အောက်တိုဘာလ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
#emg_editorials
သန့်ရှင်းသောနိုင်ငံနှင့် ပြည်သူတို့၏ စိတ်သဘောထား
အိန္ဒိယနိုင်ငံ၏ နာမည်ပျက်လှသော တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်အခြေခံသန့်ရှင်းရေးညံ့ဖျင်းမှုကို အပြီးတိုင်ဖယ်ရှားပစ်ရန် ကတိပြုထားသော အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် အောက်တိုဘာ ၂ ရက်က နယူးဒေလီမြို့ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် ပြုလုပ်သော တံမြက်စည်းလှည်း သန့်ရှင်းရေး၌ ကိုယ်တိုင်ပါဝင်ခဲ့သည်။ ထိုနေ့သည် အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု စံပြခေါင်းဆောင် မဟတ္တမဂန္ဓီဘဝနှင့် ပတ်သက်၍ အခမ်းအနားကျင်းပရန်အတွက် အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသောနေ့ ဖြစ်သည်။“ဂန္ဓီက ကျွန်တော်တို့ကို
ဒီကြွေးကြော်သံ ပေးခဲ့ပါတယ်-“လွတ်မြောက်သော အိန္ဒိယ”ဆိုပြီး ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးအောက်ကနေ လွတ်လပ်ရေးရအောင် ပြည်သူတွေ အတူတကွဆောင်ရွက်ဖို့ပါ။ ဒါပေမဲ့ သူရဲ့တခြားစိတ်ကူးတစ်ခုဖြစ်တဲ့ “သန့်ရှင်းသော အိန္ဒိယ”ဆိုတာကတော့ အခုထိ ပြီးပြည့်စုံမှု မရှိသေးပါဘူး”ဟု မိုဒီကရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်၌ ပြောကြားခဲ့သည်။ မိုဒီက ပြည်သူ့ကျန်းမာရေးလုပ်ငန်းအတွက် သန့်ရှင်းရေးဝန်ထမ်းများသာ တာဝန်ရှိသည်မဟုတ်ဘဲ အိန္ဒိယနိုင်ငံသားများ၏ စိတ်သဘောထားကို ပြောင်းလဲရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်၏ စကားထဲတွင် သန့်ရှင်းသောနိုင်ငံဖြစ်ရန်အတွက် နိုင်ငံသားများ၏ စိတ်သဘောထားများကို ပြောင်းလဲရန် လိုအပ်သည်ဟူသည့်အချက်က စိတ်ဝင်စားဖွယ်ဖြစ်သည်။ သန့်ရှင်းသောနိုင်ငံဖြစ်ရန်အတွက် ပြည်သူအများစု၌ သန့်ရှင်းသော စိတ်သဘောထားများ ရှိရန်လိုအပ်သည်။ ညစ်ပတ်သူအများစုနေထိုင်သော ပတ်ဝန်းကျင်သည် အချိန်အများစု၌ ညစ်ပတ်၍သာနေမည် ဖြစ်သည်။ သန့်ရှင်းရေးဝန်ထမ်းများကဲ့သို့သော သက်ဆိုင်ရာတာဝန်ရှိသူများက တာဝန်သိသိဖြင့် ဆောင်ရွက်သည့်တိုင် အဆိုပါဝန်းကျင်သည် အမြဲတစေ သန့်ရှင်းနေရန် မဖြစ်နိုင်ပါ။ သန့်ရှင်းရေးကိစ္စတင် မဟုတ်၊ နိုင်ငံ၏ များစွာသော ပြုပြင်ပြောင်းလဲရေးကိစ္စများ၌ ပြည်သူတို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။
လူတစ်ဦးတစ်ယောက်၏ စိတ်သဘောထားနှင့် သူ၏ အပြုအမူများသည် အလွန်နီးကပ်စွာ ဆက်နွှယ်ချက်ရှိသည်။ အပြုအမူများကို ပြောင်းလဲစေရန်အတွက် စိတ်သဘောထားကို ဦးစွာပြောင်းလဲရန် လိုအပ်သည်။ သို့သော် လူတို့၏ စိတ်သဘောထားကို မည်ကဲ့သို့ ပြောင်းလဲပေးနိုင်မည်နည်း။ အဆိုပါမေးခွန်းသည်“ကြောင်ကို ဘယ်သူခြူဆွဲပေးမှာလဲ”ဟူသော မေးခွန်းကဲ့သို့ပင် ဖြေဆိုရခက်လှသည်။
စိတ်သဘောထား (Mindset) တွင် အသိဥာဏ်ဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ အချက်အလက်များပါဝင်ပြီး လူတို့၏ ကြိုတင်စိတ်ကူးမှုများ၊ ထုတ်ဖော်ပြသမှုများနှင့် ပြုမူဆောင်ရွက်ချက်များအပေါ် ဩဇာသက်ရောက်သည်။ စံပြုအရာများ၊ စံတန်ဖိုးများ၊ ယုံကြည်ချက်များ၊ အကြိုက်များနှင့် စိတ်နေစိတ်ထားများ ပေါင်းစည်းကာ စိတ်သဘောထားဟူ၍ ဖြစ်ပေါ်လာသည်။ လူတို့၏ ပြုမူဆောင်ရွက်ချက်များသည် ထိုသူတို့၏ အတွေးများ၊ ခံစားချက်များနှင့် အကြိုက်များအပေါ် အခြေပြုလျက်ရှိရာ အပြုအမူအများစုနောက်ကွယ်တွင် စိတ်သဘောထားတစ်ရပ်က ကြိုးကိုင်လျက်ရှိသည်။ လူတိုင်းလူတိုင်းသည် လောကအား မိမိတို့နည်း၊ မိမိတို့ဟန်ဖြင့် ကောက်ချက်ဆွဲယူကြသည်ချည်းသာ ဖြစ်သည်။ အသက်မွေးဝမ်းကျောင်းနောက်ခံ၊ အတိတ်က အတွေ့အကြုံများ၊ ပညာရေး အစရှိသည်တို့အားလုံးက လူတစ်ယောက်၏ အမြင်အပေါ် ဩဇာသက်ရောက်လျက်ရှိသည်။
ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရာတွင် ပြုမူဆောင်ရွက်ချက်များ၏ နောက်ကွယ်ရှိ စိတ်သဘောထားများကို ပြောင်းလဲရန် လိုအပ်ပါကြောင်းနှင့် စိတ်သဘောထားအပေါ် ဩဇာသက်ရောက်သော အကြောင်းအချက်များစွာရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Credit - Eleven Media Group

No comments:
Post a Comment