Friday, October 3, 2014

အစိုးရယန္တရား အရှိန်မြှင့် ပြောင်းလဲရေး

လွတ်လပ်ရေးရပြီး စကတည်းက ပုံစံသာ ကွဲသွားသော်လည်း သူ့နည်း သူ့ဟန်နှင့်သူ ခေတ်အဆက်ဆက် အားနည်းခဲ့သော အစိုးရယန္တရားသည် ယနေ့တွင်လည်း အားနည်းနေဆဲ ဖြစ်သည်။

ယခင်က အရာရာကို အစိုးရကသာ ချုပ်ကိုင်ထားခြင်းကို လျှော့ကာ ယနေ့ခေတ်တွင် ပုဂ္ဂလိက၊ အစိုးရမဟုတ်သော Player များကို နေရာပေးလာသော်လည်း အစိုးရယန္တရားသည် မောင်းနှင်သူ နေရာတွင် ရှိနေသည့်အတွက် ယာဉ်မောင်း၏ မောင်းနိုင်သလောက်သာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးသည် ခရီးရောက်မည် ဖြစ်သည်။


သမ္မတကြီးကိုယ်တိုင် ထိုယန္တရား၏ အားနည်းချက်ကို မြင်သည့် အားလျော်စွာ အစိုးရယန္တရား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သော်လည်း အများမျှော်မှန်းထားသလောက်၊ ဖြစ်စေချင်သလောက်ကား မရွေ့လှ။

အစိုးရအဖွဲ့ဝင် နေရာအချို့ကို ပညာရှင်အချို့အား ပေးအပ်ခြင်းမျိုး၊ ထိပ်ဆုံးအဆင့်၏ စိတ်အားထက်သန်ခြင်းမျိုးသည် လွန်ခဲ့သော ရာစုနှစ်ဝက်အတွင်း ရှားပါးသော မြင်ရခဲသော အရာများ ဖြစ်သည့်အတွက် ကြိုဆိုပါသည်။ သို့သော် ခြစားသည့် ယဉ်ကျေးမှု ဆက်လက် အဓွန့်ရှည်နေခြင်း၊ အလယ်နှင့် အောက်ခြေတွင် ပြုပြင်ပြောင်းလဲအား အရှိန်မမြင်ရခြင်း၊ စွမ်းဆောင်ရည် အခြေခံနည်းလွန်းခြင်းကြောင့် မြှင့်တင်ရန် ခက်ခဲခြင်း၊ သက်ဆိုင်ရာ အဓိကအလုပ်များ အစား သာမည အလုပ်များနှင့် အချိန်ကုန်ရခြင်း စသော အားနည်းချက်များစွာ ကျန်ရှိနေပါသေးသည်။

တစ်နှစ်ကျော်ကျော်သာ သက်တမ်းကျန်တော့သော လက်ရှိ အစိုးရအဖွဲ့သည် သစ်လွင်ထက်မြက်သော အစိုးရယန္တရားကို မြန်မာနိုင်ငံအား အမွေအဖြစ် ပေးအပ်လိုလျှင် ယခုထက် အရှိန်နှစ်ဆ သုံးဆ မြှင့်တင်ဆောင်ရွက်မှသာ ဖြစ်ပေလိမ့်မည်။

အယ်ဒီတာ (၁.၁၀.၂၀၁၄)

-----------------------------
The Voice Daily Editorial, Vol-2/No-147 (#voiceeditorial)

 
 

No comments:

Post a Comment