ဟောင်ကောင်အာဏာပိုင်များက အောက်တိုဘာ ၂ ရက်တွင် ဒီမိုကရေစီလိုလားသော
ဆန္ဒပြသူများအား အမြန်ဆုံးလူစုခွဲရန်တောင်းဆိုလိုက်ပြီး ရဲတပ်ဖွဲ့က
မျက်ရည်ယိုဓာတ်ငွေ့ဘူးများနှင့် ရော်ဘာကျည်ဆန်များကို
ယူဆောင်ပြသလိုက်ပြီးနောက် ဟောင်ကောင်တွင် ဆန္ဒပြသူလူအုပ်ကြီးသည်
ပိုမိုကြီးထွားလာကြောင်း သိရသည်။
အစိုးရရုံးချုပ်အပြင်ဘက်တွင်
ထောင်နှင့်ချီသောလူများသည် အောက်တိုဘာ ၂ ရက်တွင် ပဉ္စမမြောက်ညအဖြစ်
စုဝေးနေကြပြီး ရဲတပ်ဖွဲ့က
၎င်းတို့သတ်မှတ်ထားသောမျဉ်းများကို
ကျော်လွန်ခြင်းသို့မဟုတ် အစိုးရအဆောက်အအုံကိုသိမ်းပိုက်ခြင်းသည်
အင်အားသုံးအရေးယူမှုနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း
သတိပေးချက်ထုတ်ပြန်ခဲ့သည်။
ကြီးမားလှသောလူအုပ်ကြီးသည်
ဟောင်ကောင်လွှတ်တော်အစည်းအဝေးခန်းမအပြင်ဘက်အပါအ၀င်
ဟောင်ကောင်၏အချက်အချာကျသောနေရာများကို အထိုင်သပိတ်ပြုလုပ်ကာ
ပိတ်ဆို့ထားပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျန်ချန်းယင်ကို အောက်တိုဘာ ၂
ရက် ညသန်းခေါင်အချိန်နောက်ဆုံးထား၍ ရာထူးမှ နုတ်ထွက်ပေးရန် ရာဇသံပေးခဲ့ပြီး
မနုတ်ထွက်ပါက ပိုမိုကြီးမားသော လုပ်ဆောင်မှုနှင့် ရင်ဆိုင်ရမည်ဟု
သတိပေးထားသည်။
သို့သော် လျန်ချန်းယင်က ဆန္ဒပြသူများရာဇသံပေးထားသည့်
နောက်ဆုံးအချိန်မတိုင်ခင် မိနစ် ၃၀အလို (ဒေသစံတော်ချိန် ည ၁၁ နာရီခွဲ)တွင်
မီဒီယာများနှင့်တွေ့ဆုံကာ မိန့်ခွန်းပြောကြားခဲ့ရာ၌
ဆန္ဒပြသူများ၏တောင်းဆိုချက်ကိုပယ်ချကာ သူနုတ်ထွက်မည်မဟုတ်ကြောင်း
ပြောကြားခဲ့သော်လည်း အရေးပါသောအလျှော့ပေးမှုအဖြစ် ဆန္ဒပြပွဲတွင်ပါဝင်သည့်
ကျောင်းသားအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်ဟု သဘောတူခဲ့သည်။
သူက "ရွေးကောက်ပွဲအတွက် အလုပ်ဆက်လုပ်ရဦးမှာမို့
ကျွန်တော်နုတ်ထွက်မှာမဟုတ်ပါဘူး" ဟုပြောကြားခဲ့သည်။ သို့သော် သူက
ယခုဖြစ်ပေါ်နေသော ဆန္ဒပြပွဲများတွင်ပါဝင်သည့် အထင်ရှားဆုံးအုပ်စုတစ်စုဖြစ်သော
ဟောင်ကောင်ကျောင်းသားများဖက်ဒရေးရှင်းအဖွဲ့နှင့်ပြုလုပ်မည့်
ဆွေးနွေးပွဲများကိုဦးဆောင်ရန် အတွင်းဝန်ချုပ်ကာရီလမ်းကို
ခေါင်းဆောင်အဖြစ်ခန့်ထားကြောင်း ပြောကြားခဲ့သည်။
သူက အစိုးရနှင့်ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများအား အမြင့်မားဆုံးအဆင့်အထိ သည်းခံခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ဆန္ဒပြသူများသည် အချက်နှစ်ချက်ကိုတောင်းဆိုထားရာ
လျန်ချန်းယင်နုတ်ထွက်ပေးရန်နှင့် ၂၀၁၇ ရွေးကောက်ပွဲတွင်
ဟောင်ကောင်သားများအနေဖြင့် ၎င်းတို့၏အုပ်ချုပ်ရေးမှူးကို ၎င်းတို့ကိုယ်တိုင်
အမည်စာရင်းတင်သွင်းကာ မဲပေးခွင့်ရရေးအတွက်
လွတ်လပ်သောရွေးကောက်ပွဲဖြစ်ရေးကို တရုတ်အစိုးရက အာမခံချက်ပေးရန်ဖြစ်သည်။
Credit - Eleven Media Group
No comments:
Post a Comment