#emg_opinions
written by စိုးခိုင်ညိန်း
“လွတ်လပ်စွာပြောဆိုခွင့်သာ
ဖယ်ရှားခံရမယ်ဆိုရင် ကျွန်ုပ်တို့ဟာ သားသတ်ရုံကို ဆွံ့အတိတ်ဆိတ်စွာ
ခေါ်ဆောင်သွားခံရတဲ့ သိုးတွေပဲ ဖြစ်နေတော့မှာပေါ့”
ဂျော့ဝါရှင်တန် (၁၇၃၂-၁၇၉၉)
ယနေ့မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့် ရရှိနေပါပြီ။
လွတ်လပ်စွာပြောဆိုခွင့် ရတာနဲ့တစ်ပြိုင်နက် ပြောစကားတွေကလည်း
အမျိုးမျိုးထွက်လာသည်။ ပြောတဲ့စကားတွေက စေတနာပါတာလည်းရှိသလို
စေတနာမပါတာလည်း ရှိသည်။ မှန်တဲ့စကားတွေ ရှိသလို မမှန်တဲ့စကားတွေလည်း
ရှိသည်။ နားထောင်တဲ့သူတွေ
ဘယ်လိုခံစားရမည် မစဉ်းစား၊ စိတ်ဆန္ဒရှိကြသလို
ပြောကြတော့သည်။ ကိုယ်ပြောလိုက်တဲ့စကားက တစ်ပါးသူ ထိခိုက်သလား၊ မထိခိုက်သလား
မစဉ်းစား၊ ကိုယ့်စကားက အကျိုးရှိသလား၊ အကျိုးမရှိဘူးလား ထည့်မတွက်
စိတ်ထင်သလိုပြောလိုက်ကြတော့သည်။ ပြောလိုက်တဲ့စကားအတိုင်း
တာဝန်ယူမယ်လို့လည်း အာမခံချက်မရှိ ပြောချင်တိုင်းပြောကြတော့သည်။
စကားပြောတဲ့အခါ အများပြည်သူရှေ့မှာ ပြောရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊
စည်းဝေးပွဲလိုနေရာမျိုးမှာပဲဖြစ်ဖြစ် ပိုပြီးသတိထားပြောရပေမည်။
အောက်လက်ငယ်သား သာမန်ပြည်သူတစ်ယောက်ပြောတဲ့စကားက သိပ်ပြီးအရေးမကြီးလှပေမယ့်
တိုင်းပြည်ရဲ့ခေါင်းဆောင်၊ အကြီးအကဲတစ်ယောက်ရဲ့ ပြောစကားကတော့
စကားလုံးတိုင်းမှာ အရေးပါလေသည်။ ပိုပြီးသတိထားရသလို ပိုပြီးလည်း
တာဝန်ကြီးလေသည်။
အစိုးရသစ်လက်ထက်မှာပဲ ဝန်ကြီးအချို့ပြောလိုက်တဲ့
စကားလုံးတွေကြောင့် ပြည်သူတွေအကြားမှာ
အတော်လေးအုတ်အော်သောင်းတင်းဖြစ်သွားတာ လူတိုင်းအသိဖြစ်ပါသည်။
စကားလုံးများသည် ပြောပြီးတာနဲ့တစ်ပြိုင်နက် လေထဲမှာ ပျောက်ကွယ်သွားသည်
မဟုတ်ကြားရသူများရဲ့ရင်ထဲမှာစွဲထင်၍ ကျန်ခဲ့တာမျိုးဖြစ်သည်။ ဒါ့ကြောင့်
ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊
အဖွဲ့အစည်းတစ်ခု တည်ထောင်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲဝင်ဖို့
မဲဆွယ်စည်းရုံးတဲ့အခါမှာပဲ ဖြစ်ဖြစ် အောင်မြင်ဖို့အတွက် စကားပြောခြင်းဟာ
ဘယ်လောက်အရေးပါကြောင်း သိသာထင်ရှားပြီးဖြစ်သည်။ အနည်းဆုံး
ဈေးဆိုင်ကလေးတစ်ဆိုင်မှာတောင် စကားပြောဆက်ဆံရေးက အရေးကြီးလေသည်။ အပြောအဆို
ဆက်ဆံရေးညံ့ဖျင်းပါက အောင်မြင်ဖို့ ခဲယဉ်းပေသည်။
စကားပြောဆိုခြင်းနှင့် ပတ်သက်၍ မြတ်ဗုဒ္ဓက နည်းပေးလမ်းညွှန် ဟောကြားထားတာ
ရှိပါသည်။ “ကာလဝါဒီ၊ ဘူတဝါဒီ၊ အတ္ထဝါဒီ၊ ဓမ္မဝါဒီ၊ ဝိနယဝါဒီ၊ နိဓာနဝတð ဝါစံ၊
