Friday, October 3, 2014

ကမ္ဘောဇဘဏ်လီမိတက်၏ ငွေလွှဲခနှုန်းထားများအား တစ်ဆယ်ပြားနှုန်းမှ ငါးပြားနှုန်းသို့ ပြောင်းလဲသတ်မှတ်

တစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်လီမိတက်၏ ငွေလွှဲခနှုန်းထားများအား တစ်ဆယ်ပြားနှုန်းမှ ငါးပြားနှုန်းသို့ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂ ရက်မှ စတင်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ သတင်းရရှိသည်။
ကမ္ဘောဇဘဏ်လီမိတက်ဈေးကွက်နှင့် ဝန်ဆောင်မှုမြှင့်တင်ရေးဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ကိုကိုမျိုးက ငွေလွှဲခနှုန်းထားများ ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပတ်သက်၍ “အခု Customer တွေတောင်းဆိုတဲ့အတိုင်း ငွေလွှဲခကို ငါးပြားနှုန်းနဲ့ လျှော့ချပြီး တစ်နိုင်ငံလုံး KBZ ဘဏ်အချင်းချင်း ငွေလွှဲတာကို တစ်ပြေးညီတည်း ငါးပြားနှုန်း သတ်မှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့
တချို့မြို့တွေကတော့ ဥပမာပြောရရင် မူဆယ်လိုမျိုး ဖားကန့်လိုမျိုး ဒီလိုမြို့တွေကတော့ ငွေပို့ရတာ တချို့ဟာတွေက ကုန်ကျစရိတ်တွေလည်း ရှိမယ်။
ခက်လည်းခက်ခဲတဲ့ ဒေသတွေအတွက် နှုန်းထားတစ်ခု ရှိတယ်။ ဒါ အထူးဒေသ သတ်မှတ်ထားပါတယ်။ ဒါလည်း လေး၊ ငါးမြို့ပဲ ရှိပါတယ်။ ကိုယ်တို့ရဲ့ Customer တွေ တောင်းဆိုချက်တွေအရ ကိုယ့်တို့ကလည်း ငွေလွှဲခကို သင့်တော်တဲ့နှုန်းထားတစ်ခု နဲ့ သတ်မှတ်ပြီးတော့ ဝန်ဆောင်မှုပေးလိုက်တာပေါ့” ဟု ရှင်းပြသည်။
“အခု ငါးပြားနှုန်း သတ်မှတ်တယ်ဆိုရင် လေးသိန်းလွှဲရင် နှစ်ရာကျမယ်။ သုံးသိန်းလွှဲလည်း နှစ်ရာပေးရမယ်။ ဒါအနည်းဆုံးပမာဏပေါ့။ တစ်သောင်းပဲလွှဲလည်း နှစ်ရာတော့ ပေးရလိမ့်မယ်။ ဒါပေမဲ့ လေးသိန်းအထက်ဖြစ်သွားပြီး ဥပမာ ငါးသိန်းဆိုရင် ငါးပြားနှုန်းနဲ့ တွက်ကြည့်ရင် ငွေလွှဲခ ၂၅ဝ ကျပ်ကျမယ်။ ဆက်သွယ်ရေးခကတော့ သပ်သပ်ရှိပါတယ်။ ဒါက ၅ဝဝ ကျပ်ပါ။ အရင်တုန်းက ဒီထက်ပိုများတယ်။ အရင်က တစ်ဆယ်ပြားနှုန်းဆိုတုန်းကတော့ နှစ်သိန်းမှာတင် နှစ်ရာကျသွားပြီ။ အဲဒီတော့ သုံးသိန်းဆိုရင် သုံးရာကျသွားပြီ။ အခု ငါးပြားနှုန်းလျှော့တဲ့အခါကျတော့ လေးသိန်းအထိကို နှစ်ရာသွားညီတယ်။ လေးသိန်းအထက်တွေအားလုံးကို ငါးပြားနှုန်းနဲ့တွက်ကြည့်ရင် ငါးသိန်းဆို ၂၅ဝ ကျပ်ပေါ့”ဟု ကမ္ဘောဇဘဏ်လီမိတက်ဈေးကွက်နှင့် ဝန်ဆောင်မှုမြှင့်တင်ရေးဌာနမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသက်ကိုကိုမျိုးက ဖြည့်စွက်ပြောကြားသည်။
တစ်နိုင်ငံလုံးတွင် ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၃ဝ ရက်အထိ ကမ္ဘောဇဘဏ်ခွဲအကြီး ၁၈၄ ခုနှင့် ဘဏ်ခွဲအသေး ၉၄ ခု စုစုပေါင်း ၂၇၈ ခုရှိနေပြီး လာမည့် နိုဝင်ဘာလတွင် ဘဏ်ခွဲ ၃ဝဝ ခန့် ရှိလာမည်ဖြစ်ကြောင်းနှင့် ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်တွင် ဘဏ်ခွဲပေါင်း ၄ဝဝ ခန့်အထိဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Credit - Eleven Media Group

No comments:

Post a Comment