင် ဆုံးဖြတ်သွားမည် ဖြစ်သည်။
““မူဝါဒပိုင်းကတော့ CEC ကပဲ ဆက်လက်ပြီးတော့ လုပ်ဖို့ရှိတယ်။ ပထမအကြိမ် ညီလာခံကပါတီရဲ့ အဓိက အဖွဲ့အစည်းကို ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဗဟိုကော်မတီ ရွေးချယ်နိုင်ခဲ့တယ်။ ဗဟို အလုပ်မှုဆောင်အဖွဲ့ကို ရွေးချယ်နိုင်ခဲ့တယ်။ ဗဟိုအလုပ်မှုဆောင် အဖွဲ့ရဲ့ တာဝန်ကြီးကို သတ်မှတ်နိုင်ခဲ့တယ်။ ပါတီရဲ့ ရှေ့ဆက် သွားမယ့် မူဝါဒတွေက တချို့ကို တိုင်းရင်းသားပါတီများနဲ့ ချိတ်ဆက်မှုတွေကို ဆွေးနွေး ခဲ့ကြတာ ရှိတယ်။ ဒါတွေကို CEC ကို တာဝန် အပ်နှင်းထားပါတယ်”” ဟုပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
ဝိုင်းမော်
ြ မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

No comments:

Post a Comment