ရန်ကုန်၊ အောက်တိုဘာ ၁
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
ပဋိပက္ခ၌ ပြန်ပေးဆွဲမှု ပုဒ်မများဖြင့် ဖမ်းဆီး တရားစွဲခံ ထားရသည့်
ဗကသကျောင်းသူ မဖြူနှင်းထွေးအမှုကို စက်တင်ဘာ ၃၀ ရက် တတိယမြောက်
ရုံးချိန်းတွင် အာမခံ လျှောက် ထားမှုအား ထပ်မံပယ်ချ ခံခဲ့ရသော်လည်း
အောက်တိုဘာ ၁၃ ရက် ရုံးချိန်းတွင် အာမခံ ထပ်မံ လျှောက် ထားမည် ဖြစ်ကြောင်း
မဖြူနှင်းထွေး၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က မြန်မာ
သံတော်ဆင့်သို့ ပြောသည်။
““ပုဒ်မ ၃၆၄/ ၃၆၈ ဆိုတာက တစ်ကျွန်းထိ
ချနိုင်တဲ့ အမှုဖြစ်နေတယ်။ အာမခံ မပေးနိုင်တဲ့အမှု ဖြစ်နေတယ်။ ဒါပေမဲ့
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇(၁) ခြွင်းချက်အရ သေဒဏ် ကျွန်းဒဏ်
ထိုက်သင့်တဲ့ ပြစ်မှု မှာလည်းပဲ ၁၆ နှစ် မပြည့်ရင် အမျိုးသမီး
ဖြစ်လို့ရှိရင်
အာမခံပေးချင် ပေးနိုင်တယ်ဆိုတဲ့ အခွင့်အလမ်း ရှိတယ်။ အဲဒီအရ
လျှောက်တာပေါ့။ အာမခံလျှောက်တဲ့ ရည်ရွယ်ချက်ကတော့ အာမခံရရင်လည်း
ကောင်းတယ်၊ မရရင်လည်း ဒီအပေါ်မှာထားတဲ့ သူတို့ သဘောထား ပေါ်လွင်တာပေါ့””ဟု ၎င်းက
ထပ်မံပြောကြားသည်။ မဖြူနှင်းထွေးကို ပြန်ပေးဆွဲမှု ပုဒ်မများဖြစ်သည့် ပုဒ်မ
(၃၆၄/ ၃၆၈) တို့ဖြင့် စက်တင်ဘာ ၂၃ ရက်က စစ်ကိုင်းတိုင်း ယင်းမာပင်
တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ရာတွင် ကျန်းမာရေး မကောင်း
သည့်အတွက် အာမခံချက်ပေးရန် တောင်းဆိုခဲ့ခြင်းအပေါ် တရားရုံးက ပယ်ချခဲ့ပြီး
တတိယမြောက် ရုံးချိန်းကို စက်တင်ဘာလ ၃၀ ရက်တွင် ယင်းမာပင် ခရိုင်တရားရုံး၌
တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး စတုတ္ထ အကြိမ် ရုံးချိန်းကို
အောက်တိုဘာလ ၁၃ ရက်သို့ ချိန်းဆိုထားသည်။
““အာမခံနဲ့ ပတ်သက်ပြီးတော့
ကျွန်တော်တို့ အနေနဲ့ ၅၀၅ (ခ)လိုမျိုး ပုဒ်မ(၁၈)လိုမျိုး ဆိုရင်တော့
မဖြူနှင်းထွေးကို အာမခံမယူဖို့ တိုက်တွန်းမှာပါ။ သူက မတရားစွဲထားတဲ့ပုဒ်မ
ဖြစ်နေတဲ့အတွက် အပြင်မှာ စာမေးပွဲ ဖြေနိုင်ဖို့ ကြိုးစားတဲ့ အနေနဲ့ အာမခံ
လျှောက်ထားဖို့ တိုက်တွန်းပါတယ်။ မဖြူနှင်းထွေးကို မတရား ဖမ်းဆီးထားတာနဲ့
ပတ်သက်ပြီး အလွှာပေါင်းစုံက လူတွေသိအောင် ဆက်လှုပ်ရှား သွားမှာပါ။ လုံခြုံရေး
အနေနဲ့ဆိုရင်လည်း တင်းတင်းကျပ်ကျပ် ချထားပြီး၊ ရုံးထုတ်တာတွေ တွေ့ရတယ်။
မဖြူနှင်းထွေးအနားမှာ အမျိုးသမီး ရဲမေ ၄ ဦး ထားပြီး လေးဘက်လေးတန်
ပိတ်ဆို့ထားတဲ့ သဘောထားတွေ တွေ့ရပါတယ်””ဟု ဗမာနိုင်ငံလုံး ဆိုင်ရာ
ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကိုကိုက ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ မန္တလေး
ခရိုင်အဖွဲ့ဝင် မဖြူနှင်းထွေးအား စက်တင်ဘာလ ၁၃ ရက်တွင် ၎င်းနေထိုင်ရာ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ အောင်မင်္ဂလာ၁ ရပ်ကွက် နေအိမ်မှ
ဖမ်းဆီးခေါ် ဆောင်ခဲ့ပြီး ပြန်ပေးမှုဆိုင်ရာ ဥပဒေပုဒ်မ (၃၆၄/၃၆၈)အရ
တရားစွဲဆိုခဲ့သည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment