အယ်ဒီတာ့အာဘော်
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေး ကော်မတီ က စက်တင်ဘာ ၂၉ ရက် ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်းသွားသည်။ အဆိုပါ အစီရင်ခံစာတွင် တရားဥပဒေ
စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏
လုပ်ငန်း ဆောင်ရွက်ပုံ ပြောင်း လဲရန် လိုအပ်ကြောင်း ဝေဖန် ထောက်ပြထားသည်။
လက်ပံတောင်းတောင်၊ ရခိုင်ပြည်နယ်နှင့် မိတ္ထီလာတို့တွင် ဖြစ်ပွားခဲ့သော
ပဋိပက္ခ ဖြစ်ရပ်များကို ရည်ညွှန်း၍ ထိုသို့ ဝေဖန် ထောက်ပြ ထားခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂ (အီးယူ)၏ အကူအညီဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက်
ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်နှင့် လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းရေး
အပိုင်းများကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်၍ သင်တန်း ပေးခဲ့ကြောင်း၊
ရည်ရွယ်ချက်မှာ ရဲတပ်ဖွဲ့အား ပြည်သူလူထုနှင့် ပိုမိုနီးကပ် လာစေရန်၊
ပြည်သူများ ယုံကြည် အားထားသော လူထုအခြေပြု ရဲလုပ်ငန်းများ ဖွံ့ဖြိုး
တိုးတက်ရန်၊ ရဲတပ်ဖွဲ့၏ မူဝါဒ အတွေးအခေါ်နှင့် ဥပဒေ မူဘောင်
ပြုပြင်ပြောင်းလဲရေးကို ကူညီပေးရန်တို့ ဖြစ်ကြောင်း ယင်းအစီရင်ခံစာ၌
ဖော်ပြသည်။
လက်ရှိ အခြေအနေအရ အဆိုပါ ရည်ရွယ်ချက်အတိုင်း ပြည်သူကို
အမှန်တကယ် ဗဟိုပြုသည့် ရဲတပ်ဖွဲ့ ဖြစ်ပေါ် လာရေးကို မျှော်မှန်းနိုင်ရန်
မလွယ်ကူသေးပေ။ ယခု အောက်တိုဘာ ၁ ရက်တွင် နှစ်ငါးဆယ် ရွှေရတု ကာလ
ပြည့်မြောက်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အာဏာရှင် အုပ်ချုပ်ရေး စနစ်ကို
နှစ်ပေါင်း များစွာ ဖြတ်သန်းခဲ့ရသည့် အဖွဲ့အစည်း ဖြစ်သည်။ ဥပဒေပြုရေး၊
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဟူသော အာဏာ သုံးရပ်စလုံးကို
တပေါင်းတစည်းတည်း ခြယ်လှယ် ကိုင်တွယ် ကျင့်သုံးသည့် အာဏာရှင် စနစ်အောက်တွင်
ရာစုဝက်ခန့် အသားကျလာခဲ့သော အစိုးရ အဖွဲ့အစည်းလည်း ဖြစ်သည်။
အစိုးရအဖွဲ့အစည်း အသီးသီးတို့တွင် အကျင့်ပျက် ခြစားမှု၊ အထက်ဖားအောက်ဖိ
ကိုယ်ကျိုးကြည့်မှု၊ ဗျူရိုကရေစီ အကျင့်စရိုက်ဆိုးများ စွဲမြဲ ကျင့်သုံးမှု၊
မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော ရေသာခို အချောင်သမား စိတ်များ ပျံ့နှံ့မှု
စသည်တို့မှာ အာဏာရှင် စနစ်၏ အမွေဆိုးများအဖြစ် ယခုတိုင်
ကျန်ရှိနေဆဲဖြစ်သည်။
အစိုးရ အဖွဲ့အစည်းများအတွင်း ထိုကဲ့သို့
ဆိုးဝါးသော အကျင့်စရိုက်များ အမြစ်တွယ်နေရခြင်း အကြောင်းရင်းမှာ သက်ဆိုင်ရာ
အဖွဲ့အစည်း အသီးသီးကို အုပ်ချုပ်ရသော အကြီးအကဲ ပုဂ္ဂိုလ်အများစုက
ကိုယ်ကျိုး စီးပွားအတွက် အဖွဲ့အစည်းအား လက်ကိုင်တုတ်သဖွယ် အသုံးချကာ အာဏာ
အလွဲသုံးစား ပြုခဲ့ကြခြင်းကြောင့် ဖြစ်သည်။ အာဏာ အလွဲသုံးသူများကြောင့်
အများပြည်သူကို ဗဟိုပြု၍ ၀န်ဆောင်မှု ပေးရမည့် အစိုးရအဖွဲ့အစည်း အသီးသီးသည်
အာဏာရ ပုဂ္ဂိုလ်များ၏ အသုံးချခံများဖြစ်ကာ ၎င်းတို့၏ အတ္တကိုယ်ကျိုး စီးပွားကို
