Friday, October 3, 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုရပေမည် သို့သော်လည်း

  မောင်ရေစက်
ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ကိုရွှေမန်းရယ်၊ ဦးသိန်းစိန်ရယ်၊ နောက်ဦးစီးချုပ် ကိုမင်းအောင်လှိုင် ရယ်ပေါ့။ စိတ်ရှည်လက်ရှည်နဲ့ ဒေါ်အောင်ဆန်း စုကြည် ပြောသလိုပဲ ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်တိုင်ပင်ပင်နဲ့ လုပ်တာဆိုရင်၊ (Negotiating Method)ကို သုံးသွား မယ်ဆို ရင် ကိုယ်တို့နိုင်ငံ ဟာ အောင်ကို အောင်မြင်မှာပါ . .
.
  ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်(ငြိမ်း)
×××××××××××××××××××××××××××××××××××××××××××××××××××
အောင်သပြေ ရဲရိပ်သာတွင် ခေါ်ယူမေးမြန်းခြင်း၊ အယ်ဒီတာချုပ် ခရီးသွားလာခြင်းများအား
စုံစမ်းထောက်လှမ်းခြင်း၊ မြန်မာသံတော်ဆင့်မှ သံဃာတော်အပါး ၆၀၀ ကျော် ၂ ကြိမ် ဆွမ်းလောင်းလှူခြင်းနှင့် လမ်းခင်း လှူဒါန်းခြင်းတို့အား လိုက်လံ စုံစမ်းခြင်းစသော ရဲနှင့်မီဒီယာ လုပ်ငန်းများသည်လည်း ရွှေရတု ရဲတပ်ဖွဲ့နေ့ကာလ ထူးခြားသော လှုပ်ရှားမှုများ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တပ်မတော်အစိုးရ လက်ထက်မှသည် သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက်အထိ ကြံ့ခိုင်ရေးရုံးများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နေရာယူ၍ လုံခြုံရေး ပေးခဲ့သည့်နည်းတူ တစ်ချိန်က ကြံ့ခိုင်ရေးအသင်း တာဝန်ရှိသူ အချို့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ NLD ရုံးများအနီး အရပ်ဝတ်ဖြင့် နေရာ ယူစောင့်ကြည့် ခဲ့ကြရပုံများ . . .
၂၀၁၄ အောက်တိုဘာလ ၁ ရက်သို့ ရောက်ချိန်သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရွှေရတု နှစ်ပတ်လည်နေ့ အခါသမယ အတွက် အစိုးရ သတင်းစာများမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု အစီအစဉ်များ ဖော်ပြ သည်ကို ဖတ်ရှုရပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် လွန်ခဲ့သော နှစ်ပေါင်း များစွာမှစ၍ တည်ရှိခဲ့သော သမိုင်း ကြောင်းနှင့်အညီ အများပြည်သူတို့က အားကိုးအားထားပြုခြင်း၊ အော့နှလုံးနာခြင်းများ ယှဉ်တွဲလျက် ရှုမြင် ခဲ့ကြသည်ကိုလည်း သိရှိနေရန် လိုပါသည်။
ပြည်သူတို့ အားကိုးသော ပြည်သူ့ရဲများဘ၀ အလုံးစုံ မရောက်ကြဘဲ ပြည်သူတို့က ““လိုင်းကြေးပေးရန်”” ဝေါဟာရ တစ်လုံးကို ပြည်သူ့ရဲများအတွက် အမြဲအမှတ်ရ နေကြခြင်းသည် လက်ရှိမြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် အမှန်အကန်ပြုပြင်ရမည့် လိုအပ်ချက်အဖြစ် မှတ်ယူမှသာ၊ ဝေဖန်မှုကိုခံယူ၍ ပြုပြင်ပြောင်းလဲကြမှသာ ““ကူညီပါရစေ”” ဟူသော စကားရပ်သည် ရဲတပ်ဖွဲ့အတွက် ပြည်သူများက ယှဉ်တွဲ မှတ်သားစရာ အမှန်ဖြစ် ပေါ်လာနိုင်ပေမည်။
