Tuesday, September 30, 2014

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက အစီရင်ခံစာတင်သွင်း

အုပ်ချုပ်ရေးပိုင်းတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်နည်းလုပ်ဟန်များမတွေ့ရဘဲ ဗျူရိုကရေစီအလေ့အကျင့်များရှိနေကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက အစီရင်ခံစာတင်သွင်း
အုပ်ချုပ်ရေးပိုင်းတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်နည်းလုပ်ဟန်များ မတွေ့ရှိရဘဲ ဗျူရိုကရေစီအလေ့အကျင့်များရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက အစီရင်ခံစာအား စက်တင်ဘာ ၂၉ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

အစီရင်ခံစာတွင် ကော်မတီသို့ တစ်နှစ်တာအတွင်း တိုင်ကြားစာ ၇၂၇၀၇ ရရှိပါကြောင်း၊ တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ၃၅၀၀ စောင်၊ လယ်ယာမြေနှင့်စပ်လျဉ်း၍ ၂၅၀၀ စောင်၊ အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ၁၁၇၀ စောင်၊ တပ်မတော်နှင့်စပ်လျဉ်း၍ ၁၀၀ စောင်တို့ဖြစ်ကြောင်း၊ ထိုတိုင်ကြားစာများအား သက်ဆိုင်ရာလွှတ်တော်ကော်မတီနှင့် ကော်မရှင်များ အဖွဲ့အစည်းများသို့ ပေးပို့ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အထူးသဖြင့် တရားရုံးများစောင့်ကြည့်လေ့လာရေး၊ လွတ်လပ်သည့်အဖွဲ့အစည်းများရှိသင့်ကြောင်း အလေးအနက်အကြံပြုပါသည်ဟု ဖော်ပြထားသည်။
ထို့ပြင် လယ်ယာမြေကိစ္စများတွင်လည်း နိုင်ငံတော်မှချမှတ်သော လမ်းညွန်ချက်များကို ဒေသဆိုင်ရာအာဏာပိုင်များ လိုက်နာဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းတွင်လည်း ဒီမိုကရေစီအသွင်ကူပြောင်းရေး လုပ်နည်းလုပ်ဟန်များမတွေ့ရှိရဘဲ ဗျူရိုကရေစီအလေ့အကျင့်များ ရှိနေပါသေးကြောင်း၊ ကော်မတီအနေဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးရရှိရေးအတွက် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များကို ဆထက်ထမ်းပိုးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစီရင်ခံခဲ့သည်။
ကော်မတီအနေဖြင့် ထိုင်း-မြန်မာနယ်စပ်ဂိတ်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ရာတွင် ၎င်းဒေသ၌ တရားဥပဒေစိုးမိုးရေး လွန်စွာအားနည်းပြီး ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးချို့ယွင်းနေသည်ကိုတွေ့ရှိရကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပုံပြောင်းလဲရန်လိုအပ်ကြောင်းကို ယခင်ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင်၊ ရခိုင်ပြည်နယ်၊ မိတ္ထီလာမြို့ဖြစ်ရပ်များက ညွှန်ပြခဲ့ကြောင်း၊ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ပြည်သူလူထုကိုကာကွယ်ပေးသည့် ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်သည် ဒီမိုကရေစီနိုင်ငံများအတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့၏ပြုပြင်ပြောင်းလဲရေးသည် တရားဥပဒေစိုးမိုးရေးကိုအခြေခံသည့် ဒီမိုကရေစီလူ့အသိုင်းအ၀ိုင်းအတွက် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်နှင့် လူစုလူဝေးအား စနစ်တကျထိန်းသိမ်းရေးအပိုင်းများအတွက် ဥရောပသမဂ္ဂ(အီးယူ)၏ အကူအညီဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးရန်အစီအစဉ်ကို တောင်းဆိုခဲ့ကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင်စတင်ခဲ့ပြီး ၁၈ လကြာမြင့်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဗဟိုပြုရလုပ်ငန်းစဉ်ကို နမူနာအဖြစ် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ကိုရွေးချယ်ခဲ့ပြီး လုပ်ငန်းတိုးတက်မှုအရ စမ်းချောင်းမြို့နယ်ကို ထပ်မံရွေးချယ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရွေးချယ်ခဲ့သော ရဲအရာရှိများကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှစတင်ပြီး ပြည်သူ့ဗဟိုပြုရဲလုပ်ငန်းစဉ်များသင်တန်း (၀န်ဆောင်မှုပေးခြင်းများလုပ်ငန်း၊ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်း၊ ပြဿနာဖြေရှင်းခြင်းလုပ်ငန်း) ကို စတင်ပေးခဲ့ပါကြောင်း၊ ထိုသင်တန်းများအတွင်း ဥရောပသမဂ္ဂသင်တန်းဆရာများနှင့် နည်းပြများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် သင်တန်းဆရာများကိုယ်တိုင် သင်တန်းသာများအား သင်တန်းပို့ချပေးနေကြောင်း၊ ဥရောပသမဂ္ဂ (EU) နိုင်ငံ၏ အတွေ့အကြုံရင့်ကျက်သည့် ရဲအရာရှိများက နိုင်ငံသားတို့၏ ဒီမိုကရေစီအခွင့်အရေးကို လူထုဆန္ဒဖော်ထုတ်ပွဲတွင် ကာကွယ်ထိန်းသိမ်းပုံ၊ တစ်ချိန်တည်းတွင် လူစုလူဝေးအလိုက် အကြမ်းဖက်မှုများ၊ ဘာသာရေးအကြမ်းဖက်မှုများ၊ ဆန္ဒဖော်ထုတ်မှုဆိုင်ရာအကြမ်းဖက်များကို အတတ်နိုင်ဆုံး အင်အားအနည်းဆုံးအသုံးပြု၍ ကာကွယ်ရပ်တန့်နိုင်ပုံကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် သင်တန်းပို့ချနေကြောင်း၊ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကိုအခြေခံသည့် ဒီမိုကရေစီလူ့အဖွဲ့အစည်းအဖြစ်သို့ ပြုပြင်ပြောင်းလဲရာတွင် ရဲတပ်ဖွဲ့သည် အရေးပါသည့်အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌသည် ဥရောပသမဂ္ဂအား ရဲတပ်ဖွဲ့၏ ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်နှင့် လူစုလူဝေးအား စနစ်တကျထိန်းသိမ်းခြင်းများအတွက် ပံ့ပိုးပေးရန်တိုက်တွန်းခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ ရဲတပ်ဖွဲ့အား ပြည်သူလူထုနှင့် ပိုမိုနီးကပ်လာစေရန် ပြည်သူများအား ယုံကြည်အားထားသော လူထုအခြေပြုရဲလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန် ရဲတပ်ဖွဲ့၏ မူဝါဒအတွေးအခေါ်နှင့် ဥပဒေမူဘောင်ပြုပြင်ပြောင်းလဲရေးကို ကူညီပေးရန်တို့ဖြစ်ပါကြောင်း၊ ယခုအခါထိုစီမံကိန်းအား သက်ဆိုင်ရာအာဏာပိုင်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အစီရင်ခံစာတွင်ပါရှိသည်။

Credit - Eleven Media Group

No comments:

Post a Comment