အကာအကွယ် ပေးရသော အဖွဲ့အစည်းများ အဖြစ်သို့ ရောက်ရှိ ကြရသည်။
အဆိုးဝါးဆုံးမှာ အစဉ်အလာ ကြီးမားသော ပြည်သူ့ တပ်မတော်ကို ခါးပိုက်ဆောင်
လက်နက်ကိုင် အဖွဲ့အစည်းသဖွယ် ကိုယ်ကျိုးအတွက် ခုတုံးလုပ် အသုံးချခဲ့ကြခြင်း
ဖြစ် သည်။ နိုင်ငံနှင့် ပြည်သူလူထုကို အကာအကွယ် ပေးရမည့် ပြည်သူ့
တပ်မတော်သည် လူတစ်စု အကျိုးစီးပွားကို အကာအကွယ် ပေးနေရသည့် အခြေအနေသို့
ဆိုက်ရောက်အောင် အာဏာရှင်စနစ်က ဖန်တီးခဲ့သည်။ ထို့ကြောင့်ပင် တပ်မတော်နှင့်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပါအ၀င် ပြည်သူ့ဘဏ္ဍာ စားနေသော အဖွဲ့အစည်းများ
အားလုံးသည် ပြည်သူနှင့် စည်းခြားကာ ပြည်သူကို ဗဟိုမပြုနိုင်ဘဲ လူတစ်စုကို
အကျိုးပြုရသော အဖွဲ့အစည်း များ ဖြစ်ခဲ့ကြရသည်။
နှစ်ပေါင်းများစွာ
အဖျက်ဆီးခံခဲ့ရသော အဆိုပါ အဖွဲ့အစည်းများသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်
ပြောင်း လဲ နေသည် ဟူသော ယနေ့အချိန်အခါ အထိပင် ပြည်သူနှင့် ထိတွေ့မှု
အားနည်းနေဆဲဖြစ်ပြီး ပြည်သူ၏ ယုံကြည်မှုကို ရရှိရန် ခက်ခဲနေတုန်းပင်
ဖြစ်သည်။ တရားဥပဒေ စိုးမိုးသော ဒီမိုကရေစီ လူ့အသိုက်အ၀န်းကို ဖော်ဆောင်ရာ၌
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါသည်မှာ
အမှန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူနှင့် နီးကပ်ပြီး
ပြည်သူက ယုံကြည် အားထားရသော ပြည်သူဗဟိုပြု အဖွဲ့အစည်း ဖြစ်လာရန်
ပြုပြင်ပြောင်းလဲ သွားမှသာ တရားဥပဒေ စိုးမိုးမှုကို အခြေခံသော ဒီမိုကရေစီ
လူ့အဖွဲ့အစည်းအဖြစ် ဖော်ဆောင်နိုင်မည် ဆိုသည်မှာလည်း ဧကန်မလွဲပင် ဖြစ်သည်။
သို့သော် တပ်မတော်၏ လောင်းရိပ်အောက်တွင် ရှိနေသော မြန်မာနိုင်ငံ၏
ရဲတပ်ဖွဲ့ တစ်ခုတည်းကို ပြုပြင် ပြောင်းလဲရုံမျှနှင့် ဒီမိုကရေစီ လူ့အသိုက်
အ၀န်း ဖြစ်မလာနိုင်ပေ။ မြန်မာ့နိုင်ငံရေး ၌ သော့ချက်အကျဆုံး တပ်မတော်
ကိုလည်းကောင်း၊ တပ်မတော်အား မလျော်ကန်သော နိုင်ငံရေး တာဝန် ပေးအပ်ထားသော
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုသော်လည်းကောင်း ပြုပြင်ပြောင်းလဲ
သွားနိုင်မှသာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို လက်တွေ့ကျကျ
ဖော်ဆောင်နိုင်ပေလိမ့်မည်။ အဓိကကျသော ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်
အရွယ်ရောက်ပြီးသူ နိုင်ငံသား ငါးသန်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၌
ရဲရဲဝံ့ဝံ့ပါဝင် လက်မှတ် ရေးထိုးထားကြပြီး ဖြစ်သည်။ မြန်မာ့
လူ့အဖွဲ့အစည်းအား တရားဥပဒေ စိုးမိုးမှု အခြေခံသော ဒီမိုကရေစီ လူ့အသိုက်အ၀န်း
ဖြစ်လာစေရန် ဖော်ဆောင်ရာ၌ ပဓာန အကျဆုံးဖြစ်သော ၂၀၀၈ အခြေခံဥပဒေ
ပြင်ဆင်ရေးကို မျက်ခြည် မပြတ်၊ အားလျော့မသွားစေဘဲ ဆက်လက်
တွန်းအားပေးသင့်ကြောင်း၊ စစ်မှန်သော ဒီမိုကရေစီ စနစ်အောက် တွင်သာ ပြည်သူကို
ဗဟိုပြုသော ပြည်သူ့အကျိုးပြု အဖွဲ့အစည်းများအဖြစ် ပြုပြင်ပြောင်းလဲရန်
သေချာ စေနိုင်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။
အယ်ဒီတာ
၁-၁၀-၂၀၁၄
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment