Friday, October 3, 2014

ဝန်ကြီးဌာနများ အဂတိလိုက်စားမှု ပပျောက်စေရန် Government Procurement ဥပဒေပြဋ္ဌာန်းရန် လိုအပ်

ရန်ကုန်၊ စက်တင်ဘာ ၂၉
ဝန်ကြီးဌာနများက နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် စက်ကိရိယာ၊ ပစ္စည်းများအား အစိုးရ ဘတ်ဂျက်မှ ၀ယ်ယူရာတွင် ပွင့်လင်းမြင်သာမှု၊ ယှဉ်ပြိုင်မှု၊ အရည်အသွေး ကောင်းမှုအပြင် အဂတိ လိုက်စားမှုများ ပပျောက် စေရန်အတွက် အစိုးရကဏ္ဍ ပစ္စည်းဝယ်ယူခြင်း ဆိုင်ရာ (Government Procurement) ဥပဒေ ပြဋ္ဌာန်းရန် လိုအပ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောဆိုလိုက်သည်။
ရွှေပြည်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ““နိုင်ငံတော် အစိုးရသည် နိုင်ငံတော်၏ ဘတ်ဂျက်မှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လိုအပ်သော စက်ကိရိ ယာများ၊ ပစ္စည်းများကို
အခြားနိုင်ငံမှ ၀ယ်ယူသည့်အခါ ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု၊ ယှဉ်ပြိုင်မှု၊ ဈေးနှုန်းမျှတမှု၊ ပစ္စည်း အရည်အသွေး ကောင်းမွန်မှု၊ လာဘ်ပေး လာဘ်ယူမှု ပပျောက်စေလိုမှု တို့ကို ရည်ရွယ်ပြီး နိုင်ငံတကာ အစိုးရ ကဏ္ဍများ၏ ပစ္စည်းဝယ်ယူရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေများ ပါဝင်သော Procurement Law ကို ရေးဆွဲ ပြဋ္ဌာန်းလျက် ရှိပါကြောင်းနှင့် ယင်းဥပဒေ အား ရေးဆွဲထုတ်ပြန်ရန် အစီအစဉ်ရှိ၊ မရှိ”” နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ယင်းမေးမြန်းမှုနှင့် ဆက်စပ်၍ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
““အဂတိ လိုက်စားမှုများကို ပပျောက်စေလိုမှုတို့ကို ရည်ရွယ်သော အစိုးရကဏ္ဍများ၏ ပစ္စည်း ၀ယ်ယူခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် Government Procurement Law တစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ် ပါကြောင်း””နှင့် ““Government Procurement နှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ နိုင်ငံတကာ တွင် ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို လေ့လာပြီး မူဝါဒများ ချမှတ်ပြီးမှသာ ဥပဒေ၊ နည်းဥပဒေများကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ရေးဆွဲပြဋ္ဌာန်းရန် ရှိပါကြောင်း”” ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းက ဖြေကြားသည်။
လက်ရှိတွင် ၀န်ကြီးဌာနများမှ လိုအပ်ချက်အရ ၀ယ်ယူသည့် စက်ကိရိယာများနှင့် ပတ်သက်၍ ၀န်ကြီးဌာနမှ တိုက်ရိုက်ခေါ်ယူခြင်း၊ လေလံခေါ်ယူ၍ လုပ်ငန်းရှင်များမှတစ်ဆင့် ၀ယ်ယူခြင်းများ ပြုလုပ်လျက်ရှိရာ အချို့သော ၀ယ်ယူမှုဆိုင်ရာ လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် ဝေဖန်မှုများလည်း ရှိသည်။
ပြန်ကြားရေး ၀န်ကြီးဌာနက ၀ယ်ယူသည့် ပုံနှိပ်စက် ဈေးနှုန်းများ ကွာဟနေမှုနှင့် ပတ်သက်၍ ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်မှ ဖော်ထုတ် ရေးသားခဲ့ဖူးရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျာနယ်အား တရားရေး လမ်းကြောင်းအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ဖူးသည်။
MH-0025
  မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

No comments:

Post a Comment