ဘာသိတာကာလေန သာပဒေသံပရိယန္တ ဝတ္တ အတ္ထသံဟိတံ” (ဗြဟ္မဇာလသုတ်)
ကာလဝါဒီ -
ပြောသင့်သလား၊ မပြောသင့်သလား အချိန်အခါကိုကြည့်၍ ပြောရပေမည်။ ပြောသင့်တဲ့
အချိန်မှာမပြောဘဲ မပြောသင့်တဲ့အချိန်မှာ ပြောလျှင် အကျိုးမရှိ
ဖြစ်တတ်ပေသည်။ အချိန်အခါလွန်မှ ပြောမိပါက နောင်တရရုံပဲ ရှိမည်။ ဘူတဝါဒီ-
ဟုတ်မှန်တာကိုပြောရမည်။ စကားဖြစ်ရုံ၊ နားထောင်ကောင်းရုံပြောပြီး
မဟုတ်မမှန်ပါကလည်း အကျိုးမရှိနိုင်ပါ။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ
ကိုယ်ပြောတဲ့စကားက မှန်ရမည်။ အတ္ထဝါဒီ-အကျိုးရှိမယ့်စကားကို ပြောရမည်။
ကိုယ်ပြောတဲ့စကားက အမှန်ဖြစ်ပေမယ့် အကျိုးမရှိဘူးဆိုလျှင်လည်း
ပြောလို့မဖြစ်ပြန်ပါ။ ဓမ္မဝါဒီ-တရားနှင့်အညီ ပြောဆိုရမည်။ ဥပဒေနှင့်အညီ
တရားမျှတစွာ ပြောရမည်။ ဝိနယဝါဒီ-စည်းကမ်းနှင့်အညီ ပြောရမည်။ စည်းလွတ်
ဝါးလွတ်ပြောချင်သလိုပြော၍ မရပါ။ နိဓာန ဝတ္တဝါစံ-မှတ်သားလောက်စရာ၊
သိမ်းထားလောက်စရာဖြစ်မယ့် တန်ဖိုးရှိတဲ့စကားကို ပြောရမည်။ စကားလုံးတိုင်း
အနှစ်သာရနှင့် အတွေးအခေါ်ဒဿနဆန်ဆန်ပြောရမည်ဟု ဆိုလိုသည်။
သာပဒေသံ-ဥပမာအကြောင်းပြချက်လေးတွေနဲ့ ဝေဝေဆာဆာပြောရမည်။ ဥပမာများနှင့်
ခိုင်းနှိုင်း၍ပြောလျှင် နားထောင်သူက ပိုပြီးစွဲနစ်မှတ်သားနိုင်သည်။
ပရိယန္တဝတ္တ-ရည်ရွယ်ချက်ရှိရမည်။ ဦးတည်ချက်ရှိရမည်။ ကိုယ်ပြောလိုတဲ့စကားရဲ့
လိုရင်းပန်းတိုင် ရှိရမည်။ အတ္ထသံဟိတံ-ကောင်းကျိုးချမ်းသာတို့နှင့်
စပ်ယှဉ်တဲ့စကား ပြောရမည်။ ကိုယ်ပြောတဲ့ စကားက ကောင်းကျိုးနှင့်ယှဉ်သလား၊
ဆိုးကျိုးနှင့်ယှဉ်သလား စဉ်းစားရမည်။
စကားကို
ချိုသာစွာပြောဆိုခြင်းသည် သုဘာသိတာစ ယာဝါစာ မင်္ဂလသုတ်အရ မင်္ဂလာတစ်ပါးပဲ
ဖြစ်ပါသည်။ စကားကို ချိုသာစွာပြောဆိုသဖြင့် မိမိကိုယ်တိုင်
လူချစ်လူခင်များ၍ နားထောင်ရတဲ့သူများမှာလည်း စိတ်ချမ်းသာရလေသည်။
စကားကို ချိုသာစွာပြော၍ ကတိတွေအထပ်ထပ်ပေးပြီး ဘာတစ်ခုမှ
မလုပ်ဆောင်ပြန်လျှင်လည်း အဆင်မပြေပြန်ပါ။ မိမိပြောသောစကားကို
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ်တိုင်တာဝန်ယူပြီးမှသာလျှင်
ပြောဆိုသင့်ပေသည်။ အစကတည်းက ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား၊
လုပ်ပေးနိုင်သလား၊ မလုပ်ပေးနိုင်ဘူးလား ကြိုတင်၍ စဉ်းစားသင့်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ပြောလိုက်မိပြီဆိုလျှင်တော့ ပြောစကားအတိုင်း
လုပ်ဆောင်ရပေမည်။ မဖြစ်နိုင်ဘူးဆိုလျှင်တော့ အာမခံပြီး ပြောဖို့မသင့်ပါ။
လူတိုင်းကြားဖူးပြီး မြတ်စွာဘုရားဟောထားတဲ့ စကားခြောက်ခွန်း ရှိပါသည်။
ဒီအထဲကမှ နှစ်ခွန်းကိုသာ ပြောဆိုဖို့ ဟောကြားထားသည်။ စကားခြောက်ခွန်းဆိုသည်
မှာ-
(၁) မဟုတ်မမှန် အကျိုးစီးပွားနှင့်မစပ် သူတစ်ပါးမနှစ်သက်သောစကား
(၂) ဟုတ်မှန်၏ အကျိုးစီးပွားနှင့်မစပ် သူတစ်ပါး မနှစ်သက်သောစကား
(၃) ဟုတ်မှန်၏ အကျိုးစီးပွားနှင့်စပ်၏ သူတစ်ပါးမနှစ်သက်သော စကား
(၄) မဟုတ်မမှန် အကျိုးစီးပွားနှင့်မစပ်သူ တစ်ပါးနှစ်သက်သောစကား
(၅) ဟုတ်မှန်၏ အကျိုးစီးပွားနှင့်မစပ် သူတစ်ပါး နှစ်သက်သောစကား
(၆) ဟုတ်မှန်၏ အကျိုးစီးပွားနှင့်စပ်၏ သူတစ်ပါး နှစ်သက်သော စကား။
အထက်ပါ စကားခြောက်ခွန်းထဲတွင် ၃ ခုမြောက်နှင့် ၆ ခုမြောက်စကားတို့ကိုသာ
ပြောကြရမည်။ ကျန်လေးခွန်းသောစကားတို့ကို မပြောဆိုကြဖို့ မြတ်ဗုဒ္ဓက
ဟောကြားတော်ခဲ့တော်မူပါသည်။ အထူးသဖြင့် မုသားစကား၊ ကုန်းချောစကား၊
ကြမ်းတမ်းရုန့်ရင်း၍ အနက် အဓိပ္ပာယ်မရှိသောစကား အနှစ်သာရမရှိသောစကားများကို
ရှောင်ကြဉ်ရမည်။
စကားကိုကြမ်းတမ်းစွာပြောဆိုပါက လူမပြောနှင့်
တိရစ္ဆာန်များပင် မကြိုက်ကြပါ။ မိမိအိမ်ရှိ ခွေးကလေးများကို
ကြမ်းကြမ်းတမ်းတမ်းပြောဆိုပါက မကြိုက်တာ တွေ့ရပေလိမ့်မည်။
အားလုံးသိပြီးသားဖြစ်တဲ့ နန္ဒိဝိသာလဇာတ်တော်ကို ဖတ်ကြည့်က ပိုပြီး
ထင်ရှားပါလိမ့်မည်။
စကားကို ချိုသာစွာပြောဆို၍ အကျိုးကျေးဇူးရသော ပုံပြင်လေးတစ်ပုဒ်နှင့် အဆုံးသတ်ချင်ပါသည်။
ရွာတစ်ရွာမှာ တောလိုက်မုဆိုးတစ်ဦးက တောလိုက်သွားပြီး သားကောင်ရလာတော့
သားကောင်ကို အူ၊ အသည်း၊ လက် ခြေ၊ နှလုံး စသဖြင့်ဖျင်ပြီး လှည်းနဲ့တင်ပြီး
ပြန်လာသည်။ လမ်းခုလတ်မှာ သူဌေးသား လေးယောက်နှင့် တွေ့သည်။ သူဌေးသား တစ်ဦးက
“ဟေ့ မုဆိုး ငါ့ကို အသားတုံးပေးစမ်း” ဆိုပြီး တောင်းသည်။ မုဆိုးက
ကြမ်းတမ်းသော သူဌေးသား၏စကားနှင့်လျော်ညီစွာ အသားမပါတဲ့ အရိုးကိုပဲ
ပေးလိုက်တယ်။ နောက်သူဌေးသားက “အစ်ကိုကြီးမုဆိုး ကျွန်တော့်ကို
အသားနည်းနည်းပေးပါ” လို့ တောင်းသည်။ မုဆိုးက ချိုသာတဲ့စကားကို ကြားရလို့
အသားကို ပေးလိုက်သည်။ နောက်တစ်ဦးကလည်း “အဖမုဆိုး ကျွန်တော့်ကို
အသားတုံးပေးပါ” လို့တောင်းပြန်သည်။ အလွန်ချိုသာတဲ့ စကားကြောင့် မုဆိုးက
အဖနှင့်တူတဲ့ အသည်းနှလုံးကို ပေးလိုက်သည်။ နောက်ဆုံး သူဌေးသားတစ်ယောက်ကတော့
“မိတ်ဆွေမုဆိုး ကျွန်တော့်ကိုလည်း အသားပေးပါ”လို့ တောင်းပြန်သည်။
အလွန့်အလွန်ချိုသာလွန်းတဲ့ စကားကြောင့် သုဘာသိတဝါစာမြောက်လို့ မုဆိုး က
ပါသမျှအသားအားလုံး အကုန်ပေးလိုက်တော့သည်။
Credit - Eleven Media Group
No comments:
Post a Comment