ယနေ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြည်သူများက ရွံရှာ ကြောက်လန့်ခြင်းမှ ကင်းပျောက်၍ အားကိုး ယုံကြည်မှု ရစေရန် ရဲလုပ်ငန်း ပြုပြင် ပြောင်း လဲရေးများ အရှိန်အဟုန်ဖြင့် စတင်စေခဲ့သူမှာ စာရေးသူ မှတ်မိသရွေ့ နယက အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်ဖြစ်ကြောင်း လေ့လာ မိပါသည်။
ဗိုလ်မှူးကြီး တင်လှိုင်သည် ပြည်ထဲရေးဝန်ကြီး တာဝန်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟို အလုပ်အမှုဆောင် (ရန်ကုန်တိုင်း တာဝန်ခံ)ဖြစ်စဉ်၌ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်များ ကို ပြည်ခိုင်ဖြိုး သင်တန်းများနှင့် အသင်းအဆင့်ဆင့် တာဝန်ရှိသူများကို လုပ်ငန်းလမ်းညွှန်ရာတွင် ထည့်သွင်းပြော ကြားခဲ့သည်။ အင်္ဂလိပ်ခေတ် ပုလိပ်များ၊ လွတ်လပ်ရေး ရပြီးနောက် ရဲစခန်းများတွင် ညစ်ပတ် စုတ်ပြတ် နေသော အခြေအနေများနှင့် အများပြည်သူကို ခြောက်လှန့် ဆက်ဆံတတ်သော ဥပဒေ ဘက်တော်သား ရဲများ၏ စခန်းတိုင်း၌ ၎င်းအခြေအနေများကို အမြစ်မှစ၍ ပြောင်းလဲကာ ဒုက္ခရောက်နေသော ပြည်သူများကို အားကိုး ယုံကြည်မှု ရစေရန် ရဲစခန်းတိုင်း အ၀င်၌ သောက်ရေအိုးစင်များ၊ ခေတ္တနားနေရန် ထိုင်ခုံများမှအစ ထားရှိရန်တို့ကို ၀န်ကြီး ဗိုလ်မှူးကြီး တင်လှိုင်က စီစဉ်လမ်းညွှန်ခဲ့ကြောင်း ကြားသိခဲ့ရသည်။
ထို့ပြင် တစ်နိုင်ငံလုံး မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်များကို ထိန်းချုပ်ထားသည့် ပြည်ထဲရေး ၀န်ကြီး အနေဖြင့်လည်း ကြံ့ခိုင်ရေးအသင်း တာဝန်တစ်ဖက်ဖြင့် စည်းရုံးရေး လုပ်ဆောင်ခဲ့ရကာ ယနေ့အာဏာရ ပါတီအသွင် ပေါ်ပေါက်စေရန် လုပ်ဆောင်ခဲ့ရခြင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြုပြင်ပြောင်းလဲရေး စတင် ဖော်ဆောင်ခဲ့ရာ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်နှင့် ၂၀၁၃ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ဆုံတွေ့ခဲ့စဉ်က ပြောကြားချက်များမှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတို့တွင် ဖြစ်ပေါ်လျက် ရှိသော နိုင်ငံရေး လှုပ်ခတ်မှုများအတွက် အဖြေတစ်ရပ် သုံးသပ်နိုင်ဖွယ်ရာ တွေ့ရှိခဲ့သည်။
တပ်မတော် အစိုးရ လက်ထက်နာမည်ကျော် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး (ငြိမ်း) ဦးတင်လှိုင် ပြောကြား ချက်များမှာ-
● အဘက အဲဒီတုန်းက ပြည်ထဲရေးမှာ လုပ်နေတဲ့အခါကျတော့ အသင်းအပေါ် ပံ့ပိုးမှု ဘယ်လောက်အထိ ပေးခဲ့လဲ။
ဒီအုပ်ချုပ်ရေး အဖွဲ့အစည်းက အသင်းအပေါ်မှာ လေးစားဖို့၊ ယုံကြည်ဖို့ဆိုတာက အသင်းမှာ ရှိနေတဲ့ မြို့နယ် အမှုဆောင်တွေ၊ ရပ်ကွက် အမှုဆောင်တွေ၊ ခရိုင်အမှုဆောင်တွေရဲ့ စည်းရုံး လှုပ်ရှားမှု ခေါင်းဆောင် မှု ကောင်းဖို့ လိုတာပေါ့။ သူတို့တွေက ခုနပြောသလို အထက်က ဘယ်လောက်ပြောပြော သူတို့ အကောင် အထည်ဖော်တဲ့ သူတွေရဲ့ အားနည်း ချို့ယွင်းချက်တွေကြောင့် သူတို့က မစည်းရုံးနိုင်ဘူး။ အုပ်ချုပ်ရေး အဖွဲ့တွေကလည်း သူတို့လောက် ဘယ်သူမှ မတော်ဘူးလို့ သူတို့ ထင်နေကြတယ်။ အမှန်ကတော့ ကိုယ်တို့ အသင်းကြီး ကလည်းပဲ သူတို့ထက်သာတယ်။ တော်တယ် ဆိုတာကို ပြရမယ်။ သူတို့ရဲ့ ယုံကြည်မှု ရအောင် ယူရမယ်။ သူတို့ကလည်း ကိုယ်တို့ကို သိပ်ပြီးတော့ အထင်မကြီးတာလည်း ပါတယ်။
သင်တန်းတွေမှာလည်း အမြဲတမ်း ကိုယ်ပြောခဲ့တာပဲ။ ကိုယ့်ကို ခေါ်လိုက် တာက ကိုယ်က ဒုတိုင်းမှူး ကနေပြီးတော့ တပ်မမှူး၊ တိုင်းမှူးဖြစ်ဖို့ မျှော်မှန်းနေတဲ့ အချိန်မှာ ကြံ့ခိုင်ရေး အသင်းကြီး ဖွဲ့စည်းမယ်။ လူ ကောင်း သူကောင်းတွေကို ရှာဆိုပြီးတော့ သူ့လူတွေကို ပြောတဲ့အခါမှာ သူတို့ ရှာပြီးတော့ လုပ်လိုက်တာ။ ပြည်ထဲရေး ဒုဝန်ကြီးဆိုတာ အဲဒီတုန်းက ဟန်ပြပဲ။ တကယ်တမ်းကျတော့ ကြံ့ခိုင်ရေးမှာ တာဝန်ပေးချင်လို့ ကိုယ့်ကို ခေါ်လိုက်တာ ဆိုပြီးတော့ ကိုယ်အမြဲတမ်း သင်တန်းတွေမှာ ပြောပြခဲ့တာပဲ။ ဒါကြောင့်မို့လို့ ဒီကြံ့ခိုင်ရေး အသင်းကြီးဟာ နိုင်ငံအတွက်လည်း အရေးကြီးတယ်။ သားတို့သမီးတို့ အတွက်လည်း အရေးကြီး တယ်ဆိုပြီးတော့ အမြဲတမ်း ပြောခဲ့တာ ရှိတယ်။ အဲဒီအတိုင်းပါပဲ။ အဲဒီတုန်းက အဲလိုကို လက်ရွေးစင်တွေနဲ့ ဖွဲ့စည်းခဲ့တာ။
● အခုလက်ရှိ နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေး အခြေအနေကရော ဘယ်လိုရှိလဲ။
သူတို့လည်းပဲ လုပ်နေကြတာပဲ။ ကိုသိန်းစိန်ကလည်းပဲ ကိုယ်ထင်တာပေါ့။ အမြင်ကျယ်တယ်။ (Wide Vision) ပေါ့ Vision မှန်လို့ရှိရင်တော့ Decision မှန်တာပေါ့။ Decision မှန်တဲ့ အခါကျတော့ အောင်မြင်တာပေါ့။ ကိုယ်တို့က ကိုသိန်းစိန်ကိုလည်း ယုံကြည်တယ်။ ကိုရွှေမန်းကိုလည်း ယုံကြည်တယ်။ ကိုယ်တို့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်တော့ သူတို့ကို ယုံကြည်တယ်။ သူတို့ရဲု့ လုပ်ရည်ကိုင်ရည်၊ သူတို့ရဲ့ ကိုယ်ကျင့်တရားပေါ့။ သူတို့တွေဟာ တိုင်တိုင်ပင်ပင် လုပ်သင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ကိုရွှေမန်းရယ်၊ ဦးသိန်းစိန်ရယ်၊ နောက်ဦးစီးချုပ် ကိုမင်းအောင်လှိုင်ရယ်ပေါ့။ စိတ်ရှည်လက်ရှည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်တိုင်ပင်ပင်နဲ့ လုပ်တာဆိုရင်၊ (Negotiating Method)ကို သုံးသွားမယ်ဆိုရင် ကိုယ်တို့ နိုင်ငံဟာ အောင်ကို အောင်မြင် မှာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတာတွေဟာ ကောင်းတယ်။ တချို့ ပြောနေတာတွေက ဘယ်လိုမှန်းကို မသိဘူး။ ဥပမာ ခုံးကျော်တံတား လေးလနဲ့ ပြီးအောင် ဆောက်မယ်။ မဖြစ်နိုင်တဲ့ဟာ။ ဘာလို့ လျှောက်ပြော နေတာလဲ။ နောက်တစ်ခါ ကရင်နဲ့ ငြိမ်းချမ်းရေးဟာ ဘာခက်တာ မှတ်လို့တဲ့။ သူတို့တောင်းတာ ပေးလိုက်ရင် ပြီးရောတဲ့။ နှစ်ပေါင်းများစွာ လုပ်လာတဲ့ လူကြီးတွေ ညှိနှိုင်းခဲ့တာ အောင်မြင်ခဲ့ပြီလေ။ အများကြီး ဖြစ်ခဲ့ပြီးပြီ။ ဘာကြောင့် အဲဒီလို လွယ်လွယ်ကူကူ ပြောချင်ရတာလဲ။ သူတို့တွေ ပြောတာကို စဉ်းစားကြည့်လေ။ တပ်မတော်မှာ နှစ်ပေါင်း လေးငါးဆယ် လုပ်လာတယ်။ ပြည်ခိုင်ဖြိုး တစ်ပါတီ တည်းမှာ လုပ်လာတယ်။ ပြည်ခိုင်ဖြိုးပါတီကနေ မဲနိုင်တယ်။ ပြည်သူက မဲပေးတယ်။ ပြီးတော့ အစိုးရကို သူတို့ ဖွဲ့ကြတယ်။ လျှော့ကိုလျှော့ရမယ်။ တစ်ယောက်ယောက်က လျှော့ရမယ်။
● သဘောထား တင်းမာတဲ့လူတွေ ရှိနေသေးတာပေါ့။
ရှိနေသေးတယ်လို့ ထင်ရတာပေါ့လေ။ အဲဒီလူတွေက မြှောက်ပေးနေတာကို တို့လူတွေက မယုံဖို့လိုတယ်။ အဲတော့ ဂျာနယ်တွေက ရေးချကြစမ်းပါ။ သူတို့တွေက ဘာကြောင့် အဲဒီလို လုပ်နေကြမှန်း၊ ပြောနေကြမှန်းကို ကိုယ်နားမလည်နိုင်ဘူး ဖြစ်နေတယ်။
ဟူ၍ မောင်ရေစက်နှင့် တွေ့ဆုံမေးမြန်းခဲ့စဉ်က ဗိုလ်မှူးကြီးတင်လှိုင်က ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ မည်မျှပင် စတင် ဆောင်ရွက်စေခဲ့ကာမူ နိုင်ငံရေး အပြောင်းအလဲများ၌ ခံရစမြဲ ဓမ္မတာအရ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်သည် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အရေးယူပြီး မကြာခင် အနားပေးခြင်း ခံခဲ့ရကာ အရှိန်အဟုန် မြင့်တက်လျက်ရှိသော ရန်ကုန်တိုင်း ကြံ့ခိုင်ရေး လှုပ်ရှားမှုများအား ၎င်းကိုယ်တိုင် တာဝန်ယူထားရခြင်းမှလည်း လက်လွတ် စွန့်ခွာ ခဲ့ရကာ နောက်ပိုင်း တာဝန်ယူခဲ့သော ဗဟိုအလုပ်အမှုဆောင် တိုင်းတာဝန်ခံ လက်ထက် ဖြစ်ချင်တိုင်း ဖြစ်ခဲ့ရသော ရန်ကုန်တိုင်းအတွင်း ကြံ့ခိုင်ရေး လှုပ်ရှားမှုများသာ ပေါ်ပေါက် လာခဲ့ခြင်း အဖတ်တင်ကာ နောက်ဆုံး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ရန်ကုန်တိုင်း ဒေသကြီးအတွင်း နယ်မြေအားလုံး ရှုံးနိမ့်ခြင်း အဖြေ ထွက်ပေါ်ခဲ့ရသည်။
ဗိုလ်မှူးကြီးတင်လှိုင် ပြောကြားခဲ့သော ပြောကြားချက်များ၌ NLD ရုံးချုပ်ရှိရာ ဗဟန်းမြို့နယ်အတွင်း ရပ်ကွက် ကြံ့ခိုင်ရေး ရုံးတစ်ရုံးသို့ သွားရောက် စစ်ဆေးခဲ့ရာတွင် အသင်းဝင် အင်အားစာရင်းမရှိ၊ ဖွဲ့စည်းပုံမရှိ၊ မည်သည့် စာရင်းမျှ မရှိဘဲ ဖြစ်နေ၍ အနည်းဆုံး အမှုဆောင် စာရင်းလောက်တော့ ရှိသင့်ကြောင်း မှာကြားခဲ့ပြီး နောက် တစ်ခေါက် ပြန်လည် ရောက်ရှိ ချိန်တွင်လည်း မည်သည့်စာရင်းမျှမရှိဘဲ လူများသာ တွေ့ရှိ ခဲ့ကြောင်း ပြောကြားချက်မှာ အောက်ခြေ ကြံ့ခိုင်ရေးများ၏ အခြေအနေမှန် တချို့ကို ကြံ့ခိုင်ရေး ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးသမားကြီး ဗိုလ်မှူးကြီးတင်လှိုင်က ဖွင့်ဆိုခဲ့ခြင်းပင် ဖြစ်ပါသည်။
ဗိုလ်မှူးကြီးတင်လှိုင် ပြောကြားခဲ့သော သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေး ညီညွတ်မှု လိုအပ်ကြောင်းကို သဘောထားအမြင် ပေးခဲ့ ရာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေး လုပ်ငန်းကြီးကို တပ်မတော်အစိုးရနှင့် ကြံ့ခိုင်ရေး ဗဟိုအလုပ်အမှုဆောင်ဟောင်းကြီးက ကြိုတင် ပြောကြား ထားခဲ့သည်ဖြစ်၍ ယနေ့မြန်မာ့ နိုင်ငံရေးတွင် တပ်မတော် ခေါင်းဆောင်ဟောင်းများ၏ နိုင်ငံရေး အယူအဆ လုပ်ရပ်များအပေါ် သုံးသပ် ချိန်ဆဖွယ်ရာ များစွာရှိ ကြောင်း၊ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု အပေါ် NLD ၊ ဒေါ်အောင်ဆန်းစုကြည် တို့ထက် တပ်မတော် ထိပ်ပိုင်း ပုဂ္ဂိုလ်များ၏ နိုင်ငံရေး ကစားကွက်၊ ကြိုမြင် ကြိုပြင်ကွက်များက လွှမ်းမိုးလျက် ရှိကြောင်း သတိမပေါ့ကြရန် လိုအပ် လှပေသည်။
အများပြည်သူက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် လုံခြုံရေး ကင်းမဲ့သော အခြေအနေများနှင့် ငါးလောင်းပြိုင် လူသတ်မှုကဲ့သို့ အမှုမှန် မဖော်ထုတ်နိုင်သည့် အခြေအနေများ၊ လိုင်းကြေး ပေးရခြင်း စသော အော့နှလုံး နာစရာ ဖြစ်ရပ်များကို ကင်းစင် ပပျောက်ကာ ““ကူညီပါရစေ”” ပြည်သူ့ရဲများအဖြစ် မြင်တွေ့နိုင်မည့် အလားအလာ များအတွက် မြန်မာသံတော်ဆင့်မှ တွေ့ဆုံခဲ့သော အမေရိကန် သင်တန်းပြန် ရဲဦးစီးအရာရှိချုပ်နှင့် မှုခင်း တပ်ဖွဲ့မှူး(ငြိမ်း) ရဲမှူးချုပ်တင်ဝင်း ပြောကြား ချက်များတွင်လည်း -
● အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီးရော ရဲတွေအတွက် ဘာတွေ လုပ်ပေးတာမျိုးရှိလဲ။
ပြည်ထဲရေး ၀န်ကြီးကတော့ ရဲတပ်ဖွဲ့ကြီးကို ကောင်းအောင် ၀န်ကြီးဦးတင်လှိုင်တို့ ရဲချုပ် ဦးစိုးဝင်းတို့က တအားလုပ်သွားတာ။ ဦးတင်လှိုင် မတိုင်မီက ဗိုလ်ချုပ်ကြီးမြသင်း။ အခုတော့ ဆုံးသွားပါပြီ။ ဗိုလ်ချုပ်ကြီး မြသင်းလည်း လုပ်သွားတာပဲ ပြည်ထဲရေးဝန်ကြီးအနေနဲ့။ ဦးတင်လှိုင် လက်ထက်မှာပဲ ရဲတပ်ဖွဲ့တင် မဟုတ်ဘူး။ ဌာနကြီးလေးခုလုံး ကောင်းအောင် လုပ်သွားတာ။ တော်တော့်ကို လုပ်နိုင်တယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ကြီးက တိုးတက်ပါတယ်။ တော်တော်လေးကို တိုးတက်တယ်။ အဆင်အပြင်ကအစ၊ စိတ်ဓာတ်ရေးရာ ကအစ တော်တော်လေးကို တိုးတက်တယ်လို့ ပြောလို့ရပါတယ်။
● အခုလက်ရှိရဲတပ်ဖွဲ့ အနေအထားနဲ့ အဘလုပ်ခဲ့တုန်းက ရဲတပ်ဖွဲ့ အနေအထား ပြောင်းလဲမှုတွေရှိလား။
ပြောင်းလဲမှုက အများကြီးရှိတယ်။ ရှိတယ်ဆိုတာ အရင်လို လုံခြုံ ရေးကအစ တပ်မတော် နေရာတွေမှာ ရဲတပ်ဖွဲ့တွေက ယူနေရတယ်။ ရဲလုပ်ငန်းတွေဟာ နည်းနည်းတချို့ လုံခြုံရေးပိုင်းက များနေတော့ ရဲလုပ်ငန်း လေးတွေဆိုတာ ခုနခိုးဆိုးနှိုက်လေးတွေ။ တချို့လည်း ထောင်က လွတ်လာတဲ့သူတွေ ဘာတွေရှိတယ်။ သူတို့က ပြန်ပြီး လုပ်တာတွေ ဘာတွေရှိတယ်။ ဒါ လေးတွေ အသေးအဖွဲလေးတွေဟာ နည်းနည်းများလာတဲ့ အခါကျတော့ ကျွန်တော်တို့တွေက အလုပ်များတယ်။ တို့ရန်ကုန်တိုင်း တပ်ဖွဲ့မှူးတို့၊ ဒုတိုင်းတို့၊ ရဲဦးစီးချုပ်တို့ ဒီနေ့ကလေးတွေဟာ လူကြီးတွေပေါ့နော်။ အကုန်လုံး လေးငါးဆလောက် လုပ်ရတယ်။
● အင်အားလိုတာလား။
အင်အားလိုတာ မဟုတ်ဘူ။ အင်အား လိုတယ်ဆိုတာက လုံခြုံရေးဘက်က အများကြီး ယူနေရတယ်။ အခုအချိန်က စပ်ကူးမပ်ကူးကာလ လုံခြုံရေးပိုင်းက ဒါအရေးကြီးတဲ့ အချိန်ဖြစ်တယ်။ ကိုယ့်အမြင်ပေါ့လေ။ ရဲလုပ်ငန်းကလည်း နည်းနည်းလေး အားနည်း သွားတယ်လို့ မဆိုနိုင်သလို ဒီဘက်ပိုင်းမှာ ပိုပြီးတော့ လုံခြုံရေးပိုင်းက ဦးစားပေး လုပ်နေရတယ်။
ဒီထဲမှာရှိတဲ့ တာဝန်ရှိတဲ့ လူကြီးပိုင်းတွေပေါ့။ လူကြီးပိုင်းတွေမှာ ပြီးခဲ့တဲ့ စပ်ကူးမပ်ကူးတုန်းက ကြားလိုက်တယ် လေ။ တိုင်းမင်းကြီး တစ်ယောက်ကနေပြီးတော့ KTV တွေမှာ စားသောက်ဆိုင်တွေမှာ ပုံမှန်ငွေကြေးအရ ဆိုပြီးတော့မှ လုပ်တဲ့အတွက်ကြောင့် အရေးယူ လိုက်ရတာမျိုး၊ အဲလိုဖြစ်စဉ်မျိုးကျတော့ အဘဘယ်လို သုံးသပ်လဲ။
ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သူလုပ်တယ် ဆိုတာကလည်း ရဲတပ်ဖွဲ့တွေ သက်သာ ချောင်ချိရေးအတွက် ဆိုင်တွေ မရှိလို့ပေါ့နော်။ ဆိုင်တွေက ဖျက်လိုက်ရတာကိုး။ ဆိုင်တွေက လုံခြုံရေးအရ ဖျက်လိုက်တော့ ဆိုင်တွေ မရှိတော့ဘူး။ ဒါပေမဲ့ KTV တို့မှာ သူများတွေက ပြောတာ ဆိုတာမျိုးလည်း ဖြစ်နိုင် တာပေါ့။ သူ့အတွက် မလုပ်ဘူး။ သက်သာ ချောင်ချိရေးအတွက် လုပ်တယ်။ အခုနကလို ဖြစ်သွားတာတော့ ကိုယ်တို့လည်း ဒါသိပ်မသိပါဘူး။ တိုင်းတပ်ဖွဲ့မှူး ဘာညာဆိုရင် ကြားတော့ ကြားလိုက်တာ ပေါ့နော်။ ဒါပေမဲ့ အတိအကျတော့ မသိပါဘူး။
အဲဒါကျတော့ အဘတို့ ရှိတုန်းကနဲ့ စာရင်လေ အများကြီး ကွာသွားတယ်ဆိုတာ ရဲတပ်ဖွဲ့မှာ တာဝန်ရှိတဲ့ လူကြီးပိုင်း တွေကနေပြီးတော့မှ စီးပွားရေးအရပေါ့လေ။ စီးပွားရေးအရကိုပဲ ကြည့်တဲ့လူ တချို့ကြောင့် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တာမျိုး ရှိတာပေါ့။
ဒါတွေကို တချို့လည်း အရေးယူပါတယ်။ တချို့လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ပင်စင် မပြည့်ခင်မှာ ပင်စင် ပေးလိုက်တာပေါ့နော်။ တိုင်စာတက်လို့ရှိရင် စစ်ဆေးရေး ပေါ်ပေါက်တဲ့ အခါကျတော့ တိုင်စာတက်တာပေါ့။ တချို့ကျတော့လည်း ခုနလိုပဲ သူတို့ကတကယ် ရဲတပ်ဖွဲ့တွေ သက်သာ ချောင်ချိရေးအတွက် ပွင့်ပွင့်လင်းလင်း ပြောရရင်ကွာ ရဲတပ်ဖွဲ့က ကိုယ်ဆိုရင် ယာဉ်ထိန်းရဲတွေဆိုရင် ကိုယ်က ပိုက်ဆံပေးချင်တယ်။ ဒီကောင်လေးတွေက နေပူ မိုးရွာမရှောင် လုပ်နေတာ။ မိုးကာမရှိ၊ ဘာမရှိနဲ့၊ ဖိနပ်စီးဖို့ဆိုလည်း သူတို့ညစ်ညစ် ပတ်ပတ် နေလို့မရ၊ အင်္ကျီဆိုလည်း ညစ်ညစ်ပတ်ပတ် နေလို့မရ။ သဘောပြောတာပါ။ ကိုယ်က ရန်ကုန်တိုင်းရုံး သွားရင်တောင်မှ တပည့်တွေတွေ့ရင် ဟေ့ကောင်တွေ လက်ဖက်ရည် သောက်ကြ ဆိုပြီးတော့မှ ရှိတာလေး ထုတ်ပေးတာ။ လေးငါးဆယ် ယောက်လောက် စုသောက်ကြဆိုပြီးတော့။ ဒီလို သဘောလေးတွေပေါ့။ ကိုယ်ကလည်း ရဲမှာ ဆယ့်ခြောက်နှစ်လောက် နေခဲ့တော့လေ။ ရန်ကုန်တိုင်းမှာပဲ နေတာများ တာလေ။ ဒုတိုင်းတို့၊ တပ်ရင်းမှူးတို့ ခရိုင်မှူးတို့ တိုင်းမှူးတို့ဆိုတော့။
● ဒီရဲတပ်ရင်းတွေကျတော့ အဓိက ဘာတာဝန် ထမ်းဆောင်ရလဲ ခင်ဗျ။
လုံခြုံရေးပေါ့။ အဓိကက လုံခြုံရေးပဲ။ တရားဥပဒေ စိုးမိုးရေးမှာကျတော့ နယ်မြေရဲက။ ရဲတပ်ရင်းတွေကတော့ အဓိက လုံခြုံ ရေး လမ်းကြောင်းတွေပေါ့။ လူကြီးလမ်းကြောင်း လုံခြုံရေးပေါ့။ နိုင်ငံတကာ ဧည့်သည် လုံခြုံရေးပေါ့။ နောက်ပြီးတော့ တိုးရစ်တွေရဲ့လုံခြုံရေး။ လုံခြုံရေးတွေကလည်း တော်တော်များတယ်။
အခု ရဲတပ်ရင်းတွေ ဘာတွေလည်း တိုးချဲ့နေတာတွေ ရှိပါတယ်။ နယ်မြေရဲက လည်းပါရတယ်။ နယ်မြေရဲ ကလည်း နယ်ခံဆိုတော့ မပါလို့မရဘူး။ နယ်မြေရဲကလည်း အကြောင်းသိထားတော့ နည်းနည်းပါးပါး ပါရ တာပေါ့။
ဟူ၍ပင် အငြိမ်းစားရဲမှူးချုပ် ဦးတင်ဝင်း ပြောကြားချက်များ ကလည်း နှစ်ငါးဆယ်ပြည့် ရွှေရတု ရဲတပ်ဖွဲ့နေ့ အတွက် စကားလက်ဆောင်၊ စာလက်ဆောင်အဖြစ် ပါးရမည် ဖြစ်ပေသည်။
ယခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တိုင်းရဲမှူးမှ အဆင့်တက်သူ မရှိနိုင်သောခေတ်၌ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတာဝန်မှ ရဲမှူးချုပ်တာဝန် တိုးမြှင့်၍ ရဲဦးစီးအရာရှိချုပ် ဖြစ်ခဲ့သော ဦးတင်ဝင်းသည် အငြိမ်းစား ယူပြီးနောက်တွင် လှူရေးတန်းရေး ဘာသာရေးများဖြင့် အေးချမ်းလျက် ဘ၀ နောက်ဆုံးချိန်များကို သောက ကင်းစွာ ကျော်ဖြတ်နေရသည်ကို တွေ့မြင်ရသည့်နည်းတူ အငြိမ်းစားယူပြီးသော ရဲတပ်ဖွဲ့ အကြီးအကဲအချို့ (သတင်းတပ်ဖွဲ့ရဲ) ငွေကြေး အလိမ်ခံရခြင်း၊ ဆိုက်ကားအုံနာ ထောင်၍ နေ့စဉ်ကြေးများ စုဆောင်းခြင်း၊ အမှုပွဲစားများဘ၀ ရောက်ကြသော ရဲမှူးဟောင်းများ၊ ပတ်စ်ပို့ နိုင်ငံကူး လက်မှတ်ပွဲစားများဘ၀ ရုန်းကန် နေကြရသော သတင်းတပ်ဖွဲ့ ရဲမှူးဟောင်းများ အချို့တို့သည် လောကဓမ္မတရားအရ ဖြစ်မြဲဓမ္မတာ ဟူ၍ပင် မှတ်ယူမိတော့သည်။
မကြာမီက မြန်မာသံတော်ဆင့်နှင့် မီဒီယာအချို့ကို (အစိုးရနှင့် နီးစပ်သော သတင်းစာဂျာနယ်များမပါ) မြန်မာနိုင်ငံ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူ စစ်ဆေးမေးမြန်းခြင်း၊ ဂျာနယ်တိုက်များသို့ လာရောက်၍ စစ်ဆေး ကြည့်ရှုခြင်း၊ အောင်သပြေ ရဲရိပ်သာတွင် မြန်မာသံတော်ဆင့် ပိုင်ရှင်ကို စစ်ဆေးမေးမြန်းခြင်း၊ မြန်မာ သံတော်ဆင့် တာဝန်ရှိသူ အချို့အား နေအိမ်များအထိ လိုက်လံစုံစမ်းခြင်း၊ အယ်ဒီတာချုပ်နှင့် အယ်ဒီတာ အဖွဲ့ဝင်များ ခရီးသွားလာခြင်းများအား စုံစမ်းထောက်လှမ်းခြင်း၊ မြန်မာ သံတော်ဆင့်မှ သံဃာတော်အပါး ၆၀၀ ကျော် ၂ ကြိမ် ဆွမ်းလောင်းလှူခြင်းနှင့် လမ်းခင်း လှူဒါန်းခြင်းတို့အား လိုက်လံ စုံစမ်းခြင်းစသော ရဲနှင့် မီဒီယာ လုပ်ငန်းများသည်လည်း ရွှေရတုရဲတပ်ဖွဲ့နေ့ ကာလ ထူးခြားသော လှုပ်ရှားမှုများအဖြစ် မှတ်တမ်းတင်ရမည် ဖြစ်ပေသည်။ တပ်မတော် အစိုးရ လက်ထက်မှသည် သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်အထိ ကြံ့ခိုင်ရေးရုံးများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နေရာယူ၍ လုံခြုံရေး ပေးခဲ့သည့် နည်းတူတစ်ချိန်က ကြံ့ခိုင်ရေး အသင်းတာဝန်ရှိသူ အချို့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ NLD ရုံးများအနီး အရပ်ဝတ်ဖြင့် နေရာယူ စောင့်ကြည့် ခဲ့ကြရပုံများကိုလည်း နှိုင်းယှဉ်လေ့လာ စဉ်းစားနေမိပါသည်။ ရှင်းလင်းသော အဖြေလည်း ရရှိနိုင် ပါသည်။
ယခုနှစ်တွင် ထူးထူးခြားခြား ကျရောက်သည့် နှစ်ငါးဆယ်ပြည့် ရွှေရတု ရဲတပ်ဖွဲ့ နေ့မှသည် အာဏာရ ပုဂ္ဂိုလ်များနှင့် ပါတီကြီးများမှ ခုတုံးလုပ်စည်းရုံးရေး အသုံးချခံဘ၀ မဖြစ်သော ပြစ်မျိုးကင်းစင် မှဲ့မထင်သည့် ရဲသားများဖြင့် ဖွဲ့စည်းအပ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးအဖြစ် သာ မြင်ချင်လှပါတော့ သည်။ မြန်မာနိုင်ငံသူ နိုင်ငံ သားများ လုံခြုံအေးချမ်းစွာဖြင့် နေထိုင်နိုင်ကြ ပါစေ။ သို့သော်လည်း . . .
မောင်ရေစက်
  မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

 

 

 

  

 


No comments:

Post a Comment